တန်းခိုးဆရာထွန်း စာပေဆုပြိုင်ပွဲကို ပြည်မဘက်မှလည်း ယှဉ်ပြိုင်လာ

ရခိုင်တို့၏ အမျိုးသားစာပေ၊ ယဉ်ကျေးမှုတို့ ဂုဏ်သိက္ခာရှိစေရေးအတွက် တစ်ဖက်တစ်လမ်းမှ မြှင့်တင်ပေးရန် ရည်ရွယ်ချက်ဖြင့်ပြုလုပ်နေသည့် တန်းခိုးဆရာထွန်း စာပေဆုပြိုင်ပွဲတွင် ရခိုင်ပြည်နယ်ထဲမှ စာရေးဆရာများ သာမက ပြည်မဘက်မှစာရေးဆရာတို့လည်း ပါဝင်ယှဉ်ပြိုင်လာကြသည်။

10 Apr 2022

DMG ၊ ဧပြီ ၁၀

ရခိုင်တို့၏ အမျိုးသားစာပေ၊ ယဉ်ကျေးမှုတို့ ဂုဏ်သိက္ခာရှိစေရေးအတွက် တစ်ဖက်တစ်လမ်းမှ မြှင့်တင်ပေးရန် ရည်ရွယ်ချက်ဖြင့်ပြုလုပ်နေသည့် တန်းခိုးဆရာထွန်း စာပေဆုပြိုင်ပွဲတွင် ရခိုင်ပြည်နယ်ထဲမှ စာရေးဆရာများ သာမက ပြည်မဘက်မှစာရေးဆရာတို့လည်း ပါဝင်ယှဉ်ပြိုင်လာကြသည်။

“တန်းခိုးဆရာထွန်းစာပေဆုဟာ ရခိုင်ပြည်နယ်အတွင်းတောင်မကတော့ဘူး မြန်မာနိုင်ငံ တစ်ခြားဒေသကလူတွေ ပါဝင်ရောက်ယှဉ်ပြိုင် ဆုရရှိလာတဲ့အတွက် ဒီဆုဟာ ရခိုင်ပြည်နယ်ကိုကျော်လွန်ပြီးတော့ မြန်မာနိုင်ငံအနှံ့ အလျှောက်ကိုပါ ထိုးဖောက်ဝင်ရောက်သွားပြီးတော့ ရခိုင်ပြည်သား ရခိုင်လူမျိုးတို့အတွက် အင်မတန် ဂုဏ်ယူဖွယ်ကောင်းတဲ့ ပွဲတစ်ပွဲဖြစ်တဲ့အတွက် ရခိုင်တစ်ပြည်နယ်လုံးကလည်း ဒီဆုဟာ ရခိုင်ပြည်နယ်ထဲမှာ အမြင့်ဆုံးစာပေဆုတစ်ခုအနေနဲ့ ဂုဏ်ယူစွာနဲ့ သတ်မှတ်ထားကြပါတယ်”ဟု တန်းခိုးဆရာထွန်း စာပေဆုရွေးချယ် ချီးမြှောက်ရေးကော်မတီ အထွေထွေအတွင်းရေးမှူး စာရေးဆရာ လွမ်းပြေအောင်(စစ်တွေ)က ပြောသည်။

ယခုနှစ် (၈)ကြိမ်မြောက် တန်းခိုးဆရာထွန်း စာပေဆုချီးမြှင့်ပွဲကို ၎င်း၏ဇာတိကျေးရွာဖြစ်သော ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် တန်းခိုးကျေးရွာ၌ ဧပြီလ ၉ ရက်နေ့ကကျင်းပခဲ့ပြီး အဆိုပါဆုချီးမြှင့်ပွဲတွင် တစ်သက်တာ စာပေဆု၊ ဂီတစာဆိုဆု၊ ကဗျာဆု၊ ဝတ္ထုဆု၊ ဆောင်းပါးဆု၊ ကလေးကဗျာဆုနှင့် ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ယခုနှစ် တန်းခိုးဆရာထွန်းစာပေဆုချီးမြှင့်ပွဲတွင် တစ်သက်တာစာပေဆုကို စာရေးဆရာ ဖိုးကျော့၊ ဂီတစာဆိုဆုကို တေးရေးဆရာ ကိုထွန်းလှိုင်၊ ကဗျာဆုကို မောင်ကြီး(ဖွံ့ဖြိုးရေးသိပ္ပံ)၊ ဝတ္တုဆုကို စာရေးဆရာမ မေလှိုင်းဖြူ၊ ဆောင်းပါးဆုကို  ဇော်လွင်ဦး(ဟင်္သာတ)၊ ကလေးကဗျာဆုကို ဆရာ ဈာန်ဟိန်း(မြောင်းဘွေ)တို့က ရရှိခဲ့ကြသည်။

ဆောင်းပါးဆုရရှိခဲ့သူ ဧရာဝတီတိုင်းမှ စာရေးဆရာ ဇော်လွင်ဦး(ဟင်္သတ)က စာပေကိုမြတ်နိုးသည့်အတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ယခုလိုအဝေးမှလာပြီး တန်းခိုးဆရာထွန်းစာပေဆု ချီးမြှင့်ခံရသည့်အတွက် များစွာဂုဏ်ယူမိကြောင်းပြောသည်။

“စာပေဆုနဲ့ပတ်သက်လို့ အရမ်းရင်ခုန်ပြီးတမ်းတလွန်းလို့ ဒီဆုကိုရအောင်ကြိုးစားခဲ့တာပါ။ တစ်ကယ်တော့ နေရာအဝေးကြီး ကုန်ကျစရိတ်တွေအများကြီးနဲ့ ဒီဆုကိုရတယ်ဆိုတဲ့တန်ဖိုးကို အရမ်းမြတ်နိုးလွန်းလို့ ရအောင်လည်း ကျနော်ကြိုးစားရေးခဲ့ပါတယ်။ ဒီလိုဆုရတဲ့အပေါ်မှာလည်း ဖော်မပြနိုင်အောင်ဝမ်းသာပါတယ်”ဟု ပြောသည်။

ဆုရရှိခဲ့သည့်ဆောင်းပါးမှာ ပြီးခဲ့သည့် ၈ နှစ်ခန့်က စာရေးသူကိုယ်တိုင် ရခိုင်ပြည်နယ်တလွှားကို ဆိုင်ကယ်စီး၍အလည်အပတ်သွားခဲ့သည့်အကြောင်းအရာတို့ကို စုစည်းကာ “ရခိုင်ပြည်နယ်တစ်လွှား ခရီးသွား ဒိုင်ယာရီ”ဆိုသည့်အမည်ဖြင့် ဗဟုသုတအကြောင်းအရာတို့ကို ရေးသားထားသည့် ဆောင်းပါး ဖြစ်ကြောင်းလည်း ဇော်လွင်ဦး(ဟင်္သတ)က ရှင်းပြသည်။

အလားတူ တန်းခိုးဆရာထွန်းဝတ္ထုဆုကိုရရှိခဲ့သည့် စာရေးဆရာမ မေလှိုင်းဖြူကလည်း ၎င်းအနေဖြင့် ပြိုင်ပွဲဝင်ရန်အတွက် ဝတ္ထုများကို ပင်ပင်ပန်းပန်းကြိုးစားရေးခဲ့ရကြောင်း ပြောသည်။ ၎င်းမှာ တန်းခိုးဆရာထွန်းစာပေဆုချီးမြှင့်ပွဲတွင် ဝတ္ထုဆုကို သုံးနှစ်ထပ်ဆင့်ရရှိခဲ့သူလည်းဖြစ်သည်။

“သုံးနှစ်ဆက်တိုက်ရတော့ အရမ်းဝမ်းသာပါတယ်။ ဆရာတို့လည်း စင်ပေါ်မှာပြောသွားတယ်လေ။ ဘယ်နှစ်နှစ်ဖြစ်ဖြစ် အကန့်သတ်မရှိဘူး။ တော်လို့ရှိရင် တော်သလို နှစ်စဉ်ဆုယူလို့ရတယ်။ တော်တဲ့သူကို ဘယ်နှစ်ကြိမ်မြောက်ဖြစ်ဖြစ် အကန့်အသတ်မရှိ ဆုပေးမယ်။ အဲလိုသိလိုက်ရတော့ နောက်နှစ်မှာလည်း ပြိုင်ဖို့အားရှိသွားတယ်”ဟု စာရေးဆရာမ မေလှိုင်းဖြူကပြောသည်။

တန်းခိုးဆရာထွန်းစာပေဆုသည် ရခိုင်ပြည်နယ်တွင်း ပေးအပ်သည့် တစ်ခုတည်းသောစာပေဆု အမျိုးအစားဖြစ်ပြီး ဆုချီးမြှင့်ပွဲကို တန်းခိုးကျေးရွာတွင် ၂၀၁၁ ခုနှစ်မှ စတင်ကျင်းပလာခဲ့ကာ ယခု ၂၀၂၂ ခုနှစ်တွင် (၈)ကြိမ်မြောက်ရှိခဲ့ပြီလည်း ဖြစ်သည်။

ဗီဒီယိုများ