ရန်ကုန်တွင်ဖမ်းဆီးခံထားရသည့် ရခိုင်လူငယ်များကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲတင်

ဖမ်းဆီးခံထားရသည့် ရခိုင်လူငယ်များထဲမှ ကိုအောင်မြတ်ကျော်၊ ကိုထွန်းအေး၊ ကိုဟိန်းဇော်၊ ကိုရဲကျော်ထက်၊ မမေကြီး၊ ကိုတင်လှိုင်ဦး၊ ကိုရွှေလှိုင်သန်းနှင့် ကိုမြတ်လေးတို့ကို ရာဇဝတ်ကြီးအမှုအမှတ် ၇၈/၂၀၁၉ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည)၊ ၅၂(က)ဖြင့် တရားစွဲတင်ခဲ့ခြင်းဖြစ်သည်။

09 Aug 2019

ခိုင်မင်းညို| DMG

သြဂုတ် ၉ ၊ ရန်ကုန်

ရန်ကုန်မြို့တွင် ဖမ်းဆီးခံထားရသည့် ရခိုင်လူငယ်များကို ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်နိုင်သည့် အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မဖြင့် ယနေ့ သြဂုတ်လ ၉ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင်တရားရုံး၌ တရားစွဲတင်ခဲ့သည်။

ဖမ်းဆီးခံထားရသည့် ရခိုင်လူငယ်များထဲမှ ကိုအောင်မြတ်ကျော်၊ ကိုထွန်းအေး၊ ကိုဟိန်းဇော်၊ ကိုရဲကျော်ထက်၊ မမေကြီး၊ ကိုတင်လှိုင်ဦး၊ ကိုရွှေလှိုင်သန်းနှင့် ကိုမြတ်လေးတို့ကို ရာဇဝတ်ကြီးအမှုအမှတ် ၇၈/၂၀၁၉ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည)၊ ၅၂(က)ဖြင့် တရားစွဲတင်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ရာဇဝတ်အထွေထွေအမှုအမှတ် ၅၇/၂၀၁၉ အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)ဖြင့် အမှုဖွင့်ခံထားရသည့် ကိုသန်းထွန်းနိုင်နှင့် မောင်စိုးမြင့်တို့နှစ်ဦးကို ဖမ်းဝရမ်းထုတ်လိုက်ပြီး အကြမ်းဖက် တိုက်ဖက်ရေးဥပဒေပုဒ်မ ၅၀(ည)နဲ့ သီးခြားအမှုဖွင့်ခံထားရသည့် ကိုအောင်မျိုးဝင်းကို သြဂုတ်လ ၂၃ ရက် နေ့အထိ ချုပ်ရမန်ရယူခဲ့သည်။

ထိုသို့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မများဖြင့် တရားစွဲဆိုခံထားရသည့် ရခိုင်လူငယ်များ၏ ယနေ့ ရုံးထုတ်တွင် မိသားစုဝင်များနှင့် တွေ့ဆုံခွင့်ရရှိခဲ့ကြသည်။

အဆိုပါ ရခိုင်လူငယ်များကို ရက္ခိုင့်တပ်တော်(AA) နဲ့ ပတ်သက်ဆက်နွယ်မှု၊ ငွေကြေးထောက်ပံ့မှုများ ရှိသည် ဆိုသည့် စွပ်စွဲချက်များဖြင့် ရန်ကုန်တိုင်းသတင်းတပ်ဖွဲ့မှ ရဲမှူးတင်ရွှေက တရားလိုပြုလုပ်ပြီး တရားစွဲဆို ထားခြင်းဖြစ်သည်။

လက်ရှိ အင်းစိန်အကျဉ်းထောင်တွင် ချုပ်နှောင်ခံထားရသည့် ရခိုင်လူငယ် ၉ ဦးကို လာမည့် သြဂုတ်လ ၂၃ ရက်နေ့တွင် ပြန်လည်ရုံးချိန်းလိုက်ပြီး ဖမ်းမမိသေးသူနှစ်ဦး၏အမှုတွင် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၅၁၂ အရ တရားခံ၏မျက်ကွယ်တွင် တရားလိုဘက်မှတင်ပြသည့် သက်သေများအား စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးတရားစွဲဆိုခံထားရသည့် ရခိုင်အသင်း(စင်္ကာပူ)မှ ခေါင်းဆောင်များဖြစ်ကြသည့် ကိုအောင်မြတ်ကျော်၊ ကိုတင်လှိုင်၊ မမေကြီး အပါအဝင် ၆ ဦးတို့ကို စင်္ကာပူအာဏာပိုင်များမှ ဖမ်းဆီးစစ်ဆေးကာပြင်နှင်ဒဏ်ပေးခဲ့ပြီး ၎င်းတို့ရန်ကုန်သို့ ရောက်ရှိလာစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

ရခိုင်အသင်း(စင်္ကာပူ)သည် လူမှုရေးအသင်းတစ်ခုဖြစ်ပြီး ရခိုင်ပြည်နယ်၌ သဘာဝဘေးဒဏ်ကျရောက်မှုများ၊ စစ်ဘေးဒဏ်ခံရသည့်ပြည်သူများကို ကူညီထောက်ပံ့ပေးနေကြောင်း ရခိုင်အသင်း(စင်္ကာပူ)မှ ခေါင်းဆောင်များကပြောဆိုသည်။

 

ဗီဒီယိုများ