တောင်ကုတ်မြို့နယ်မှ အမျိုးသားတစ်ဦးကို AA မှ ဖမ်းဆီးသွားကြောင်း တပ်မတော်ထုတ်ပြန်

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ ဘူးရွှေမော်ကျေးရွာမှ အမျိုးသားတစ်ဦးကို မေလ (၅)နေ့ နံနက် (၁)နာရီ အချိန်ခန့်တွင် AA မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ မေလ ၅ ရက် နေ့တွင် ထုတ်ပြန်ခဲ့သည်။

By အောင်ထိန် 06 May 2020

အောင်ထိန် | DMG
မေ ၆ ၊ တောင်ကုတ်

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ ဘူးရွှေမော်ကျေးရွာမှ အမျိုးသားတစ်ဦးကို မေလ (၅)နေ့ နံနက် (၁)နာရီ အချိန်ခန့်တွင် AA မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ မေလ ၅ ရက် နေ့တွင် ထုတ်ပြန်ခဲ့သည်။

ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသူမှာ အသက် (၅၂)နှစ်အရွယ် ဦးသန်းရွှေဆိုသူဖြစ်ပြီး ၎င်းမှာ ဇနီးဖြစ်သူနှင့်အတူ မိမိနေအိမ်တွင် အိပ်နေစဉ် ဓားများကိုင်ဆောင်ထားသည့် AA အဖွဲ့ဝင်များက နေအိမ်ခြံစည်းရိုးတံခါးအား ဖျက်ဆီးဝင်ရောက်ကာ ကျေးရွာအနောက်ဘက် လမုချောင်းသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ထုတ်ပြန် ချက်တွင်ပါရှိသည်။

လက်ရှိမှာ ဦးသန်းရွှေ၏သတင်းအား တစ်စုံတစ်ရာ မရရှိသေးသဖြင့် စိုးရိမ်နေရကြောင်း မိသားစုဝင်များက ပြောသည်။

“ဖမ်းဆီးခံရတာ ဟုတ်တယ်။ အခုစခန်းမှူးနဲ့ အဲဒီအိမ်ကိုရောက်နေတယ်။ မိသားစုဝင်တွေနဲ့ အဲဒီကိစ္စကို မေးမြန်းနေကြတယ်” ဟု ဖမ်းဆီးခံရသူ၏ ညီဖြစ်သူ ဦးမောင်သန်းကဆိုသည်။

ဦးသန်းရွှေ၏နေအိမ်ကို ည ၁၀ နာရီခန့်အချိန်တွင် အရပ်ဝတ် ဝတ်ဆင်ထားသည့် အမည်မသိလူ ၅ ဦး ဝင်ရောက်ကာ ဦးသန်းရွှေအားခေါ်ဆောင်သွားသည်ဟု သိရကြောင်း အမည်မဖော်လိုသည့် ဘူးရွှေမော် ကျေးရွာသားတစ်ဦးက ပြောသည်။

“သူကမိသားစုတွေနဲ့ TV ကြည့်ပြီးလို့ အိပ်ဖို့ပြင်နေကြတဲ့အချိန်ပေါ့။ အဲမှာ ဘယ်ကလာမှန်းမသိတဲ့ အရပ်သား ဝတ်တဲ့ပုံစံဝတ်ထားတဲ့ လူငါးယောက်လာပြီး ဖမ်းဆီးသွားတယ်လို့ သိရတယ်။ ကြိုးတွေဘာတွေချည်ပြီးလည်း မဟုတ်ဘူး။ ဒီအတိုင်းဘဲ ခေါ်သွားတာလို့သိရတယ်” ဟု ၎င်းကဆိုသည်။

ယခုကဲ့သို့ ဖမ်းဆီးခံရသည့် ဦးသန်းရွှေသည် ကျေးရွာ(COVID-19) ရောဂါ ကာကွယ်စောင့်ရှောက်ရေးကော်မတီ၌ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသူဖြစ်ကြောင်း တပ်မတော်ထုတ်ပြန်ချက်အရ သိရသည်။

ရခိုင်ပြည်နယ်အတွင်းက မြို့နယ်အချို့တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုများ ရှိသော်လည်း တောင်ကုတ်မြို့နယ်အတွင်းတွင် တိုက်ပွဲဖြစ်ပွားမှုများမရှိဘဲ မိုင်းပေါက်ကွဲမှုဖြစ်စဉ် တစ်ကြိမ်သာရှိ ခဲ့ဖူးသည်။

လက်ရှိမှာ တောင်ကုတ်ဒေသခံတစ်ဦး ဖမ်းဆီးခံရမှုနှင့်ပတ်သက်ပြီး နောက်ထပ်တစ်စုံတစ်ရာ ဖြစ်ပွားလာမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။

ရက္ခိုင့်တပ်တော်(AA)ကို ဆက်သွယ်သတင်းရေးသားသည့် မီဒီယာများကို မတရားအသင်းဆက်သွယ်မှု၊ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေတို့ဖြင့် တရားစွဲဆိုမှုများရှိနေသဖြင့် တောင်ကုတ်ဒေသခံတစ်ဦးကို AA က ဖမ်းဆီးသွားသည်ဆိုသည့် စွပ်စွဲချက်နှင့်ပတ်သက်ပြီး AA ကို ဆက်သွယ်ရန် ဥပဒေအရ အခက်အခဲရှိသည့်အတွက် DMG အနေဖြင့် ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိခဲ့ပါ။

ဗီဒီယိုများ