စစ်တပ်ကဖမ်းဆီးထားသည့် ကိုတင်ထွန်းအောင်ကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့သို့ ရုံးပြန်ချိန်း

စစ်တပ်ကဖမ်းဆီးပြီး နိုင်ငံတော်အကြည်အညိုပျက်စေမှုပုဒ်မ- ၅၀၅(က)ဖြင့် တရားစွဲဆိုခံထားရသည့် ပလက်ဝဒေသခံ ကိုတင်ထွန်းအောင်ကို ယမန်နေ့ကရုံးထုတ်ခဲ့သော်လည်း တစ်စုံတစ်ရာစစ်ဆေးမှုမရှိခဲ့ဘဲ လာမည့်ဖေဖော်ဝါရီလ ၁၀ ရက်နေ့သို့ ပြန်လည်ရုံးချိန်းလိုက်ကြောင်း မိသားစုထံမှသိရသည်။

28 Jan 2022

DMG ၊ ဇန်နဝါရီလ ၂၈

စစ်တပ်ကဖမ်းဆီးပြီး နိုင်ငံတော်အကြည်အညိုပျက်စေမှုပုဒ်မ- ၅၀၅(က)ဖြင့် တရားစွဲဆိုခံထားရသည့် ပလက်ဝဒေသခံ ကိုတင်ထွန်းအောင်ကို ယမန်နေ့ကရုံးထုတ်ခဲ့သော်လည်း တစ်စုံတစ်ရာစစ်ဆေးမှုမရှိခဲ့ဘဲ လာမည့်ဖေဖော်ဝါရီလ ၁၀ ရက်နေ့သို့ ပြန်လည်ရုံးချိန်းလိုက်ကြောင်း မိသားစုထံမှသိရသည်။

ပလက်ဝမြို့မှ ကိုတင်ထွန်းအောင်ကို စစ်တပ်စခန်းတွင် အလံဖြူထောင်ထားသည်ဟု Western News သတင်းဌာနကို အင်တာဗျူးဖြေဆိုခဲ့မှုကြောင့် ပြီးခဲ့သည့် ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ကိုတင်ထွန်းအောင်ကို ဖမ်းဆီးတရားစွဲဆိုထားခြင်းဖြစ်သည်။

ယမန်နေ့ရုံးချိန်းတွင် ပလက်ဝမြို့နယ်တရားရုံး၌ တစ်စုံတစ်ရာ စစ်ဆေးမည်ဟုယူဆ၍သွားရောက်ခဲ့သော်လည်း ထူးခြားမှုမရှိခဲ့ဟု မိသားစုဝင်တစ်ဦးက DMG သို့ပြောသည်။

“တရားခွင်ထဲကိုခြေလှမ်းတာတောင် ၃ လှမ်းလောက်ပဲရှိလိမ့်မယ်။ ၁၀ ရက်နေ့ရုံးချိန်းလို့ (တရားသူကြီးက) တိုက်ရိုက်ပြော လိုက်တယ်။ ဘာမှစစ်‌ဆေးမှုမရှိဘူး”ဟု ၎င်းကဆိုသည်။

ကိုတင်ထွန်းအောင်ကို ပလက်ဝတွင်ဖမ်းဆီးပြီးနောက် ဇန်နဝါရီလ ၁၂ ရက်နေ့တွင် စစ်တွေမြို့ရှိ စစ်တပ်စခန်းတစ်ခုတွင် စစ်ဆေးကာ ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ပလက်ဝမြို့သို့ပြန်လည်ပို့ဆောင်ပြီး ရုံးထုတ်စစ်ဆေးခြင်းဖြစ်သည်။

ယမန်နေ့ရုံးချိန်းတွင် ကိုတင်ထွန်းအောင်နှင့် ၅ မိနစ်ခန့်တွေ့ခွင့်ရရှိခဲ့ပြီး ၎င်း၏ကျန်းမာရေးအခြေအနေများကိုမေးမြန်းခဲ့ကာ အားပေးစကားများသာပြောခွင့်ရရှိခဲ့သည်ဟု ၎င်း၏အစ်ကို ဦးမင်းအောင်က ပြောသည်။

ကနဦးတွင် စစ်တပ်စခန်း၌ အလံဖြူထောင်ထားသည်ဟု Western News သတင်းဌာနကို ကိုတင်ထွန်းအောင်နှင့် တခြားအမျိုးသားတစ်ဦးတို့က အင်တာဗျူးဖြေဆိုခဲ့သဖြင့် နှစ်ဦးစလုံးကို စစ်တပ်ကဖမ်းဆီးခဲ့သည်။ သို့သော် တခြားအမျိုးသားတစ်ဦးကိုမူ ပြန်လည်လွှတ်ပေးခဲ့သည်။

အလားတူ ပလက်ဝစစ်တပ်စခန်းတွင် အလံဖြူထောင်သည့် သတင်းကိုရေးသားမှုကြောင့် Western News သတင်းဌာနမှ အယ်ဒီတာချုပ်နှင့် သတင်းထောက်တစ်ဦးတို့ကိုလည်း အရေးယူပေးရန် စစ်တပ်မှ ဗိုလ်မှူးဘုန်းမြင့်ကျော်က စစ်တွေခရိုင်တရားရုံးတွင် ဦးတိုက်လျှောက်ထားသည်ဟု သိရသည်။ ထို့ကြောင့် ယင်းသတင်းဌာနမှဝန်ထမ်းများမှာ လက်ရှိတွင် ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ဗီဒီယိုများ