တပ်မတော်သားသုံးဦးကို အဓမ္မပြုကျင့်မှုဖြင့် အမှုဖွင့်ထားသည့်ကိစ္စ အမှုမှန်ပေါ်ပေါက်ရေးအတွက် ရခိုင်အရပ်ဖက် အဖွဲ့ ၁၀၀ ကျော် တောင်းဆို

တပ်မတော်သားသုံးဦးအား မုဒိမ်းမှုဖြင့် အမှုဖွင့်ထားသည့်ကိစ္စကို အမှုမှန်ပေါ်ပေါက်ရေးနှင့် တရားမျှတမှု ရရှိရေးအတွက် ရခိုင်အရပ်ဘက်အဖွဲ့အစည်း ၁၁၈ ဖွဲ့မှ ယမန်နေ့ ဇူလိုင်လ (၂၇)ရက်နေ့က သဘောထား ထုတ်ပြန်ခဲ့သည်။

28 Jul 2020

ခင်သရဖီဦး | DMG
ဇူလိုင် ၂၈ ၊ စစ်တွေ

တပ်မတော်သားသုံးဦးအား မုဒိမ်းမှုဖြင့် အမှုဖွင့်ထားသည့်ကိစ္စကို အမှုမှန်ပေါ်ပေါက်ရေးနှင့် တရားမျှတမှု ရရှိရေးအတွက် ရခိုင်အရပ်ဘက်အဖွဲ့အစည်း ၁၂၁ ဖွဲ့မှ ယမန်နေ့ ဇူလိုင်လ (၂၇)ရက်နေ့က သဘောထား ထုတ်ပြန်ခဲ့သည်။

ရခိုင်တွင် လက်ရှိဖြစ်ပေါ်နေသော စစ်ရေးပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများလျော့ချရန်နှင့် အမှုမှန်ပေါ်ပေါက်ရန်အတွက် CSO အဖွဲ့များက ထုတ်ပြန်ရခြင်းဖြစ်ကြောင်း ဥပဒေရေးရာကုစားရေးရုံး Legal Clinic Myanmar(LCM) (ရခိုင်ရုံးခွဲ)မှ တရားလွှတ်တော်ရှေ့နေ ဒေါ်မြသူဇာကပြောသည်။

“ရခိုင်ပြည်မှာရှိတဲ့ လက်ရှိပဋိပက္ခတွေကြောင့် အမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတာတွေကို လျော့ကျသွားစေဖို့အတွက် အတားအဆီးအကာအကွယ်တွေရဖို့် ကြိုတင်ကာကွယ်ပြီးတော့ ဒီလိုပုံစံမျိုး Statement ထုတ်ရတာ ဖြစ်ပါတယ်”ဟု ဒေါ်မြသူဇာက ဆိုသည်။

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ဦးဂါကျေးရွာက အသက် ၃၆ နှစ်အရွယ် ကလေး ၄ ယောက်မိခင်ကို တပ်မတော်သားသုံးဦးက အဓမ္မပြုကျင့်ခဲ့သည်ဟုဆိုကာ အရေးယူပေးရန်အတွက် ဇူလိုင် ၁၀ ရက်နေ့က စစ်တွေမြို့မရဲစခန်းတွင် ကာယကံရှင်ဖြစ်သူက တရားလိုလုပ်ပြီးအမှုဖွင့်ခဲ့သည်။

ပြီးခဲ့သည့် ဇွန်လ ၂၉ ရက်နေ့က ဦးဂါကျေးရွာသို့ တပ်မတော်စစ်ကြောင်းတစ်ခုဝင်လာပြီး ည ၁၁ နာရီ ကျော်တွင် တပ်မတော်သား ၃ ဦးက မုဒိမ်းပြုကျင်ခဲ့ခြင်းဖြစ်သည်ဟု ကာယကံရှင်က မီဒီယာများကို ပြောဆို ထားသည်။

ယင်းသို့ အမှုဖွင့်ခြင်းမှာ အမှန်တရားကိုလိုလားပြီး ရဲဝံ့စွာထွက်ဆိုသွားရန်အတွက်ဖြစ်ကြောင်း ကာယကံရှင်က သတင်းထောက်များကို ပြောသည်။

ယင်းသို့ ဦးဂါကျေးရွာမှ အမျိုးသမီးတစ်ဦးအား တပ်မတော်သားများက အဓမ္မပြုကျင့်သည်ဆိုသောကိစ္စမှာ မှန်ကန်မှုမရှိကြောင်းနှင့် ပြည်သူအထင်မြင်လွဲမှားစေရန် လုပ်ကြံဖန်တီးပြီး ဖော်ပြနေခြင်းသာဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဇူလိုင်လ ၂ ရက်နေ့တွင် ထုတ်ပြန်ထားခဲ့သည်။

ယခုကာလတွင် အမျိုးသမီးများမှာ အကာအကွယ်မဲ့နေပြီး လုံခြုံရေးများကိုလည်း ခြိမ်းခြောက်လျက် ရှိသည့် အတွက် ယင်းကိစ္စများမှာ လက်ခံနိုင်စရာအကြောင်းမရှိဟု ရခိုင်တိုင်းရင်းသား မျိုးနွယ်များအစည်းအရုံး(REC) အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက ပြောသည်။

“ဒီအမျိုးသမီးကိစ္စနဲ့ပတ်သက်ပြီး ကျနော်တို့ စုံစမ်းသိရှိချက်အရ ဒီအမျိုးသမီးက အမှန်တကယ်ကျူးလွန် ခံရကြောင်းကို တွေ့ရှိရတယ်ပေါ့။ ဒါနဲ့ပတ်သတ်ပြီး အမှုမှန်ပေါ်ပေါက်ဖို့အရေးကြီးတယ်”ဟု ဦးဇော်ဇော်ထွန်းက ဆိုသည်။

မုဒိမ်းပြုကျင်ခံရသည့် ကာယကံရှင်အမျိုးသမီးအနေဖြင့်လည်း အမှုမှန်ပေါ်ပေါက်ရန်အတွက် ၎င်းကိုယ်တိုင် ရဲရဲဝံ့ဝံ့ဖြင့် ထုတ်ဖော်ပြောဆိုထားခြင်းဖြစ်သည့်အတွက် CSO အဖွဲ့အစည်းများအနေဖြင့် ပူပေါင်းရခြင်း ဖြစ်ကြောင်း ဒေါ်မြသူဇာက ပြောသည်။

၎င်းအပြင် အရပ်ဖက်အဖွဲ့အစည်းများအနေဖြင့် ရခိုင်တွင်ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများအတွင်း အမျိုးသမီးများ လိင်ပိုင်းဆိုင်ရာ စော်ကားခံရသည့်အပေါ် လူမှုအဖွဲ့အစည်းများက အပြင်းအထန် ရှုတ်ချ ကြောင်းနှင့် နောက်ထပ်မဖြစ်လာနိုင်အောင် သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် တာဝန်ယူဖြေရှင်းပေးရန် လိုအပ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိတွင် အဓမ္မပြုကျင့်ခဲ့သည်ဆိုသည့် တပ်မတော်သား ၃ ဦးအား ရာဇသတ်ကြီးပုဒ်မ ၃၇၆ မုဒိမ်းမှု၊ ၃၆၆ ကာမကို အတင်းအဓမ္မရယူမှု၊ ပုဒ်မ ၁၄၄ မုဒိမ်းမှုကျင့်ကြံရန် ကြိုးပမ်းမှုတို့ဖြင့် အမှုဖွင့်ထားကြောင်းသိရသည်။

ဦးဂါကျေးရွာမှအမျိုးသမီးကို တပ်မတော်သား ၃ ဦးက အဓမ္မပြုကျင့်သည်ဆိုသောကိစ္စနှင့်ပတ်သက်၍ အမှုဖွင့် ထားခြင်းအပေါ် တပ်တွင်းစုံစမ်းစစ်ဆေးမှုများပြုလုပ်နေကြောင်း တပ်မတော်သတင်းပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်ထွန်းထွန်းညီကပြောဆိုကြောင်း ဧရာဝတီသတင်းဌာနမှဖော်ပြထားသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး အပြစ်မဲ့အရပ်သားများ ထိခိုက်မှုများရှိလျှင် နစ်နာသူဘက်မှ ဥပဒေနှင့်အညီ အမှုဖွင့် တိုင်ကြားလျှင် အကာအကွယ်ပေးမည်ဖြစ်ကြောင်း ပြီးခဲ့တဲ့ ဇူလိုင်(၁၇) ရက်နေ့က သမ္မရုံးသတင်းစာ ရှင်းလင်းပွဲတွင် အစိုးရဘက်မှ ပြောဆိုထားသည်။

သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက “ဥပမာ အဓမ္မပြုကျင့်မှုတွေဆိုရင် မီဒီယာတွေမှာလည်း ပြောနေတယ်။ တပ်မတော်ဘက်ကလည်း ထုတ်ပြန်ထားတာရှိတယ်။ အကယ်၍ အမှန်တကယ် နစ်နာတယ် ဆိုရင် နစ်နာတဲ့လူက ဥပဒေနဲ့အညီ တရားရုံးမှာအမှုဖွင့်ပါ။ သူမှတ်မိသမျှ ပုံစံတွေကိုဖော်ပြပါ။ ဒါမျိုးဆိုရင် ကျွန်တော်လုံးဝ အကာအကွယ်ပေးတယ်။ ဒါမျိုးလည်းဖြစ်ရမယ်။ ဖြစ်အောင်လည်းလုပ်နေတယ်”ဟု သတင်းထောက်များကို ပြောဆိုထားသည်။

ဗီဒီယိုများ