ပုဏ္ဏားကျွန်း - ရသေ့တောင် ကားလမ်းရှိ စစ်ကောင်စီစခန်းကို AA တိုက်ခိုက်

ရခိုင်ပြည် ပုဏ္ဏားကျွန်း- ရသေ့တောင် ကားလမ်းရှိ လက်ဝဲစာတိုက်ကျေးရွာအနီးက စစ်ကောင်စီတပ်စခန်းများကို ဒီဇင်ဘာ ၂၅ ရက် ညအချိန်မှစ၍ ရက္ခိုင့်တပ်တော်(AA) က ထိုးစစ်ဆင်တိုက်ခိုက်နေသဖြင် နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေကြောင်း သိရသည်။

By Admin 26 Dec 2023

ပုဏ္ဏားကျွန်း- ရသေ့တောင် ကားလမ်းတစ်နေရာကို ၂၀၂၃ ခုနှစ်၊ မေလအတွင်း တွေ့ရစဉ်။
ပုဏ္ဏားကျွန်း- ရသေ့တောင် ကားလမ်းတစ်နေရာကို ၂၀၂၃ ခုနှစ်၊ မေလအတွင်း တွေ့ရစဉ်။

ပုဏ္ဏားကျွန်းမြို့နယ် လက်ဝဲစာတိုက်နှင့် သာစည်ကျေးရွာကြား လက်ဝဲစာတိုက်တံတားဦး တောင်တန်းတွင် စစ်ကောင်စီက ၂၀၁၉ ခုနှစ်တွင် တပ်စွဲခဲ့ပြီး တပ်စခန်း ၃ ခုရှိသည်။ အဆိုပါစခန်းမှ စစ်ကောင်စီတပ်သားများသည် စစ်ဆေးရေးဂိတ်ချကာ စစ်အေးကာလအတွင်း ဒေသခံများကို တင်းကျပ်စွာ စစ်ဆေးနေခြင်း ဖြစ်သည်။  

သာစည်ကျေးရွာသားတစ်ဦးက “မနေ့က ည ၁၀ နာရီခွဲကတည်းက စစ်ကောင်စီတပ်ကနေ လက်နက်ကြီး ပစ်ခတ်သံတွေကို ကြားရတယ်။ ၁၁ နာရီလောက်မှာတော့ လက်နက်ငယ်သံတွေပါ ကြားရတယ်။ AA က ထိုးစစ်ဆင်တိုက်ခိုက်နေတာလို့ သိရတယ်။ စစ်ကောင်စီဖက်က လက်နက်ကြီးတွေနဲ့ တစ်ညလုံးပစ်ခတ်နေတာ။ လက်နက်ကြီးကျလို့ လက်ဝဲစာတိုက်ရွာက တံတားအနီးမှာရှိတဲ့ အိမ်တချို့ပျက်စီးသွားတယ်” ဟု ပြောသည်။

လက်ဝဲစာတိုက်နှင့် သာစည်ကျေးရွာက ဒေသခံအများစုမှာ တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်မှုကြောင့် ပြီးခဲ့သည့် နိုဝင်ဘာလကပင် နေရပ်စွန့်ခွာ တိမ်းရှောင်နေကြသည်။ 

ယခုတိုက်ပွဲမှာ တကျော့ပြန်တိုက်ပွဲအတွင်း ပုဏ္ဏားကျွန်းမြို့နယ်တွင် ပထမဆုံးတိုက်ပွဲဖြစ်သည်။ လက်ရှိ AA တိုက်ခိုက်နေသည့် စခန်းသည် ပုဏ္ဏားကျွန်း - ရသေ့တောင်ကားလမ်းပေါ်ရှိ ပေါက်တောပြင်ရွာအနီးက စစ်ကောင်စီစခန်းမှတပ်သားများ စခန်းစွန့်ခွာကာ လာရောက်ပေါင်းစည်းထားသည့် စခန်းဖြစ်သည်။

“လက်ဝဲစာတိုက်တံတားအနီးစခန်းက ၂၀၁၉ ခုနှစ်ကတည်းက တပ်စွဲပြီးတော့ လမ်းသွားလမ်းလာတွေကို ဒုက္ခပေးနေကြတာ။ ဒါကြောင့် AA က တိုက်ထုတ်နေတာ ဖြစ်မယ်။ တိုက်ပွဲအသေးစိတ် အချက်လက်တွေကိုတော့ မသိရသေးဘူး” ဟု လက်ဝဲစာတိုက်ကျေးရွာသား တစ်ဦးပြောသည်။

ညီနောင်မဟာမိတ်(၃)ဖွဲ့၏ ဒီဇင်ဘာ ၂၅ ရက် ထုတ်ပြန်ချက်တွင် ထိုတပ်စခန်းက လက်နက်ကြီးများဖြင့် အရပ်သားများနေထိုင်သည့် နေရာများကို ရမ်းသန်းပစ်ခတ်ပြီးနောက် ည ၁၁ နာရီမှာ စစ်ကောင်စီနှင့် AA တို့ အကြား အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဆိုသည်။

တိုက်ပွဲအတွင်း ပုဏ္ဏားကျွန်းမြို့အခြေစိုက် ခလရ(၅၅၀) တပ်ရင်းက လက်နက်ကြီးများ အဆက်မပြတ် တိုက်ခိုက်ခဲ့မှုကြောင့် လက်ဝဲစာတိုက်ကျေးရွာက နေအိမ် ၃ လုံး ပျက်စီးသွားကြောင်း ဖော်ပြသည်။

တတိယအကြိမ် တကျော့ပြန်တိုက်ပွဲသည် ရခိုင်ပြည်တောင်ပိုင်း မြို့နယ်များအထိ ဧရိယာကျယ်ပြန်လာပြီး မြို့တွင်းတိုက်ပွဲများလည်း ဖြစ်ပွားနေသည်။ ရခိုင်တွင် တကျော့ပြန်တိုက်ပွဲအတွင်း နေရပ်စွန့်ခွာနေရသူ ၁ သိန်း ၄ သောင်းနီးပါး အထိရှိလာပြီးဖြစ်ပြီး စစ်ကောင်စီက လမ်းပိတ်ဆို့ထားသည့်အတွက် စားဝတ်နေရေးကျပ်တည်းမှုနှင့် ရင်ဆိုင်နေကြရသည်။

ဗီဒီယိုများ