ရခိုင်တွင်ဖြစ်ခဲ့သော လူထုစီးပွားထိခိုက်စေသည့် အမှုကိစ္စများကို စနစ်တကျကိုင်တွယ်နေဟု ULA ပြော

ရခိုင်တွင် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်းကဖြစ်ပွားခဲ့သော ရိတ်သိမ်းပြီးစပါး(ကောက်လှိုင်း)များ မီးရှို့ခံရမှု၊ ရိတ်သိမ်းခြွေလှည့်စက်များ မီးရှို့ခံရမှု၊ နွားများ ဓားဖြင့်အခုတ်ခံရမှု စသည့်လူထုအကျိုးစီးပွားကိုထိခိုက်စေသည့် အမှုကိစ္စရပ်များအား စနစ်တကျကိုင်တွယ်ဖြေရှင်းနေသည်ဟု ULA ကဆိုသည်။

05 Mar 2022

DMG ၊ မတ် ၅

ရခိုင်တွင် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်းကဖြစ်ပွားခဲ့သော ရိတ်သိမ်းပြီးစပါး(ကောက်လှိုင်း)များ မီးရှို့ခံရမှု၊ ရိတ်သိမ်းခြွေလှည့်စက်များ မီးရှို့ခံရမှု၊ နွားများ ဓားဖြင့်အခုတ်ခံရမှု စသည့်လူထုအကျိုးစီးပွားကိုထိခိုက်စေသည့် အမှုကိစ္စရပ်များအား စနစ်တကျကိုင်တွယ်ဖြေရှင်းနေသည်ဟု ULA ကဆိုသည်။

ထိုအမှုကိစ္စများနှင့်ပတ်သက်၍ လတ်တလောတွင် ထုတ်ဖော်ပြောဆို၍ အဆင်မပြေသေးကြောင်း ယနေ့(မတ်လ ၅ ရက်)နေ့တွင်ပြုလုပ်သော Online သတင်းစာရှင်းလင်းပွဲတွင် ULA/AA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကပြောသည်။

“အဲဒီအမှုအခင်းတွေနဲ့ပတ်သက်လို့ ကျနော်တို့ ULA/AA အနေနဲ့ ကိုင်တွယ်လုပ်ဆောင်နေပါတယ်။ အဲဒီအမှုအားလုံးကို စနစ်တကျဖော်ထုတ်ပြီးတော့ ဘယ်သူတွေကကျူးလွန်တယ်။ ဘယ်သူတွေပါတယ်ဆိုတာနဲ့ပတ်သတ်ပြီးတော့ ကိုယ်တွယ်လုပ်ဆောင်နေပါတယ်။ အခုလောလောဆယ်မှာ အဲဒီအမှုအခင်းကိစ္စတွေနဲ့ပတ်သက်လို့ ပြည်သူကိုထုတ်ပြဖို့အတွက် ပြည့်စုံတဲ့အနေအထားထိ အဆင်သင့်မရှိသေးတဲ့အတွက် ကျနော်တို့ဘက်က ထုတ်မပြောသေးတာဖြစ်ပါတယ်။ ဒါပေမဲ့လည်း သေချာတာတစ်ခုပြောနိုင်တာကတော့ အဲဒီအမှုတွေနဲ့ပတ်သက်လို့ ULA/AA ကနေပြီး စနစ်တကျကိုယ်တွယ်လုပ်ဆောင်နေတယ်။ မကြာခင်မှာ ချပြနိုင်တဲ့အတိုင်းအတာကို ချပြပေးသွားဖို့ဆိုတာကိုတော့ ပြောချင်ပါတယ်“ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်၊ မုချာကျေးရွာမှ နွားငါးကောင် ဓားဖြင့်အခုတ်ခံရမှုကို အမှုမှန်ပေါ်ပေါက်ရေးအမြန်ဆုံးဆောင်ရွက်ပေးစေလိုကြောင်း နွားပိုင်ရှင် ဦးမောင်စောထွန်းကပြောသည်။

“သုံးကောင်ကိုတော့ ရောင်းလိုက်ရတယ်။ ခြေထောက်တွေပိုင်းသွားတဲ့အတွက် ရောင်းလိုက်ရတယ်။ နောက်ထပ်နှစ်ကောင် ကတော့ ဆေးကုသပြီးတော့ထားတဲ့အတွက် နည်းနည်းသက်သာသွားတယ်။ အဲဒီနှစ်ကောင်က အလုပ်လုပ်နိုင်ဖို့အနေထားတော့ မရှိပါဘူး။ အခုချိန်ထိတော့ ကျနော်တို့ကို အကြောင်း ကြားလာတာမရှိသေးပါဘူး။ နွားတွေအခုတ်ခံလိုက်ရတဲ့နေ့ကစပြီးတော့ အေအေကိုအကြောင်းကြားထားတာပါ။ အဲဒီနွားအခုတ် ခံရတဲ့ကိစ္စဟာ အခုဆိုရင် ၃ လလောက်ရှိနေပြီ။ အမြန်ဆုံးဖော် ထုတ်ပေးစေချင်ပါတယ်“ဟု ကာယကံရှင်ကပြောသည်။

ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလအတွင်းက ရိတ်သိမ်းပြီးစပါး(ကောက်လှိုင်း)များ မီးရှို့ခံရမှု၊ ရိတ်သိမ်းခြွေလှည့်စက်များ မီးရှို့ခံရမှု၊ နွားများ ဓားဖြင့်အခုတ်ခံရမှု စသည့်အကျိုးစီးပွားထိခိုက်စေသည့်ဖြစ်စဉ် ၁၀ ခုထက်မနည်းဖြစ်ပွားခဲ့သည်။
၂၀၂၁ ခု တစ်နှစ်တာအတွင်း ULA/AA ၏ တရားရေးဌာနသို့ တိုင်တန်းလာသည့် ရာဇဝတ်မှုပေါင်း ၁၈၄၆ မှုနှင့် မတရားမှုပေါင်း ၁၉၉၂ မှုရှိခဲ့သည်ဟု ဦးခိုင်သုခကပြောသည်။

ထိုသို့တိုင်တန်းလာသည့်အမှုများအနက် ရာဇဝတ်မှု ၁၀၂၅ မှုနှင့် တရားမမှု ၈၇၅ မှုတို့ကိုဖြေရှင်းနိုင်ခဲ့ပြီး ရာဇဝတ်မှု ၈၂၁ မှုနှင့် တရားမမှု ၁၁၁၇ မှုတို့ကို ဆက်လက်ဖြေရှင်းလျက်ရှိကြောင်း ULA/AA မှ သိရသည်။

ဗီဒီယိုများ