တိုက်ပွဲအတွင်း ကလေးနှစ်ဦး သတ်ဖြတ်ခံရမှုအတွက် စုံစမ်းစစ်ဆေးမှုများလုပ်ဆောင်ရန် ကုလသမဂ္ဂ တိုက်တွန်း

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်း အောက်တိုဘာလ ၅ ရက်နေ့က တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA)တို့အကြား တိုက်ပွဲအတွင်း ကလေးငယ်နှစ်ဦး သေဆုံးမှုဖြစ်ပွားခဲ့ခြင်းနှင့်ပတ်သက်ပြီး ယင်းကိစ္စရပ်ကို စုံစမ်းစစ်ဆေးမှုများ လျင်မြန်စွာလုပ်ဆောင်ရန် ကုလသမဂ္ဂဦးဆောင်သော နိုင်ငံအဆင့် စောင့်ကြည့်ရေးနှင့် အစီရင်ခံရေးအထူးတာဝန်အဖွဲ့ CTFMR က တိုက်တွန်းလိုက်သည်။

By ဉာဏ်ဟိန်း 16 Oct 2020

ပုံစာ - အောက်တိုဘာ(၅)ရက် ညနေပိုင်းက ဘူးသီးတောင်မြို့နယ် ပြင်ရှည်(မွတ်ဆလင်)ကျေးရွာအနီး တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာတွင် သေဆုံးသွားသည့် မွတ်ဆလင်ကလေးငယ်နှစ်ဦး၏ ရုပ်အလောင်းအား တွေ့ရစဉ်။

ဉာဏ်ဟိန်း | DMG
အောက်တိုဘာ ၁၆ ၊ စစ်တွေ

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်း အောက်တိုဘာလ ၅ ရက်နေ့က တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA)တို့အကြား တိုက်ပွဲအတွင်း ကလေးငယ်နှစ်ဦး သေဆုံးမှုဖြစ်ပွားခဲ့ခြင်းနှင့်ပတ်သက်ပြီး ယင်းကိစ္စရပ်ကို စုံစမ်းစစ်ဆေးမှုများ လျင်မြန်စွာလုပ်ဆောင်ရန် ကုလသမဂ္ဂဦးဆောင်သော နိုင်ငံအဆင့် စောင့်ကြည့်ရေးနှင့် အစီရင်ခံရေးအထူးတာဝန်အဖွဲ့ CTFMR က တိုက်တွန်းလိုက်သည်။

အဆိုပါ ကလေးနှစ်ဦးအပါဝင် ဒေသခံလယ်သမား ၁၅ ဦးကို တပ်မတော်စစ်ကြောင်းတစ်ခုမှ လမ်းပြအဖြစ် အတင်းအကျပ် ဖမ်းဆီးခေါ်ဆောင်သွားစဉ် လမ်းတွင်တိုက်ပွဲဖြစ်ပွားမှုကြောင့် ကလေးနှစ်ဦးသေဆုံးသွားခြင်း ဖြစ်ကြောင်း CTFMR ၏ အောက်တိုဘာ ၁၄ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး ကလေးငယ်များကို အသုံးပြုခြင်းနှင့်သတ်ဖြတ်ခြင်းအတွက် တာဝန်ရှိသူ မည်သူကို မဆို တာဝန်ခံစေရေးအတွက်ဆောင်ရွက်ရန် တောင်းဆိုကြောင်းလည်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

“အဓိက ထုတ်ပြန်ရတဲ့ရည်ရွယ်ချက်ကတော့ အခင်းဖြစ်ပွားမှုအပေါ်မှာ ကုလသမဂ္ဂက စိုးရိမ်မကင်း ဖြစ်ကြောင်းနဲ့ ဒီအခင်းဖြစ်ပွားမှုနဲ့ပတ်သက်ပြီးတော့ စုံစမ်းစစ်ဆေးရေးအတွက် ထောက်ပံ့ကူညီရေးတွေ ကမ်းလှမ်းပြီးတော့ ပဋိပက္ခကြောင့် ထိခိုက်သက်ရောက်တဲ့ ကလေးသူငယ်တွေကို အကာကွယ်ပေးရေးတို့ အပါအဝင် အစိုးရနဲ့ ချိတ်ဆက်ဆောင်ရွက်လျက်ရှိတဲ့ အခြားသော ပူးပေါင်းမှုတွေမှာ ဆက်လက်ကူညီ ထောက်ပံ့ဖို့အတွက် ကာကွယ်ရေးဝန်ကြီးဌာနနဲ့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတွေကို အကြောင်းကြားထားပါတယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂပြန်ကြားရေးအရာရှိ ဦးအေးဝင်းက DMG သို့ ပြောသည်။

လက်ရှိ ကိုဗစ်ကာလအတွင်း ပဋိပက္ခဖြစ်ပွားနေသောဒေသများတွင် သက်ဆိုင်ရာအဖွဲ့အစည်းများက ကလေး သူငယ်များအပေါ် ချိုးဖောက်မှုများအား ကာကွယ်ပေးရန်နှင့် အရပ်သားပြည်သူများအား တပ်ဖွဲ့များအတွင်း အသုံးချမှုများကို အစွမ်းကုန်ထိန်းချုပ်ကန့်သတ်ခြင်းဖြင့် လူသားချင်းစာနာထောက်ထားရေး အကူအညီနှင့် ပံ့ပိုးမှုများ ရရှိအသုံးပြုနိုင်ရေးအတွက် ကြိုးပမ်းပေးရန် CTFMR က တိုက်တွန်းထားသည်။

ကလေးသူငယ်များအပေါ် ကြီးလေးသောချိုးဖောက်မှုများကို ပြုလုပ်နေကြောင်း အတည်ပြုနိုင်သည့် အထောက်အထားများရှိရာ နိုင်ငံများတွင် နိုင်ငံအဆင့်စောင့်ကြည့်ရေးနှင့် အစီရင်ခံရေး အထူးတာဝန်အဖွဲ့ CTFMR များကို ကုလသမဂ္ဂဦးဆောင်မှုဖြင့် ဖွဲ့စည်းထားပြီး မြန်မာနိုင်ငံတွင်လည်း ၂၀၀၇ ခုနှစ်မှစတင်ကာ ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ၂၀၂၀ ခုနှစ်၏ ပထမသုံးလတွင် ပဋိပက္ခအတွင်းသေဆုံးသူ သို့မဟုတ် ကိုယ်လက်အင်္ဂါ ချို့ယွင်းခဲ့ရသူ ကလေးငယ် ၁၀၀ ကျော်ရှိခဲ့ပြီး ၂၀၁၉ ခုနှစ်၏ ထက်ဝက်ကျော်ရှိနေကြောင်းနှင့် ယင်းကိန်း ဂဏန်းမှာ ၂၀၁၈ ခုနှစ် တစ်နှစ်လုံးတွင် သေဆုံးဒဏ်ရာရခဲ့သည့် ကလေးသူငယ်စုစုပေါင်း အရေအတွက်ထက် သိသိသာသာကျော်လွန်နေကြောင်း CTFMR ၏ စာရင်းများအရသိရသည်။

အောက်တိုဘာ(၅)ရက် ညနေပိုင်းက ဘူးသီးတောင်မြို့နယ် ပြင်ရှည်(မွတ်ဆလင်)ကျေးရွာအနီး တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ်မတော်စစ်ကြောင်းက ခေါ်ဆောင်သွားသော မွတ်ဆလင် ရွာသားများအနက် ကျည်ထိမှန်ထားသော ကလေးငယ်နှစ်ဦး ရုပ်အလောင်းကို အောက်တိုဘာလ (၆)ရက်နေ့ နံနက်ပိုင်းတွင် ပြန်လည်တွေ့ရှိခဲ့ကြောင်း ဒေသခံများကထုတ်ဖော်ပြောဆိုထားသည်။

ယခုကဲ့သို့ ပြင်ရှည်(မွတ်ဆလင်)ကျေးရွာသားများ တိုက်ပွဲအတွင်းသေဆုံးမှုနှင့်ပတ်သက်ပြီး တပ်မတော်နှင့် AA တို့က နှစ်ဖက်အပြန်အလှန်စွပ်စွဲထားကြသည်။

ဗီဒီယိုများ