ရသေ့တောင်မြို့နယ် သမီးလှကျေးရွာအုပ်ချုပ်ရေးမှူးအား AA ၏ အမာခံလူဟု တပ်မတော်ထုတ်ပြန်

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် သမီးလှ(ရက်ခုန်းတိုင်) ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစံသာကျော်အား AA ၏ အမာခံလူဖြစ်ကြောင်းနှင့် တပ်မတော်စစ်ကြောင်းများအားလည်း အကြိမ်ကြိမ်မိုင်းဆွဲတိုက်ခိုက်နေသူတစ်ဦး ဖြစ်ကြောင်း တပ်မတော်မှ သတင်းထုတ်ပြန်ထားသည်။

09 Aug 2019

ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ခိုင်ရိုးလ | DMG

သြဂုတ် ၉ ၊ စစ်တွေ

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် သမီးလှ(ရက်ခုန်းတိုင်) ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစံသာကျော်အား AA ၏ အမာခံလူဖြစ်ကြောင်းနှင့် တပ်မတော်စစ်ကြောင်းများအားလည်း အကြိမ်ကြိမ်မိုင်းဆွဲတိုက်ခိုက်နေသူတစ်ဦး ဖြစ်ကြောင်း တပ်မတော်မှ သတင်းထုတ်ပြန်ထားသည်။

သမီးလှကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးစံသာအောင်သည် လယ်ယာလုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးဖြစ်ကြောင်းနှင့် မူးယစ်ဆေးဝါးများဖြင့် ပတ်သက်မှုကို တိကျစွာမသိရှိကြောင်း အမည်မဖော်လိုသည့် သမီးလှကျေးရွာသား တစ်ဦးက ပြောသည်။

“သူကတော့ ပရဟိတလုပ်ငန်းတွေလုပ်တယ်။ ဘုရားပွဲတွေ အလှူဒါန်းတွေဆိုလည်း ဦးဆောင်ပြီးပါတယ်။ မိဘ ဆွေမျိုးတွေလည်း လူကောင်းတွေပါ။ မိသားစုတွေက ထွက်ပြေးတယ်ဆိုတာကလည်း အားလုံးပြေးကြတာပါ။ တပ်ကလာတယ်လို့ဆိုရင် အသက် ၁၅ နှစ် အထက်ရွာသားတွေ အားလုံးထွက်ပြေးနေကြတာပါ” ဟု ၎င်းကျေးရွာသားက ပြောသည်။

သမီးလှကျေးရွာအုပ်ချုပ်ရေးမှူး၏ နေအိမ်အတွင်းကို ရွာသားတစ်ချို့၏ သတင်းပို့ချက်အရ ဝင်ရောက်ရှာဖွေ ခဲ့ရာမှ မူးယစ်ဆေးဝါးများနှင့် လက်နက်ခဲယမ်းများအား ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း တပ်မတော်က ဆိုသည်။

တပ်မတော်မှ သြဂုတ်လ ၈ ရက်နေ့တွင် သမီးလှကျေးရွာရှိ ၎င်းကျေးရွာအုပ်ချုပ်ရေးမှူး၏နေအိမ်အား ဝင်ရောက်ရှာဖွေခဲ့ရာတွင် wy စိတ်ကြွဆေးပြား ၂ သန်း ၅ သိန်း၊ ကြိုးဆွဲလက်ပစ်ဗုံး (၃၆) လုံး၊ အိုင်ကွန် (၅၂) လုံး၊ မိုင်းပြုလုပ်ရန်အသုံးပြုသည့် ကွန်ကြူပိုက် (၂၃)ချောင်း၊ ဘောစေ့များရောနှောထားသော ယမ်းထုပ် တစ်ပိဿာခန့် (၂)ထုပ်နှင့် ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့သည်ဟု တပ်မတော်က ထုတ်ပြန်သည်။

ထိုသို့ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများမှ AA မှ လက်နက်၊ခဲယမ်းနှင့် ရိက္ခာများဝယ်ယူရေးအတွက် ငွေကြေး ရှာဖွေရန် AA မှပေးပို့ထားကြောင်းဖြစ်ကြောင်းနှင့် လက်နက်ခဲယမ်းများမှာလည်း AA မှ လိုအပ်ချိန်တွင် ထုတ်ယူသုံးစွဲနိုင်ရန် ထိန်းသိမ်းထားသည့်ပစ္စည်းများဟု ဖော်ထုတ်ရရှိကြောင်းလည်း တပ်မတော်ကဆိုသည်။

AA အနေဖြင့် ၎င်းကိစ္စရပ်များနှင့် လုံးဝဆက်စပ်မှုမရှိဘဲ တပ်မတော်မှစွပ်စွဲခြင်းသာဖြစ်ကြောင်း ရက္ခိုင့် တပ်တော်(AA)မှ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောသည်။

“ဒီဟာက ဗမာစစ်တပ်တွေက ရည်ရွယ်ချက်ရှိရှိ ကျွန်တော်တို့ကို ဂုဏ်သိက္ခာကျအောင် နိုင်ငံရေးအရ ထိုးနှက်ချက်တစ်ခုအဖြစ် လုပ်ကြံတာတဲ့အနေအထားဖြစ်တယ်။ လက်ရှိသူတို့ သိမ်းဆည်းရရှိမိတဲ့ စစ်လက်နက်ပစ္စည်းတွေဟာလည်း ကျွန်တော်တို့နဲ့ လုံးဝပတ်သက်မှုမရှိ။ သူတို့ကိုယ်တိုင် သင်္ဘောနဲ့ တင်လာပြီးတော့ သမီးလှရွာမှာ စစ်ဆေးယောင်ဆောင်ပြီးတော့ လုပ်ကြံဖန်တီးပြီးပြတာ။ အဲလို ကျွန်တော်တို့ဘက်ကရရှိခဲ့တာ ဘာမှမရှိဘူး ” ဟု ခိုင်သုက ပြောသည်။

လက်ရှိတွင် သမီးလှကျေးရွာအုပ်ချုပ်ရေးမှူးနှင့် မိသားစု ၅ ဦးတို့မှာ ထွက်ပြေးတိမ်းရှောင်လျက်ရှိပြီး ဖမ်းဆီး ရမိရေးအတွက် ဆောင်ရွက်နေကြောင်း တပ်မတော်၏ထုတ်ပြန်ချက်တွင်ပါရှိသည်။

၎င်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးစံသာကျော်တွင် အသက် ၁၈ နှစ်အောက် သမီးနှစ်ဦးနှင့် အသက် ၂၀ ကျော် သက်တစ်ဦးရှိကြောင်း ကျေးရွာသားများထံမှ သိရသည်။

သမီးလှကျေးရွာအား တပ်မတော်မှဝင်ရောက်နေချိန်မှစ၍ ကျေးရွာမှ အမျိုးသားများ ထွက်ပြေးတိမ်းရှောင် လျက်ရှိပြီး အမျိုးသမီးများနှင့် သက်ကြီးရွယ်အိုများသာ ကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံနေကြကြောင်း သိရသည်။

 

ဗီဒီယိုများ