လွိုင်ကော်နှင့် ဒီးမော့ဆိုမြို့နယ်တို့တွင် တိုက်ပွဲပြင်းထန်မှုကြောင့် စစ်ဘေးရှောင်များ နေရာရွှေ့ပြောင်းရ

ကယားပြည်နယ်၊ လွိုင်ကော်နှင့် ဒီးမော့ဆိုမြို့နယ်တို့တွင် ယမန်နေ့(ဇန်နဝါရီ ၆ ရက်)မှစပြီး မြန်မာစစ်တပ်နှင့် ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF)ပူးပေါင်းအဖွဲ့ကြား တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေပြီး စစ်ဘေးရှောင်စခန်းများတွင်နေထိုင်သည့်ဒေသခံများမှာ စခန်းရွှေ့ပြောင်းမှုများပြုလုပ်နေရကြောင်း ကရင်နီ စစ်ဘေးရှောင်ကူညီရေး ဆောင်ရွက်နေသူများထံမှ သိရသည်။

07 Jan 2022

Photo Credit - KNDF Facebook Page

DMG ၊ ဇန်နဝါရီ ၇

ကယားပြည်နယ်၊ လွိုင်ကော်နှင့် ဒီးမော့ဆိုမြို့နယ်တို့တွင် ယမန်နေ့(ဇန်နဝါရီ ၆ ရက်)မှစပြီး မြန်မာစစ်တပ်နှင့် ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF)ပူးပေါင်းအဖွဲ့ကြား တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေပြီး စစ်ဘေးရှောင်စခန်းများတွင်နေထိုင်သည့်ဒေသခံများမှာ စခန်းရွှေ့ပြောင်းမှုများပြုလုပ်နေရကြောင်း ကရင်နီ စစ်ဘေးရှောင်ကူညီရေး ဆောင်ရွက်နေသူများထံမှ သိရသည်။

ထိုသို့တိုက်ပွဲဖြစ်ပွားပြီး စစ်ဘေးရှောင်စခန်းအတွင်းသို့ လက်နက်ကြီးကျည်များကျရောက်ခဲ့သဖြင့် ထိခိုက်မှုများရှိခဲ့ကြောင်း ကရင်နီစစ်ဘေးရှောင် ကူညီရေးဆောင်ရွက်ပေးနေသူတစ်ဦးမှ DMG ကိုပြောသည်။

“စစ်ဘေးရှောင်စခန်းထဲကို ညကတည်းက လက်နက်ကြီးကျည်တွေကျကုန်တယ်။ တချို့တွေလဲ ထိခိုက်ကုန်တယ်။ ကျွန်မသူငယ်ချင်းတချို့လဲ ထိခိုက်ခဲ့ပါတယ်။ အခုအထိလဲ ရွှေ့ပြောင်းပေးနေရတုန်းပါပဲ။ လိုအပ်တာတွေလဲ အများကြီးကိုဖြစ်ပေါ်နေပါပြီ”ဟု ၎င်းမှပြောသည်။

ယနေ့(ဇန်နဝါရီ ၇ ရက်) နံနက် ၇ နာရီကျော်မှစပြီး မြန်မာစစ်တပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများကြောင့် စစ်ဘေးရှောင်ဦးရေ ၁၀၀၀ ကျော်မှာ စစ်ဘေးရှောင်စခန်းများကိုစွန့်ခွာပြီး ဘေးကင်းရာနေရာသို့ ထပ်မံပြောင်းရွှေ့မှုများပြုလုပ်ပေးနေကြောင်း KNDF အဖွဲ့မှ တာဝန်ရှိသူတစ်ဦးမှဆိုသည်။

“ဒီနေ့ မနက် ၇ နာရီမှာ စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ တရစပ်ပစ်ခတ်နေတာရှိတယ်။ အဲဒီကနေ တချို့စစ်ဘေးရှောင်စခန်းတွေကိုထိခိုက်တယ်ပေါ့နော်။ လူတွေထိခိုက်တာတွေရှိတယ်။ အခုသူတို့ကို ဘေးကင်းတဲ့နေရာကို ထပ်မံရွှေ့ပြောင်းပေးနေပါတယ်”ဟု ၎င်းမှဆိုသည်။

မြန်မာစစ်တပ်မှ လွိုင်ကော်မြို့၊ မိုင်းလုံးရပ်ကွက်မှ ဒီးမော့ဆို(၆)မိုင်နှင့် ဘက်တလင်ကျေးရွာအထိတပ်ဖြန့်ကာ လက်ရှိအချိန်အထိ စစ်ကြောင်းထိုးလျက်ရှိနေပြီး လူနေအိမ်တချို့မှာလည်း လက်နက်ကြီးကျရောက်မှုကြောင့် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဗီဒီယိုများ