ရသေ့တောင်မြို့နယ် စာသင်ကျောင်းအနီးကို လက်နက်ကြီးကျည်ကျရောက်

“မနက်ပိုင်း ၁၀ နာရီကျော်လောက်က ကျောင်းတက်ချိန်နေတဲ့အချိန်မှာ ကျတာ။ လောလောဆယ်တော့ ကျောင်းပိတ်လိုက်ရတယ်။ မိဘတွေကလည်း နောက်ထပ်လက်နက်ကြီး ဘယ်ကလာမယ်မှန်းမသိဘူးဆိုတော့ ကျောင်းပိတ်လိုက်ရတယ်” ဟု အဆိုပါကျောင်းက ပညာရေးဝန်ထမ်းတစ်ဦးက ပြောသည်။

By ဝင်းညွန့် 22 Oct 2019

ဆင်ခုန်းတိုင်ကျေးရွာ စာသင်ကျောင်းအနီးသို့ ကျရောက်ပေါက်ကွဲခဲ့သည့် လက်နက်ကြီးကျည် ကို တွေ့ရစဉ်။ ဓာတ်ပုံ- Photo: CJ

ဝင်းညွန့် / DMG

အောက်တိုဘာ ၂၂၊ စစ်တွေ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ဆင်ခုန်းတိုင်ကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းအနီးကို ယနေ့ အောက်တိုဘာလ ၂၂ ရက်နေ့၊ နံနက် (၁၀)နာရီကျော်ခန့်တွင် လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုရှိခဲ့ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ပုက DMG ကိုပြောသည်။

လက်နက်ကြီးကျည်သည် စာသင်ကျောင်းနှင့် ပေ (၂၀၀)ခန့်အကွာတွင် ကျရောက်ခြင်းဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ/မများ စိုးရိမ်မှုများရှိသဖြင့် ကျောင်းပိတ်လိုက်ရသည်ဟုလည်း ဦးမောင်ပုက ဆက်လက်ပြောသည်။

“ ဒီနေ့  ၁၀နာရီ ကျော်လောက်မှာ စာသင်ကျောင်းနားမှာ လက်နက်ကြီးတစ်လုံးကျတယ်။ အဲဒီအတွက် ကြောက်လို့ ကျောင်းပိတ်ထားတာပါ”ဟု  ၎င်းက ဆိုသည်။

အဆိုပါ စာသင်ကျောင်းတွင် ကျောင်းသား၊ကျောင်းသူ (၆၀)ကျော် စာသင်ကြားနေပြီး ဆရာ၊ဆရာမ စုစုပေါင်း (၇) ယောက်ရှိသည်။

“မနက်ပိုင်း ၁၀ နာရီကျော်လောက်က ကျောင်းတက်ချိန်နေတဲ့အချိန်မှာ ကျတာ။ လောလောဆယ်တော့ ကျောင်းပိတ်လိုက်ရတယ်။ မိဘတွေကလည်း နောက်ထပ်လက်နက်ကြီး ဘယ်ကလာမယ်မှန်းမသိဘူးဆိုတော့ ကျောင်းပိတ်လိုက်ရတယ်” ဟု အဆိုပါကျောင်းက ပညာရေးဝန်ထမ်းတစ်ဦးက ပြောသည်။

ယင်းရွာအနီးတွင် တိုက်ပွဲဖြစ်ပွားမှုမရှိသော်လည်း လက်နက်ကြီးပစ်ခတ်သံများ မကြာခဏကြားရကြောင်း ဒေသခံများထံက သိရသည်။

ဘူးသီးတောင်မြို့နယ်ရှိ သုံးဆယ့်တစ်ပုံစေတီတွင် တပ်မတော်ရှိပြီး ယခုကျရောက်ပေါက်ကွဲသည့်လက်နက် ကြီးသည်လည်း ယင်းဘက်ကလာသည့် လက်နက်ကြီးဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးဦးမောင်ပုက ပြောသည်။

“အခုလို ရွာတွေကို လက်နက်ကြီးနဲ့ လှမ်းထုနေတော့ မလိုအပ်တဲ့ပြဿနာတွေ ဖြစ်မှာကိုကြောက်တယ်။ အိမ်တစ်အိမ်မှာ မတော်တဆကျခဲ့ရင်လည်း လူတွေသေဆုံးဖို့ အခြေအနေရှိတယ်”ဟု ၎င်းကဆိုသည်။

တပ်မတော်ဘက်က ထိုသို့ လက်နက်ကြီးပစ်ခတ်မှုမရှိကြောင်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ငြင်းဆိုသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားသည့်အချိန်ကစတင်ပြီး ကျေးရွာများကို လက်နက်ကြီးကျရောက်မှုများရှိနေပြီး အရပ်သားများ ထိခိုက်၊ဒဏ်ရာရရှိမှုများ ရှိနေသည်။

လက်နက်ကြီး ကျရောက်ပေါက်ကွဲမှု၊ ပစ်ခတ်ခံရမှု၊ မိုင်းပေါက်ကွဲမှုတို့ကြောင့် အရပ်သားသေဆုံးမှု (၁၃၀)ခန့် ရှိကြောင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များထံက သိရသည်။

ဗီဒီယိုများ