ကိုဗစ်နှင့်ပတ်သက်ပြီး ULA ၏ထုတ်ပြန်ချက်အပေါ် ရခိုင်ပြည်သူများကြိုဆို

ကိုဗစ်မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါပိုးမှာ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်အနှံအပြားတွင် ယခုရက်ပိုင်းအတွင်းတွေ့ရှိလာသည့်အတွက် ကိုဗစ်ဆိုင်ရာအခြေခံစည်းကမ်းချက်များကို မဖြစ်မနေလိုက်နာကြရန် ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်(ULA)မှ မနေ့က(ဖေဖော်ဝါရီလ ၂၀ ရက်)နေ့က ထုတ်ပြန်လိုက်သည်။

21 Feb 2022

DMG ၊ ဖေဖော်ဝါရီ ၂၁

ကိုဗစ်မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါပိုးမှာ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်အနှံအပြားတွင် ယခုရက်ပိုင်းအတွင်းတွေ့ရှိလာသည့်အတွက် ကိုဗစ်ဆိုင်ရာအခြေခံစည်းကမ်းချက်များကို မဖြစ်မနေလိုက်နာကြရန် ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်(ULA)မှ မနေ့က(ဖေဖော်ဝါရီလ ၂၀ ရက်)နေ့က ထုတ်ပြန်လိုက်သည်။

အဆိုပါ ကိုဗစ်ရောဂါပိုးကူးစက်မှုမှာ လူဦးရေထူထပ်သောမြို့နယ်၊ ကူးသန်းရောင်းဝယ်ရေးကောင်းမွန်သောမြို့နယ်၊ ကုန်လမ်း၊ ရေလမ်း၊ လေကြောင်းလမ်းများ၏ ဗဟိုဆုံချက်မြို့နယ်များ၌ ခရီးသွားလာနေကြသူများနှင့် လူစုလူဝေးဖြစ်စေသော ပွဲလမ်းသဘင်များမှပြန်လာသူများတွင် ပုံမှန်နေထိုင်သွားလာသူများထက် ကူးစက်မှုပိုများကြောင်း ULA က ထုတ်ပြန်ချက်တွင်တွေ့ရသည်။

လက်ရှိရခိုင်တွင် ULA ကို ပြည်သူတို့ကယုံကြည်မှုရှိကြသည့်အတွက် ၎င်းတို့၏ထုတ်ပြန်ချက်အပေါ် ပြည်သူ့များအနေဖြင့်လိုက်နာရန်လိုအပ်ပြီး ထုတ်ပြန်ချက်ကိုကြိုဆိုကြောင်း Rakhine Covid Watch မှ ဥက္ကဋ္ဌ ကိုထွန်းလှိုင်က ပြောသည်။

“ULA ၏ထုတ်ပြန်ချက်ကတော့ ကောင်းတယ်။ ဘာပဲပြောပြော ULA အပေါ်မှာ ယုံကြည်မှုတွေရှိကြတယ်ဆိုတော့ ULA ၏ထုတ်ပြန်ချက်အပေါ်မှာ ပြည်သူတွေကလည်း လိုက်နာဖို့လိုတယ်။ ကိုဗစ်နဲ့ပတ်သက်ပြီးတော့ ပြည်သူ့တွေကလည်း အဲဒီထုတ်ပြန်ချက်ကို အလေးအနက်ထားပြီးတော့ စည်းကမ်းလိုက်နာဖို့လိုအပ်တယ်”ဟု ကိုထွန်းလှိုင်ကဆိုသည်။

ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်(ULA)မှ ထုတ်ပြန်သည့် ကိုဗစ်ဆိုင်ရာအခြေခံအချက်တို့မှာ နှာခေါင်းစည်း(Mask) မဖြစ်မနေတပ်ဆင်သွားလာခြင်း၊ အဝင်အထွက်/အသွားအလာများ၌ Hand Gel(လက်သန့်ဆေးရည်)သုံးခြင်း၊ လက်ကိုမကြာခဏ အနည်းဆုံးစက္ကန့်(၂၀)ကြာ ဆေးကြောခြင်း၊ လူစုလူဝေများမပြုလုပ်ခြင်း၊ လူစုလူဝေးဖြစ်ပေါ်စေသော ပျော်ပွဲရွှင်ပွဲ၊ ဇာတ်ပွဲ၊ ရှင်ပြုပွဲ၊ တရားပွဲနေရာများသို့ အတတ်နိုင်ဆုံးသွားလာမှုမပြုလုပ်ရန် ကိုယ်တိုင်လည်းလူစုလူဝေးမဖြစ်အောင်နေထိုင်ရန်၊ တတ်နိုင်သမျှ အခြားသောသူများနှင့် အနည်းဆုံး(၆)ပေအကွာမှခွာ၍ နေထိုင်ခြင်း၊ အနံ့ပျောက်ခြင်း၊ ချောင်းဆိုးခြင်း၊ အဖျားကြီးခြင်း၊ ရာသီတုပ်ကွေးလက္ခဏာများရှိနေခြင်းအပါအဝင် Covid-19 ရောဂါလက္ခဏသံသယရှိသူများနှင့် သီးသန့်ခွဲ၍နေထိုင်ခြင်း စသည့်စည်းကမ်းချက်တို့ပါဝင်သည်။

ယင်းအပြင် Stay at Home သတ်မှတ်ခြင်း၊ ပျော်ပွဲရွှင်ပွဲများနှင့် ပွဲလမ်းသဘင်များကျင်းပခြင်းအား လုံးဝရပ်တန့်ထားခြင်း၊ အသွားအလာများအား ပိုမိုတင်းကျပ်ခြင်း စသည့်များကို လာမည့်ရက်များတွင်း မြို့နယ်အလိုက်၊ ကျေးရွာအလိုက် အစုလိုက်အပြုံလိုက် ရောဂါပိုးကူးစက်ပျံနှံ့နေသည့်အခြေအနေ၊ ရောဂါကူးစက်ခံရ၍ သေဆုံးသူအရေအတွက်၊ ရောဂါပြင်းထန်မှုအခြေအနေအပေါ်မူတည်၍ ဆက်လက်ဆောင်ရွက်မည်ကို ၂၀၂၂ ခုနှစ် မတ်လ(၁)ရက်နေ့တွင် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းသို့ ကိုဗစ်နှင့်ပတ်သက်ပြီး ULA ၏ ထုတ်ပြန်ချက်အတိုင်း ရခိုင်ပြည်နယ်အနှံ့ ဖြေဖျော်နေသည့် ဇာတ်သဘင်ပွဲများကိုလည်း ထိန်းသိမ်းစွာလုပ်ဆောင်ရန်လိုအပ်ကြောင်း ရခိုင်အရပ်ဘက်အဖွဲ့အစည်းတို့က ထောက်ပြသည်။

ရခိုင်အမျိုးသမီးကွန်ယက် ဥက္ကဋ္ဌ ဒေါ်ညိုအေးက “ကိုဗစ်နဲ့ပတ်သတ်ပြီးတော့ ကျန်းမာရေးအရပြောရမယ်ဆိုရင် ဒီထုတ်ပြန်ချက်ကို ကြိုဆိုတယ်။ ဒါပေမယ့် အောက်ခြေမှာဖြစ်နေတဲ့ ဇာတ်ပွဲတွေကို ထိန်းထိန်းသိမ်းသိမ်းနဲ့လုပ်ဆောင်ဖို့တော့လိုအပ်တယ်။ ဘာဖြစ်လိုလဲဆိုတော့ အိုမီခရွန်ပိုးဟာ ကူးစက်မှုမြန်ဆန်တဲ့အတွက် တစ်ယောက်မှာပိုးရှိတယ်ဆိုရင် အကုန်လုံးမှာကူးစက်နိုင်တဲ့အတွက် အဲဒါတွေကိုလုပ်ဆောင်ရွက်ဖို့လိုအပ်တယ်”ဟု ပြောဆိုသည်။

ထိုကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်(WHO)နှင့် ကျန်းမာရေးဌာနမှထုတ်ပြန်ထားသည့် ကိုရိုနာကူးစက်မြန်ရောဂါနှင့်ပတ်သက်ပြီး လိုက်နာရမည့်စည်းကမ်းချက်များ၊ ရက္ခိုင့်ပြည်သူ့အာဏာအဖွဲ့မှထုတ်ပြန်ထားသော ဒေသန္တရအမိန့်များကိုလိုက်နာရန်နှင့် မပေါ့ဆကြရန် ULA က ပြောထားသည်။

ရခိုင်ပြည်နယ်အတွင်း ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ မေလ ၂၅ ရက်နေ့မှ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့အထိ ကိုဗစ်ပိုးတွေ့ရှိသူစုစုပေါင်း ၅၅၀၃ ဦးရှိပြီး သေဆုံးသူ ၅၀၁ ဦးထိရှိခဲ့ကာ လက်ရှိဆေးကုသနေဆဲဦးရေမှာ ၂၁၆ ဦးထိရှိကြောင်း ပြည်နယ်စစ်ကောင်စီ၏ စာရင်းအရသိရသည်။

ဗီဒီယိုများ