ရခိုင်သို့ပြန်ဝင်လာသည့် မွတ်ဆလင်များကို ကိုရိုနာဗိုင်းရပ်စ်ရောဂါရှိ၊မရှိ (၁၄)ရက်ကြာ စောင့်ကြည့်နေ

ပြီးခဲ့သည့်ရက်ပိုင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ရခိုင်ပြည်နယ်သို့ ဝင်ရောက်လာသည့် မွတ်ဆလင် (၂၉)ဦးကို ကိုရိုနာဗိုင်းရပ်စ် ရှိ၊မရှိ (၁၄)ရက်ကြာ စောင့်ကြည့်သွားမည်ဟု မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က DMG သို့ပြောသည်။ 

26 Mar 2020

ချလူးအောင် | DMG
မတ်လ ၂၆၊ စစ်တွေ

ပြီးခဲ့သည့်ရက်ပိုင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ရခိုင်ပြည်နယ်သို့ ဝင်ရောက်လာသည့် မွတ်ဆလင် (၂၉)ဦးကို ကိုရိုနာဗိုင်းရပ်စ် ရှိ၊မရှိ (၁၄)ရက်ကြာ စောင့်ကြည့်သွားမည်ဟု မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က DMG သို့ပြောသည်။

၎င်းတို့သည် မတ်လ ၂၄ ရက်နေ့ညနေပိုင်းက မောင်တောသို့ဝင်ရောက်လာခြင်းဖြစ်ပြီး ကြက်ရိုးပြင်ကျေးရွာတွင် ဖမ်းဆီးရမိခဲ့သည်ဟုဆိုသည်။ ယင်းအထဲတွင် အမျိုးသား ၁၃ ဦးနှင့်အမျိုးသမီး ၁၆ ဦးပါဝင်ပြီး လှဖိုးခေါင်ယာယီ ပြန်လည်လက်ခံရေးစခန်းတွင် စောင့်ကြည့်နေကြခြင်းဖြစ်သည်။

“သူတို့ခိုးဝင်လာကြတာကိုဖမ်းမိတယ်။ ဒါပေမယ့် အခုအချိန်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ကိုရိုနာရောဂါကြောင့် သေဆုံးသူတွေရှိနေသလို ကူးစက်တဲ့အရေအတွက်လည်း မြင့်တက်လာနေတယ်။ ဒါကြောင့် သူတို့ကို လှဖိုးခေါင်ယာယီပြန်လည်လက်ခံရေးစခန်းမှာ ထားရှိပြီး စောင့်ကြည့်သွားမှာဖြစ်တယ်” ဟု ခရိုင်အုပ်ချုပ်ရေးမှူးက ပြောသည်။

စောင့်ကြည့်ပြီးနောက် ရောဂါပိုးမတွေ့ရှိသူများကို UEHRD အစီအစဉ်ဖြင့်ပြန်လည်လက်ခံရန် အထက်သို့တင်ပြ မည်ဟုလည်း ဦးစိုးအောင်ကဆိုသည်။ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားနေသည့်ကာလတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြန်ဝင်လာသူများကို လက်မခံသင့်ကြောင်းလည်း ရခိုင်လွှတ်တော်အမတ်များက အကြံပြုကြသည်။

ယခုပြန်ဝင်လာသူများတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါလက္ခဏာ တစ်စုံတစ်ရာ မတွေ့ရှိသာမက ဖျားနာနေသူများလည်းမရှိဟု ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုဦးစီးမှူး ဒေါက်တာနုကေသီစံက ပြောသည်။

“မြန်မာနိုင်ငံကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားချက်အရ ပြည်ပက ပြန်လာသူတွေကို ဖျားနာမှုရှိ၊မရှိ ၁၄ ရက်စောင့်ကြည့်ရမှာဖြစ်တဲ့အတွက် စောင့်ကြည့်နေတာဖြစ်တယ်။ သူတို့ထဲမှာတော့ ဖျားနာနေသူတစ်ယောက်မှ မရှိပါဘူး” ဟု ၎င်းကဆိုသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ယနေ့အထိ ကိုရိုနာဗိုင်းရပ်စ်ကူး စက်ခံရမှုကြောင့် (၅)ဦးသေဆုံးသွားပြီဖြစ်ကာ ကူးစက်ခံရသူ (၄၄)ဦးရှိသည်ဟု စစ်တွေမြို့ရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံကောင်စစ်ဝန်ရုံးမှ သိရသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်က မောင်တောဒေသက ရဲကင်းစခန်းများကို ARSA အကြမ်းဖက်အဖွဲ့က တိုက်ခိုက်မှုများကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များသေဆုံးခဲ့သည်။ ထို့ကြောင့် မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်တိုက်ခိုက်ရာတွင် မွတ်ဆလင် (၇)သိန်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားရသည်ဟု နိုင်ငံတကာက ပြောထားသည်။

လက်ရှိတွင် မိမိဆန္ဒအလျှောက် ရခိုင်ပြည်နယ်သို့ ပြန်လည်ဝင်ရောက်လာသူ (၇၃၀)ခန့်ရှိကြောင်း ခရိုင်အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

ဗီဒီယိုများ