စစ်တွေတွင်ကျင်းပမည့် ရခိုင်ရိုးရာရထားဆွဲပွဲတော်အား ဖျက်သိမ်း

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများဖြစ်ပွားနေသည့်ကြားမှ ရထားဆွဲပွဲချသည် ဖြစ်မည်စိုး၍ ရခိုင်ရိုးရာ ဖော်ထုတ်ထိန်းသိမ်းရေးကော်မတီမှ အစည်းအဝေးပြုလုပ်ပြီး ရထားဆွဲပွဲတော် ကျင်းပမည်ကို ရပ်တန့်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

By မင်းထွန်း 17 Jan 2019

မင်းထွန်း / DMG

ဇန်နဝါရီလ ၁၇ ၊ စစ်တွေ

စစ်တွေမြို့တွင် လာမည့် ဖေဖေါ်ဝါရီလ ၁၅ ရက်နေ့၌ ကျင်းပရန် စီစဉ်ထားသည့် ရခိုင်ရိုးရာ ရထားဆွဲပွဲတော်အား မကျင်းပတော့ဘဲ ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း ပွဲကျင်းပရေးကော်မတီမှ သိရသည်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများဖြစ်ပွားနေသည့်ကြားမှ ရထားဆွဲပွဲချသည် ဖြစ်မည်စိုး၍ ရခိုင်ရိုးရာ ဖော်ထုတ်ထိန်းသိမ်းရေးကော်မတီမှ အစည်းအဝေးပြုလုပ်ပြီး ရထားဆွဲပွဲတော် ကျင်းပမည်ကို ရပ်တန့်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ယခုကျင်းပရန် စီစဉ်ထားသည့် ရိုးရာရထားဆွဲပွဲတော်သည် (၁၀) ကြိမ်မြောက်ဖြစ်ပြီး ပွဲတော်အတွင်း ပြဿနာတစ်စုံတစ်ရာ ဖြစ်ပေါ်မည်ကို စိုးရိမ်၍ လုံခြုံရေးအခြေအနေကြောင့် ဖျက်သိမ်းလိုက်ခြင်းဖြစ်ကြောင်း ရထားဆွဲပွဲကျင်းပရေးကော်မတီ အတွင်းရေးမှူး ဦးဝိုင်းမောင်က ပြောသည်။

“ဒီရထားဆွဲပွဲတော်ကို အနယ်နယ်အရပ်ရပ်က လာပြီး ကြည့်ကြတဲ့သူတွေ အနည်းဆုံး နှစ်သောင်းနဲ့ ငါးသောင်းကြားမှာ ရှိတယ်။ အဲဒီအချိန်မှာ တစ်စုံတစ်ခု မသမာမှုတစ်ခုခု ဖြစ်ပေါ်သွားတဲ့အခါ  ရထားဆွဲပွဲ ကျင်းပရေးကော်မတီရဲ့ တာဝန်ဖြစ်သွားမယ်” ဟု ဦးဝိုင်းမောင်က ဆိုသည်။

၂၀၁၈ ခုနှစ်ကလည်း စစ်တွေမြို့တွင် ကျင်းပမည့် ရခိုင်ရိုးရာ ရထားဆွဲပွဲတော်ကို ဖျက်သိမ်းခဲ့ရသည်။ ယင်းအချိန်က မြောက်ဦးမြို့တွင် ပြဿနာဖြစ်ပွားခဲ့သည့်အတွက် လုံခြုံရေးအခြေအနေကြောင့် ဖျက်သိမ်းလိုက်ရခြင်းဖြစ်သည်။

“၂၀၁၈ ခုနှစ်ကလည်း ရထားဆွဲပွဲကို မလုပ်ခဲ့တာမဟုတ်ဘူး၊ လုပ်ခဲ့ကြပါတယ်။ ဒါပေမယ့် ရထားဆွဲပွဲကိစ္စ လုပ်နေတုန်း မြောက်ဦးပြဿနာ ပေါ်လာတဲ့အတွက် အခြေအနေဟာ နည်းနည်းရှုပ်ထွေးသွားခဲ့တယ်။ ပြဿနာဖြစ်မှာ စိုးတဲ့အတွက် ရခိုင်ရိုးရာရထားဆွဲပွဲကို ရပ်တန့်ခဲ့တာဖြစ်တယ်” ဟု ဦးဝိုင်းမောင်က ဆက်ပြောသည်။

ထိုသို့ အကြောင်းအမျိုးမျိုးကြောင့် ရခိုင်ရိုးရာ ရထားဆွဲပွဲတော်ကျင်းပခြင်း မပြုလုပ်နိုင်ခဲ့သည့်မှာ ၂ နှစ် ရှိခဲ့ပြီဖြစ်ပြီး ပြည်နယ်တည်ငြိမ်အေးချမ်းပါက လာမည့်နှစ်များတွင် ကျင်းပနိုင်ရန် ကြိုးစားသွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ရခိုင်ရိုးရာ ရထားဆွဲပွဲတော်သည် နှစ်ပေါင်း ၄၀ ကျော်ကြာ ပျောက်ကွယ်ခဲ့ရာမှ ၂၀၀၉ ခုနှစ်တွင် ပြန်လည် ကျင်းပလာနိုင်ခြင်းလည်း ဖြစ်သည်။

ပွဲတော်ကျင်းပရာတွင်လည်း ဆယ့်နှစ်လရာသီထဲမှ အခြားလများတွင် ကျင်းပ၍မရဘဲ ကြယ်တာရာနက္ခထွန်းသည့် တပို့တွဲလတွင်သာ ကျင်းပရခြင်းဖြစ်ကြောင်း သမိုင်းမှတ်တမ်းများအရ သိရသည်။

 

ဗီဒီယိုများ