စစ်ဘေးရှောင်များကို အကူအညီပေးရန် ကုလကိုယ်စားလှယ်ကို တင်ပြ

 “ စစ်ဘေးရှောင်တွေအတွက် လက်ရှိမှာ အလွန်တရာစိုးရိမ်ရတဲ့ အနေအထားရှိတယ်။ စားနပ်ရိက္ခာ လုံလောက်မှုမရှိ၊ နေထိုင်စရာ အခက်ခဲတွေ အဲဒီကိစ္စတွေကို နိုင်ငံတကာ အဖွဲ့အစည်းတွေ အနေနဲ့ ဝိုင်းဝန်းပြီး အကူညီပေးသွားဖို့ ကျွန်တော်တို့ တောင်းဆိုဆွေးနွေးခဲ့ပါတယ် ”

By ခိုင်ရိုးလ 23 Jan 2019

ဓာတ်ပုံ-ရခိုင်အမျိုးသားပါတီ

ခိုင်ရိုးလ/ DMG

ဇန်နဝါရီ ၂၃၊ စစ်တွေ

တပ်မတော်နှင့်ရက္ခိုင့်တပ်မတော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် နေရပ်စွန့်ခွာလာသည့် စစ်ဘေးရှောင်များကို အကူအညီပေးရန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms.Christine Schraner Burgener ကို ရခိုင်အမျိုးသားပါတီ(ANP) ထိပ်ပိုင်းခေါင်းဆောင်များက ယမန်နေ့ (ဇန်နဝါရီလ ၂၂ ရက်) တွင် တင်ပြလိုက်သည်။

စစ်ဘေးရှောင်ဒုက္ခသည်များမှာ စားနပ်ရိက္ခာလုံလောက်မှုမရှိ၊ နေထိုင်စရာ  အခက်ခဲများရှိနေသောကြောင့် နိုင်ငံတကာအဖွဲ့အစည်းများကူညီပေးစေလိုသည်ဟု  တောင်းဆိုခဲ့ကြောင်း ရခိုင်အမျိုးသားပါတီ ဒုတိယဥက္ကဌ ဦးခိုင်ပြည်စိုးက DMG ကိုပြောသည်။

 “ စစ်ဘေးရှောင်တွေအတွက် လက်ရှိမှာ အလွန်တရာစိုးရိမ်ရတဲ့ အနေအထားရှိတယ်။ စားနပ်ရိက္ခာ လုံလောက်မှုမရှိ၊ နေထိုင်စရာ အခက်ခဲတွေ အဲဒီကိစ္စတွေကို နိုင်ငံတကာ အဖွဲ့အစည်းတွေ အနေနဲ့ ဝိုင်းဝန်းပြီး အကူညီပေးသွားဖို့ ကျွန်တော်တို့ တောင်းဆိုဆွေးနွေးခဲ့ပါတယ် ” ဟု ဦးခိုင်ပြည်စိုးက ပြောသည်။

ယင်းသို့တင်ပြ ဆွေးနွေးမှုအား ကုလသမဂ္ဂအနေဖြင့် အတတ်နိုင်ဆုံးကူညီပေးသွားမည်ဖြစ်ကာ ရခိုင်တိုက်ပွဲများကိုလည်း ငြိမ်းချမ်းသောနည်းလမ်းဖြင့် အဖြေရှာဆွေးနွေးရန် တိုက်တွန်းသွားမည်ဟု  ဖြေကြားခဲ့ကြောင်း ဦးခိုင်ပြည်စိုးက ဆက်လက်ဆိုသည်။

“ သူတို့ဘက်ကတော့ အစိုးရနဲ့ ညှိနှိုင်းပြီး အတတ်နိုင်ဆုံး ကူညီလို့ရတဲ့အပိုင်းတွေကို စုပေါင်းဆောင်ရွက်သွားမယ်လို့ပြောခဲ့တယ်။ နောက်ပြီးတော့ တိုက်ပွဲတွေကို ငြိမ်းချမ်းတဲ့နည်းနဲ့ အဖြေရှာသွားဖို့ဆိုတာလည်း တိုက်တွန်းသွားမယ်လို့ ပြောသွားတယ် ” ဟု ၎င်းက ပြောသည်။

 ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာဆိုင်ရာ အထူးကိုယ်စားလှယ်သည် ပြီးခဲ့သည့် ဇန်နဝါရီလ ၂၂ ရက်နေ့က စစ်တွေမြို့သို့ ရောက်ရှိခဲ့ပြီး ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လွှတ်တော်တို့နှင့်လည်း ရခိုင်အရေး ကိစ္စများကို ဆွေးနွေးခဲ့ကြသည်။

တိုက်ပွဲဖြစ်ပွားနေမှုကြောင့် ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင် စသည့်မြို့နယ် ၅ ခုသို့ INGO၊NGO များအနေဖြင့် ခရီးသွားလာခွင့်နှင့် လုပ်ငန်းဆောင်ရွက်ခွင့်များ မပြုလုပ်ကြရန် ပြည်နယ်အစိုးရအဖွဲ့က ညွှန်ကြားထားသည်။

Ms.Christine Schraner Burgener ၏ ခရီးစဉ်အပြီးတွင် တွေ့ရှိချက်များကို လုံခြုံရေးကောင်စီမှာ အစီရင်ခံရန်ရှိကြောင်း ကုလသမဂ္ဂ၏ ဗြိတိန်ဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် Karen Pierce က သတင်းထောက်များကို အလွတ်သဘောပြောဆိုထား သည်ဟု VOA သတင်းမှာဖော်ပြထားသည်။

ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင် စသည့်မြို့နယ်များတွင် စစ်ဘေးရှောင် ၆၀၀၀ ခန့်ရှိနေသည်။

ဓာတ်ပုံ-ရခိုင်အမျိုးသားပါတီ

ဗီဒီယိုများ