တပ်မတော်မှ ခေါ်ယူစစ်ဆေးခံရသူ ၁၅ ဦးအနက် ၁၃ ဦး ပြန်လွတ်၊ သရက်ပြင်ကျေးရွာအုပ်ချုပ်ရေးမှူး မလွတ်သေး

“မနေ့က ၁၃ ဦးလွှတ်ပေးလိုက်တယ်။ နောက်၂ ဦးကျန်နေတယ်။ ကျန်နေတဲ့ ၂ ဦးကို စစ်နေတယ်လို့ သိရတယ်။ သူတို့ကိုလည်း ဒီနေ့လွှတ်ပေးလိမ့်မယ်လို့ မျှော်လင့်တယ်” ဟု ဦးမောင်ကျော်ဇံက ပြောသည်။

15 Jan 2019

 
(ပြန်လွှတ်လာသူများအား ရခိုင်အမျိုးသားပါတီ(ဘူးသီးတောင်)ရုံးရှေ့တွင် ပါတီတာဝန်ရှိသူတစ်ချို့နှင့် တွေ့ရစဉ်)
 
ချလူးအောင် / DMG
ဇန်နဝါရီလ ၁၅ ၊ မောင်တော
 
ဘူးသီးတောင်မြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် အရပ်သား ၁၅ ဦးအား ဇန်နဝါရီလ ၁၃ ရက်နေ့က တပ်မတော်မှခေါ်ယူစစ်ဆေးခဲ့ပြီး ဇန်နဝါရီလ ၁၄ ရက်နေ့ ညနေပိုင်းမှာ အရပ်သား ၁၃ ဦး ပြန်လွတ်လာခဲ့ကြောင်း ဘူးသီးတောင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကျော်ဇံမှ ပြောသည်။
 
“မနေ့က ၁၃ ဦးလွတ်ပေးလိုက်တယ်။ နောက်၂ ဦးကျန်နေတယ်။ ကျန်နေတဲ့ ၂ ဦးကို စစ်နေတယ်လို့ သိရတယ်။ သူတို့ကိုလည်း ဒီနေ့လွှတ်ပေးလိမ့်မယ်လို့ မျှော်လင့်တယ်” ဟု ဦးမောင်ကျော်ဇံက ပြောသည်။
 
ထိုသို့လွတ်မြောက်လာသူ ၁၃ ဦးထဲတွင် ကယ်ဆယ်ရေးပစ္စည်းလာပေးသူ ၇ ဦး၊ စက်လှေဖြင့် စပါး လာဝယ်သူ ၃ ဦးနှင့် ကားလမ်းပေါ်တွင် ဖမ်းဆီးခံရသူ ၃ ဦးတို့ဖြစ်ကြောင်း သိရသည်။
 
ကျန်နှစ်ဦးဖြစ်သည့် သရက်ပြင်ကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်သန်းလှိုင်နှင့် ဦးမောင်ကျော်ဝင်းတို့မှာ ဆက်လက် စစ်ဆေးခံနေရဆဲဖြစ်ကြောင်း သိရသည်။
 
တပ်မတော်မှ ခေါ်ယူစစ်ဆေးခံခဲ့ရသည့် ကျောက်တော်မြို့နယ်မှ စပါးလာဝယ်သူ ဦးလှကျော်မောင်က ၎င်းတို့အား အမှတ်(၃) နယ်ခြားစောင့်စခန်းတွင်ခေါ်ယူစစ်ဆေးခဲ့ပြီး စစ်ဆေးစဉ်အတွင်း ရိုက်ပုတ်နှိပ်စက် သည်များမရှိခဲ့ကြောင်း ပြောသည်။
 
“ကျနော်တို့က ထောက်ခံစာတွေ၊ အထောက်အထားတွေ အားလုံးရှိတယ်လို့ပြောတယ်။ သူတို့ကတော့ ဘာမှ ထောက်ခံစာတွေကိုမကြည့်ပါဘူး။ ရိုက်ပုတ်နှိပ်စက်တာတွေကတော့ မရှိပါဘူး ” ဟု ဦးလှကျော်မောင်က ပြောသည်။

ဗီဒီယိုများ