ဘူးသီးတောင်ဒေသခံံတစ်ဦးကို မတရားအသင်းဥပဒေပုဒ်မ ၁၇(၁)နှင့် တရားစွဲဆိုနိုင်ရန် ရမန်ယူ

ဘူးသီးတောင်မြို့နယ်၊ သရက်ပြင်ကျေးရွာက ဖမ်းဆီးခံနေရသည့် ကိုဌေးအောင်ကို မတရားအသင်း ဥပဒေပုဒ်မ ၁၇(၁)နှင့် တရားစွဲဆိုနိုင်ရန် ဘူးသီးတောင်မြို့နယ် တရားရုံးတွင် ယနေ့(ဇန်နဝါရီလ ၁၄ ရက်)မှ ဇန်နဝါရီလ ၂၈ ရက်နေ့အထိ ရမန်ယူသည်ဟု တရားရုံးသို့ လိုက်ပါခဲ့သည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကျော်ဇံက DMG ကိုပြောသည်။

14 Jan 2019

ချလူးအောင်/ DMG

ဇန်နဝါရီလ ၁၄ ရက်၊ စစ်တွေ

ဘူးသီးတောင်မြို့နယ်၊ သရက်ပြင်ကျေးရွာက ဖမ်းဆီးခံနေရသည့် ကိုဌေးအောင်ကို မတရားအသင်း ဥပဒေပုဒ်မ ၁၇(၁)နှင့် တရားစွဲဆိုနိုင်ရန် ဘူးသီးတောင်မြို့နယ် တရားရုံးတွင် ယနေ့(ဇန်နဝါရီလ ၁၄ ရက်)မှ ဇန်နဝါရီလ ၂၈ ရက်နေ့အထိ ရမန်ယူသည်ဟု တရားရုံးသို့ လိုက်ပါခဲ့သည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကျော်ဇံက DMG ကိုပြောသည်။

ကိုဌေးအောင်ကို ဒီဇင်ဘာလ ၃၁ ရက်နေ့က ဖမ်းဆီးခေါ်ဆောင်သွားကာ ဖောက်ကွဲစေတက်သော လက်နက်များဥပဒေပုဒ်မ ၅ ဖြင့် အမှုဖွင့်ခဲ့သည်။ သို့သော် ယနေ့ (ဇန်နဝါရီလ ၁၄ ရက်နေ့) ရုံးထုတ်ရာတွင် ယင်းအမှုနှင့် ပတ်သက်၍ တရားစွဲဆိုနိုင်ခြင်း မရှိသောကြောင့် မတရားအသင်း ဥပဒေပုဒ်မ ၁၇(၁)နှင့် တရားစွဲဆိုနိုင်ရန် ရမန်ယူခြင်းဖြစ်သည်။

"ဌေးအောင်ကို ဒီနေ့ရုံးထုတ်တယ်။ ပုဒ်မ ၅ နဲ့ စွဲထားတာက ရမန်ပြီးသွားပြီ။ ရမန်ပြီးသွားတော့ အမှုမပေါ်ပေါက်လို့ တရားစွဲနိုင်ခြင်းမရှိ။ အဲဒီတော့ ပုဒ်မတစ်ခု ပြောင်းလိုက်တယ်။ ၁၇(၁)ကို ပြောင်းလိုက်တယ်။ ထပ်လို့ ရမန်ယူတယ်။ ဇန်နဝါရီ ၂၈ မှာ ပြန်ပြီးရုံးချိန်းလိုက်တယ်” ဟု ဦးမောင်ကျော်ဇံက ဆိုသည်။

မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်(AA)တို့ ပြီးခဲ့သည့် ဇန်နဝါရီလ ၁၃ ရက်နေ့တွင် သရက်ပြင် ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု တပ်မတော်က သတင်းထုတ်ပြန်ထားသည်။

ဗီဒီယိုများ