ရခိုင်ပြည်နယ် ပညာရည်မြင့်မားရေးအတွက် ကလေးများအား ကျောင်းမှန်မှန်တက်နိုင်အောင် ဖန်တီးပေးရန်လိုအပ်

နိမ့်ကျနေသော ရခိုင်ပြည်နယ် ပညာရေးမြင့်မားစေရန်အတွက် ကလေးများအား ကျောင်းမှန်မှန်တက်နိုင်အောင် ဖန်တီးပေးရန်လိုအပ်ကြောင်း တောင်ကုတ်မြို့ဂူတာရပ်ကွက်မှာရှိသည့် အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ကျောင်းအုပ်ဆရာကြီးက DMG ကို ပြောသည်။

09 Dec 2017

(စစ်တွေမြို့နယ် အုန်းရေပေါ်ကျေးရွာမှ ကလေးငယ်များ။ ဓာတ်ပုံ - ချမ်းအေး)

ဒီဇင်ဘာ ၉ ရက်၊ ၂၀၁၇ ခုနှစ်။      ။ နိမ့်ကျနေသော ရခိုင်ပြည်နယ် ပညာရေးမြင့်မားစေရန်အတွက် ကလေးများအား ကျောင်းမှန်မှန်တက်နိုင်အောင် ဖန်တီးပေးရန်လိုအပ်ကြောင်း တောင်ကုတ်မြို့ဂူတာရပ်ကွက်မှာရှိသည့် အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ကျောင်းအုပ်ဆရာကြီးက DMG ကို ပြောသည်။ 

ရခိုင်ပြည်နယ် ပညာရည်မြင့်မားရေးအတွက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့်အဖွဲ့သည် ဒီဇင်ဘာလ ၇ ရက်နေ့က အ.ထ.က(ခွဲ)ဂူတာတွင် ကျောင်းသား၊ မိဘ၊ ဆရာ များနှင့်တွေ့ဆုံခဲ့ပြီး ယင်းတွေ့ဆုံပွဲတွင် လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာက ရခိုင်ပြည်နယ် ပညာရေးနိမ့်ကျနေရခြင်းမှာ ဆရာ ၊ ကျောင်းသား၊ မိဘ အားလုံးတွင်တာဝန်ရှိပြီး ဆရာ၊ ဆရာများအနေနှင့်လည်း သင်ကြားရေးပိုင်းတွင် ညံ့ဖျင်းမှုများရှိကြောင်း ပြောဆိုခဲ့သည်။ 

ယင်းနှင့်ပတ်သက်ပြီး အ.ထ.က(ခွဲ)ဂူတာ ကျောင်းအုပ်ဆရာကြီး ဦးအောင်ကျော်စိန် က “ ဝန်ကြီးပြောတဲ့အပိုင်းက တစ်ပိုင်းမှန်သလို အကုန်လုံးမမှန်နိုင်ပါဘူး။ ဘာဖြစ်လို့လည်းဆိုရင် ကလေးတွေက မူလတန်းအရွယ်ကပင် အခက်အခဲပေါင်း မြောက်မြားစွာနဲ့ ရင်ဆိုင်ရပါတယ်။ နောက်ပြီး ပညာရေးဌာနရဲ့ လမ်းညွှန်ချက်လေးတစ်ခုရှိပါတယ်။ Drop out (ပညာ တစ်ပိုင်းတစ်စနှင့်ထွက်လာသူ) ဆိုပြီးတော့။ ကလေးတွေ ကျောင်းပြင်ပမရောက်အောင် ဆွဲဆောင်ရမယ်ဆိုတာပါပါတယ်။ ဆိုတော့ Drop out မဖြစ်ဖို့အတွက် အရေးကြီးတာက ကလေးတွေကို ကျောင်းမှန်မှန်တက်နိုင်ဖို့ အင်အားလိုပါတယ်။ ကလေးတွေကျောင်းမှန်မှန်တက်နိုင်မှ စာကိုသင်နိုင်မှာ ” ဟု ဆိုသည်။ 

ကလေးများ ကျောင်းမှန်မှန်မတိုက်နိုင်ခြင်းမှာလည်း မိဘများ၏ ငွေကြေးချို့တဲ့မှု၊ စီးပွားရေးချို့တဲ့မှုများကြောင့်ဖြစ်ပြီး အခြေခံပညာကို ဆုံးခန်းတိုင်အောင်မသင်ယူနိုင်ေတာ့ဘဲ ကျောင်းပြင်ပကို ရောက်သွားရခြင်းဖြစ်ကြောင်း ကျောင်းအုပ်ဆရာကြီး ဦးအောင်ကျော်စိန်က ဆက်ပြောသည်။

လက်ရှိမှာ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပညာကိုစိတ်ပါဝင်စားမှု အားနည်းလာသည့်အတွက် ဆရာ၊ ဆရာမများကလည်း ကြိုးစားသင်ပြပေးဖို့လိုအပ်သလို ကျောင်းသားမိဘများကလည်း ကိုယ့်သားသမီး ကျောင်းတက်၊ မတက်သည်ကို ဆရာ၊ ဆရာမများနှင့်တိုင်ပင်ပြီး ဂရုတစိုက်ဖြင့် စောင့်ကြည့်ဖို့လိုအပ်ကြောင်း အ.ထ.က(ခွဲ)ဂူတာမှ အလယ်တန်းပြဆရာမတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံအတွင်း အသက် ၅ နှစ်ကနေ ၁၆ နှစ်အရွယ်ကလေး ၂ ဒသမ ၇ သန်းလောက်မှာ ကျောင်းဝင်ရောက်မှုမရှိသူများနှင့် ကျောင်းထွက်စောသည့် ကလေးများဖြစ်ပြီး အသက် ၅ နှစ်ကနေ ၁၆ နှစ်အရွယ် ကလေးငယ် ၁ ဒသမ ၃ သန်းခန့်မှာလည်း လုပ်ငန်းခွင်ဝင်ရောက်နေကြရကြောင်း ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ကျောင်းပြင်ပ ပညာရေးဖိုရမ်တစ်ခုတွင် ပြောဆိုထားသည်။

ဗီဒီယိုများ