ကျေးရွာအနီး လက်နက်ကြီးကျ၍ ဒေသခံများထွက်ပြေး

ဘူးသီးတောင်မြို့နယ်၊ စိုင်းဒင်ချောင်းတစ်လျှောက်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်(AA)တို့ကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် ကျေးရွာအနီး လက်နက်ကြီးကျည်များ ကျရောက်မှုကြောင့် ဒေသခံများ ကြောက်လန့် ထွက်ပြေးနေရသည်။

By ခိုင်ရိုးလ ၊ ချလူးအောင် 07 Jan 2019

ခိုင်ရိုးလ၊ ချလူးအောင် / DMG

ဇန်နဝါရီလ ၇ ရက်၊ စစ်တွေ

ဘူးသီးတောင်မြို့နယ်၊ စိုင်းဒင်ချောင်းတစ်လျှောက်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်(AA)တို့ကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် ကျေးရွာအနီး လက်နက်ကြီးကျည်များ ကျရောက်မှုကြောင့် ဒေသခံများ ကြောက်လန့် ထွက်ပြေးနေရသည်။

ဇန်နဝါရီလ ၆ ရက်နေ့၊ နံနက်ပိုင်းကဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်းတွင် မြိုမချောင်းကျေးရွာအနီး၌ လက်နက်ကြီး (၉) ကြိမ်အထိ ကျရောက်ခဲ့ကြောင်း ကျေးရွာသားများက ပြောသည်။

“မနေ့ညအချိန်မှာ ရွာအနီးချောင်းတစ်ဖက်က လက်နက်ကြီး (၆)လုံးကျပါတယ်။ ဒီနေ့မနက် (၉) နာရီ လောက်မှာလည်း နောက်ထပ် ၃ လုံးကျပါတယ်။ ဘယ်ကပစ်လဲဆိုတာ မသိဘူး” ဟု မြို့မချောင်းရွာမှ ဒေါ်လှလှအေးက ပြောသည်။

မြို့မချောင်းကျေးရွာအနီးတွင် လက်နက်ကြီးပစ်ခတ်မှုများကြောင့် လူဦးရေ ၇၀ ခန့်မှာ ကြာညိုပြင်ကျေးရွာသို့ ကြောက်လန့်ထွက်ပြေးလာကြသည်။

ထိုသို့ ထွက်ပြေးလာသူများအား ကြာညိုပြင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် နေရာချထားကာ စားသောက်ရေးအတွက် ၎င်းရွာမှ ကူညီပေးလျက်ရှိကြောင်း ကြာညိုပြင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်သန်းက ပြောသည်။

 

ဗီဒီယိုများ