မြောက်ဦး လွှတ်တော်ကိုယ်စားလှယ်များ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲပြုလုပ်

အောက်တိုဘာလ ၈ ရက်နေ့က မြောက်ဦးမြို့နယ် သျှင်ကျော်ဘုရားကြီးသိမ်တွင် အနီးမှာရှိသည့် ဝက်လှ၊ သာစည်၊ ကုန်ဘောင် စသည့် ကျေးရွာများက မဲဆန္ဒရှင် ပြည်သူများကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစော၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်နှင့် မြို့နယ်ပါတီက ဥက္ကဌ အဖွဲ့၊ အတွင်းရေးမှူး အဖွဲ့တို့ သွားရောက်တွေ့ဆုံခဲ့ကြောင်း မြောက်ဦးမြို့နယ် ရခိုင်အမျိုးသားပါတီ (ANP) မှ အထွေထွေတွင်းရေးမှူး ဦးထွန်းနီဝင်းက ပြောသည်။

09 Oct 2017

(အောက်တိုဘာလ ၈ ရက်နေ့က သျှင်ကျော်ဘုရားကြီးသိမ်တွင် မြောက်ဦးမြို့နယ် ရခိုင်အမျိုးသားပါတီမှ လွှတ်တော်ကိုယ်စားလှယ်များ ဒေသခံပြည်သူများနှင့်တွေ့ဆုံပွဲပြုလုပ်။ ဓါတ်ပုံ- ANP Facebook Page)

မြောက်ဦး၊ အောက်တိုဘာလ ၉ ရက်၊ ၂၀၁၇ ခုနှစ်၊ DMG ။    ။  ရခိုင်အမျိုးသားပါတီ (ANP) မှ မြောက်ဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တို့ မဲဆန္ဒရှင် ဒေသခံပြည်သူများနှင့် မနေ့က တွေ့ဆုံပွဲပြုလုပ်ကြသည်။

အောက်တိုဘာလ ၈ ရက်နေ့က မြောက်ဦးမြို့နယ် သျှင်ကျော်ဘုရားကြီးသိမ်တွင် အနီးမှာရှိသည့် ဝက်လှ၊ သာစည်၊ ကုန်ဘောင် စသည့် ကျေးရွာများက မဲဆန္ဒရှင် ပြည်သူများကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစော၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်နှင့် မြို့နယ်ပါတီက ဥက္ကဌ အဖွဲ့၊ အတွင်းရေးမှူး အဖွဲ့တို့ သွားရောက်တွေ့ဆုံခဲ့ကြောင်း မြောက်ဦးမြို့နယ် ရခိုင်အမျိုးသားပါတီ (ANP) မှ အထွေထွေတွင်းရေးမှူး ဦးထွန်းနီဝင်းက ပြောသည်။

“ နယ်တွေမှာ ဘယ်လိုအခက်အခဲတွေရှိလဲဆိုတာကို စစ်တမ်းသွားကောက်တာပါ။ နယ်တွေမှာက ဒေသဖွံ့ဖြိုးဖို့အတွက် လမ်းလိုတယ်။ ကျောင်းလိုတယ်။ ရေကန်လိုတယ် စသဖြင့်ပေါ့။ ဒေသခံတွေရဲ့ လိုအပ်ချက်တွေကို တောင်းခံတဲ့ သဘောပါ။ ဒါတွေကို ပြည်ထောင်စုလွှတ်တော်မှာရော၊ ပြည်နယ်လွှတ်တော်မှာရော တင်ပြလို့ရအောင် သွားပြီးတွေ့ဆုံတာပါ။ ” ဟု ပြောသည်။

ဝက်လှကျေးရွာနှင့် ကုန်ဘောင်ကျေးရွာကြား ရွာချင်းလမ်းကို ဆောင်ရွက်ပေးရန် ဒေသခံ ပြည်သူများက တင်ပြကြကြောင်း ဦးထွန်းနီဝင်းက ဆက်ပြောသည်။

“ ဒေသခံတွေ တင်ပြတာက ဝက်လှနဲ့ ကုန်ဘောင်ကြား ရွာချင်းဆက် လမ်းတွေ လုပ်ပေးဖို့ တင်ပြကြတယ်။ ကိုယ်ထူကိုယ်ထ မူတန်းကျောင်း အခြေအနေတွေ။ ဥပမာ - သျှင်ကျော်ရွာမှာဆိုရင် ကိုယ်ထူကိုယ်ထ မူလတန်းကျောင်းရှိတယ်။ အစိုးရ ချပေးတဲ့ ကျောင်းမရှိဘူး။ ဒါကြောင့် ဒီကိုယ်ထူကိုယ်ထကျောင်းကို အဆင့်မြင့်တင်ပေးဖို့၊ နောက်နှစ်ဆိုရင် စာသင်လို့ မရတဲ့ ကျောင်းရဲ့ အခြေအနေကို တင်ပြကြတယ်။ လွှတ်တော်ကနေ တဆင့် လုပ်ပေးလို့ ရမလားပေါ့။ ” ဟု ပြောသည်။

မြောက်ဦးမြို့နယ် မြောက်ပိုင်းရှိ ကျေးရွာများတွင် ရွာချင်းဆက်လမ်းများ ဖောက်လုပ်ဆောင်ရွက်ပေးရန် လိုအပ်နေကြောင်း၊ မိုးရာသီဆိုလျှင် တံတားနှင့် လမ်းမကောင်းသည့်အတွက် အလယ်တန်းကျောင်းသားများမှာ စက်လှေဖြင့် သွားလာနေရကြောင်း၊ ကျန်းမာရေးကအစ လိုအပ်ချက်များ ရှိနေကြောင်း မြောက်ဦးမြို့နယ် ရခိုင်အမျိုးသားပါတီမှ အထွေထွေအတွင်းရေးမှူး ဦးထွန်းနီဝင်းက ပြောသည်။

မြောက်ဦးမြို့နယ် ရခိုင်အမျိုးသားပါတီအနေဖြင့် လွှတ်တော်ကိုယ်စားလှယ်များဖြင့်သော်လည်းကောင်း၊ ပါတီတွင်း ဗဟိုအလုပ်မှုကော်မတီဝင်များ သော်လည်းကောင်း မဲဆန္ဒရှင် ပြည်သူများနှင့် သွားရောက်တွေ့ဆုံများ ပြုလုပ်လျှက်ရှိသည်။

(အောက်တိုဘာလ ၈ ရက်နေ့က သျှင်ကျော်ဘုရားကြီးသိမ်တွင် မြောက်ဦးမြို့နယ် ရခိုင်အမျိုးသားပါတီမှ လွှတ်တော်ကိုယ်စားလှယ်များ ဒေသခံပြည်သူများနှင့်တွေ့ဆုံပွဲပြုလုပ်။ ဓါတ်ပုံ- ANP Facebook Page)

 

ဗီဒီယိုများ