မြန်မာတပ်မတော်နှင့် ရက္ခိုင့်တပ်မတော် ဘင်္ဂလာနယ်စပ်မှာ တိုက်ပွဲဖြစ်ပွား

ရခိုင်ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ နယ်စပ်တစ်နေရာတွင် မြန်မာတပ်မတော် စကခ (၉) လက်အောက်ခံ ခမရ (၃၇၇) တပ်ရင်းနှင့် ရက္ခိုင့်တပ်မတော် အမှတ် (၃) တပ်မဟာ၏ လှုပ်ရှားတပ်ရင်း (၃၀၄) တို့ ဇွန်လ ၉ ရက်နေ့က နံနက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ရက္ခိုင့်တပ်မတော်ဖက်မှ သတင်းထုတ်ပြန်ထားသည်။

By J-CW 10 Jun 2017

ဇွန်လ ၁၀ ရက်၊ ၂၀၁၇ ခုနှစ်၊ ဘင်္ဂလာနယ်စပ် (DMG) ။    ။   ရခိုင်ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ နယ်စပ်တစ်နေရာတွင် မြန်မာတပ်မတော် စကခ (၉) လက်အောက်ခံ ခမရ (၃၇၇) တပ်ရင်းနှင့် ရက္ခိုင့်တပ်မတော် အမှတ် (၃) တပ်မဟာ၏ လှုပ်ရှားတပ်ရင်း (၃၀၄) တို့ ဇွန်လ ၉ ရက်နေ့က နံနက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ရက္ခိုင့်တပ်မတော်ဖက်မှ သတင်းထုတ်ပြန်ထားသည်။

နံနက် (၈) နာရီ(၃၀) မိနစ်တွင် စတင်တိုက်ပွဲဖြစ်ပွားခဲ့ပြီး ညနေ (၄) နာရီခန့်တွင်မှ ရင်ဆိုင်တိုက်ပွဲခေတ္တရပ်တန့်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

တိုက်ပွဲဖြစ်ပွားသည့်နေရာသည် နယ်စပ်မျဉ်း BP-72 မှ (၅) ကီလိုမီတာအကွာအဝေးတွင်ဖြစ်ပွားခဲ့ပြီး ၎င်းနေရာသည် ရက္ခိုင့်တပ်မတော် တပ်ဖွဲ့များ လှုပ်ရှားသည့်နေရာဖြစ်ကြောင်း သိရသည်။

မြန်မာစစ်တပ်သည် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ကြောင်း၊ သို့သော်လည်း လက်နက်ကြီးကျည်ဆံများမှာ ထိမှန်ခြင်းမရှိကြောင်း၊ ၎င်းယမ်းငွေ့များကြောင့် ရဲဘော်အချို့ ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊ အော့အန်ခြင်း၊ ကိုယ်လက်မအီမသာဖြစ်ခြင်းများကို ဖြစ်ပေါ်စေခဲ့သည်ဟု ရက္ခိုင့်တပ်မတော် သတင်းနှင့်ပြန်ကြားရေးအဖွဲ့က ဆိုသည်။

တိုက်ပွဲအတွင်း မြန်မာစစ်တပ်ဖက်မှ အရာရှိတစ်ဦးအပါအဝင် စုစုပေါင်းလေးဦး (မျက်မြင်) ကျဆုံးခဲ့ပြီး ဒဏ်ရာရသူအများအပြားရှိခဲ့ကြောင်း၊ ရက္ခိုင့်တပ်မတော်ဖက်မှ အလတ်စားဒဏ်ရာရသူ တစ်ဦးရှိခဲ့ကြောင်း၊ တိုက်ပွဲများမှာ ဆက်လက်မြင့်မားလာဖွယ်ရှိနေကြောင်း ယင်းပြန်ကြားရေး အဖွဲ့ထံမှ သိရသည်။

ဗီဒီယိုများ