စစ်ကောင်စီလက်နက်ကြီးကြောင့် မောင်တောဒေသခံ ၃ ဦးဒဏ်ရာရ

ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ ရွှေရင်အေးကျေးရွာအတွင်း စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံ ၃ ဦး ထိခိုက်ဒဏ်ရာရရှိသွားသည်။ 

By Admin 05 Dec 2023

မောင်တောမြို့နယ်၊ ရွှေရင်အေးကျေးရွာမှ ဒဏ်ရာရရှိသူများ။ ဓာတ်ပုံ - ပေးပို့
မောင်တောမြို့နယ်၊ ရွှေရင်အေးကျေးရွာမှ ဒဏ်ရာရရှိသူများ။ ဓာတ်ပုံ - ပေးပို့

DMG ၊ ဒီဇင်ဘာ ၅

ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ ရွှေရင်အေးကျေးရွာမှ ဒေသခံ ၃ ဦးမှာ ကျေးရွာအတွင်း စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သိရသည်။ 

ဒီဇင်ဘာ ၄ ရက်၊ ညနေ ၆ နာရီကျော်တွင် နယ်ခြားစောင့်တပ်ဖွဲ့ခွဲ နခခ(၅)တပ်ရင်းက ပစ်ခတ်သည့် လက်နက်ကြီးကျည်ကြောင့် ဒေါ်ခင်ရီ (၆၂) နှစ်၊ ကိုမောင်လှအေး (၂၅) နှစ်နှင့် ၎င်း၏ကိုယ်ဝန်ဆောင်အမျိုးသမီး မလှစိန်ဝင်း (၂၂) နှစ် တို့ ထိခိုက်ဒဏ်ရာရရှိသွားခြင်းဖြစ်သည်။ 

“မနေ့က ၆ နာရီလောက်မှာ နခခ ၅ တပ်ရင်းကနေ လက်နက်ကြီး ၆ ကြိမ်လောက်ပစ်တယ်။ အဲဒီထဲက ၃ လုံးက ရွာထဲကိုလာကျတယ်။ လက်နက်ကြီးတစ်လုံးက သူတို့အိမ်ရှေ့မှာ ကျပြီးတော့ ကျည်စထိသွားတာ” ဟု ရွှေရင်အေးကျေးရွာသားတစ်ဦးက ပြောသည်။ 

လက်နက်ကြီးကျည်စ ထိမှန်မှုကြောင့် ကိုမောင်လှအေး၏ ဘယ်ဖက်ပေါင်၊ မလှစိန်ဝင်း၏ ဦးခေါင်းနှင့် ဒေါ်ခင်ရီ၏ ကျောကုန်းတို့တွင် အသေးစားထိခိုက်ဒဏ်ရာရရှိသွားပြီး မောင်တောဆေးရုံတွင် ဆေးကုသမှု ခံယူနေကြရသည်။ 

တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်နေမှုကြောင့် ရွှေရင်အေးကျေးရွာမှ ဒေသခံများမှာ လုံခြုံမည့်နေရာသို့ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ 

“အခု ရွာကလူတွေအကုန်လုံး ထွက်ပြေးနေကြရတယ်။ ရွာမှာ တစ်ယောက်မှမရှိတော့ဘူး။ မနေ့က တိုက်ပွဲဖြစ်တာလည်း မရှိဘူး။ သူတို့(စစ်ကောင်စီ)က ရမ်းသမ်းပြီးတော့ ပစ်နေကြတာ” ဟု ရွှေရင်အေးကျေးရွာမှ အမျိုးသမီးတစ်ဦးက ပြောသည်။ 

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြား မရှိပေ။

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ရမ်းသမ်းပစ်ခတ်နေခြင်းမှာ ပြည်သူလူထုကို ကြောက်လန့်အောင် တမင်တကာ လုပ်ဆောင်နေခြင်းဖြစ်သည်ဟု မောင်တောမြို့မှ ရပ်မိရပ်ဖတစ်ဦးက ရှုမြင်သည်။ 

“သူတို့(စစ်ကောင်စီ)က ညအချိန်မတော်လည်း လက်နက်ကြီးတွေပစ်တယ်။ တိုက်ပွဲမရှိလည်း ပစ်တယ်၊ တိုက်ပွဲဖြစ်ရင်လည်း ပစ်တယ်။ ဒီလိုလုပ်နေတာတွေဟာ ပြည်သူတွေကို တမင်တကာ ရည်ရွယ်ချက်ရှိရှိ ကြောက်လန့်အောင် လုပ်ဆောင်နေတာ”ဟု သူက ဆိုသည်။

ရခိုင်ဒေသတွင် စစ်ကောင်စီတပ်က ပြည်သူများနေထိုင်ရာ မြို့/ရွာများကို တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ လက်နက်ကြီး၊ လက်နက်ငယ်အပြင် ရဟတ်ယာဉ်၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများရှိနေ၍ အရပ်သားထိခိုက်သူဦးရေလည်း တဖြည်းဖြည်းမြင့်တက်လာနေသည်။ 

#D002 #DMG 

ဗီဒီယိုများ