တစ်ပတ်အတွင်း ရခိုင်သတင်းများစုစည်းမှု (၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့မှ ၁၅ ရက်နေ့အထိ)

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ဆင်အင်းကြီးကျေးရွာတွင် နိုဝင်ဘာလ ၁၀ ရက်နေ့ ညဉ့်အချိန်တွင် ရွာသား ၉ ဦးထက်မနည်း ရက်စက်စွာသတ်ဖြတ်ခံခဲ့ရပြီး နေအိမ် ၁၀ ဆောင်ခန့်မှာလည်း မီးရှို့ခံခဲ့ရသည်။

By Admin 17 Nov 2022

တစ်ပတ်အတွင်း ရခိုင်သတင်းများစုစည်းမှု (၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့မှ ၁၅ ရက်နေ့အထိ)

နိုဝင်ဘာ ၈

- မလေးရှားနိုင်ငံတွင် လာမည့် နိုဝင်ဘာ ၁၉ ရက်နေ့တွင် အထွေထွေရွေးကောက်ပွဲ ကျင်းပမည်ဖြစ်သောကြောင့် ယင်းကာလအတွင်း ရခိုင်ပြည်သူများ အသွားအလာဆင်ခြင်ကြရန် ရက္ခိုင့်လူမူကယ်ဆယ်ရေးကော်မတီ (ARRC) က နိုဝင်ဘာ ၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

- ရခိုင်ပြည်၊ တောင်ကုတ်မြို့မှ အသက် (၄၇) အရွယ် စည်ပင်ကော်မတီဥက္ကဌဟောင်း ကိုဇေယျာကျော်ကို နိုဝင်ဘာလ (၈ )ရက်၊ ညနေ (၃)နာရီခန့်က မြန်မာ စစ်တပ်က ဖမ်းဆီးသွားခဲ့သည်။

- ရခိုင်ပြည်၊ စစ်တွေ မြို့မှ ဓာတ်ပုံဆရာဦးစိုးမိုးကျော်မှာ နိုဝင်ဘာလ ၈ ရက်နေ့၊ နံနက်၁၀နာရီခန့်အချိန်ခန့်က မင်းပြားမှ စစ်တွေသို့အပြန်တွင် ကျောက်တော်တပ်မစစ်ရေးဂိတ်၌ ပျောက်ဆုံးသွားကြောင်း သိရသည်။

- ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ နတ်ဆိပ်ရွာမှ ကိုမောင်မျိုးလွင် (၂၄နှစ်)၊ ကိုရဲလင်းထွန်း (၂၅နှစ်) ၊ ကိုအောင်ကျော်ဌေး (၂၃နှစ်)၊ တန်းစွယ်ရွာမှ ကိုမောင်စိုးဝင်း ၊ ပုဏ္ဏားကျွန်းမြို့၊ စံပြရပ်ကွက်မှ ကိုအောင်မျိုးသန်း၊ အောင်ဗိမာန် ဘုန်းကြီးကျောင်းမှ ဆွမ်းတကာ ကိုကျောက်ချေနှင့် အခြားတစ်ဦးတို့ကို မြန်မာစစ်တပ်က နိုဝင်ဘာလ ၈ ရက်၊ ညနေ ၈ နာရီခွဲခန့်တွင် ဖမ်းဆီးသွားခဲ့သည်။

- မြန်မာစစ်တပ်နှင့်ရက္ခိုင့်တပ်တော်(AA)တို့သည် နိုဝင်ဘာလ ၈ ရက်နေ့က အမ်းမြို့နယ်အတွင်းတွင် တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့သောကြောင့် ဒေသခံရာနှင့်ချီထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

နိုဝင်ဘာ ၉

- DMG က ကောက်ယူထားသည့်စာရင်းအရ တကျော့ပြန်တိုက်ပွဲ စတင်ဖြစ်ပွားခဲ့သည့် ဩဂုတ်လမှ အောက်တိုဘာလအထိ သုံးလတာကာလအတွင်း လက်နက်ကြီးကျရောက်မှု၊ မိုင်းထိမှန်မှုတို့ကြောင့် အမျိုးသမီးနှင့် ကလေး စုစုပေါင်း ၅၂ ဦး သေဆုံးဒဏ်ရာရရှိခဲ့သည်။

- ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် အိမ်ခြံမြေများ ဈေးနှုန်းမြင့်တက်လာမှုနှင့်အတူ အိမ်ငှားခဈေးများမှာလည်း ယခင်နှစ်များထက် သိသိသာသာ မြင့်တက်လာနေကြောင်း အိမ်ငှားနေထိုင်သူအချို့ထံမှ သိရသည်။

- မြန်မာစစ်တပ်က သေနတ်ဖြင့် ခြောက်လှန့်ပစ်ခတ်နေမှုကြောင့် မင်းပြားမြို့နယ်မှ ဖလောင်းပြင်၊ ရေငန်ဆည်၊ ချောင်းဝ၊ လက်ဝါးခတ်၊ချောင်းဖျား၊နန်းချောင်၊ ကန်ချောင်၊ ကျားပိုက်ကေ၊ ချော်ချောင်း၊ အိုင့်ရွာ၊ သစ်ပုတ်တောင်၊ ကျောက်ခုပ်၊ သင်္ဂနက်၊သာယာကုန်း၊ ပြိုင်းတော၊ မြောင်ချောင်း၊ ရန်တိုင်၊ခမောင်းတော၊တောင်ရှည်ပြင်၊ ရင်းဘွေ ၊သအင်းရွာသစ်နှင့် သအင်းရွာဟောင်း စသည့် ကျေးရွာ ၂၀ ကျော်မှာ မြို့ပေါ်သို့ ခရီးသွားလာရေး အဆင်မပြေဖြစ်ပေါ်နေပြီး စားနပ်ရိက္ခာပြတ်တောက်မည့်အရေးနှင့် ရင်ဆိုင်နေကြရသည်။

- စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့သည့် ရခိုင်ပြည်၊ မောင်တောမြို့နယ်မြောက်ပိုင်း ရွက်ညိုတောင်ကျေးရွာမှ ကျောင်းထိုင်ဆရာတော်မှာ ဖမ်းဆီးခံရပြီး (၅) ရက်အကြာ နိုဝင်ဘာ ၉ ရက်နေ့၊ နံနက်ပိုင်းက ပြန်လည်လွတ်မြောက်လာခဲ့သည်။

နိုဝင်ဘာ ၁၀

- ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ် ပဒေသာကျေးရွာနှင့် ဆင်အင်းကြီးကျေးရွာကြားတွင် နိုဝင်ဘာလ ၁၀ ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီကားတစ်စီးကို ရက္ခိုင့်တပ်တော်(AA)က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီက လက်နက်ကြီးများပစ်ခတ်မှုနှင့် လေကြောင်းပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်။

- ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) ဗဟိုကော်မတီဝင် ခိုင်မြသာအား ရက္ခိုင့်တပ်တော်(AA)က နိုဝင်ဘာလ ၇ ရက်နေ့တွင် ဖမ်းဆီးသွားသဖြင့် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) က နိုဝင်ဘာလ ၁၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

- ရခိုင်ပြည်အတွင်း မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တကျော့ပြန်တိုက်ပွဲ ပြန်လည်ဖြစ်ပွားနေခြင်းကြောင့် ကျောက်တော်တောင်ပေါ်မှာ ဘုရားဖူးဧည့်သည်များကို အမှီပြုနေထိုင်နေသည့် မျောက်များမှာ အစာရေစာငတ်ပြတ်မှုနှင့် ထပ်မံကြုံတွေ့နေကြရသည်။

- ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ဆင်အင်းကြီးကျေးရွာတွင် နိုဝင်ဘာလ ၁၀ ရက်နေ့ ညဉ့်အချိန်တွင် ရွာသား ၉ ဦးထက်မနည်း ရက်စက်စွာသတ်ဖြတ်ခံခဲ့ရပြီး နေအိမ် ၁၀ ဆောင်ခန့်မှာလည်း မီးရှို့ခံခဲ့ရသည်။

- မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့၏ စစ်ရေးပဋိပက္ခကြောင့် ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့တွင် ခရီးသည်တင်ကားများ အပါအဝင် ကားအစီးရေ ၂၀၀ ကျော်အထိ ပိတ်မိလျက်ရှိနေဆဲ ဖြစ်သည်။

- ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ် ဒီပါရုံကျေးရွာတွင် နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက် ၇ နာရီခွဲခန့်က လက်နက်ကြီးကျည် ကျရောက်မှုကြောင့် အသက် ၄၁ နှစ်အရွယ် ဦးအေးစိုးသိန်းမှာ ညာလက်မောင်းအောက်တွင် လက်နက်ကြီးကျည်စ ထိမှန်ခဲ့ပြီး အသက် ၆၀ အရွယ် ဦးကျားချေမှာ ဘယ်ခြေထောက်ပြတ်ထွက်သည့် ဒဏ်ရာရရှိခဲ့သည်။

နိုဝင်ဘာ ၁၁

- ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့တွင် မြန်မာစစ်တပ်က ဖမ်းဆီးထားသော နတ်ဆိပ်ရွာမှ ကိုမောင်မျိုးလွင်(၂၄ နှစ်)၊ ကိုရဲလင်းထွန်း (၂၅ နှစ်)၊ ကိုအောင်ကျော်ဌေး(၂၃ နှစ်)၊ တန်းစွယ်ရွာမှ ကိုမောင်စိုးဝင်း၊ ပုဏ္ဏားကျွန်းမြို့၊ စံပြရပ် ကွက်မှ ကိုအောင်မျိုးသန်း၊ အောင်ဗိမာန်ဘုန်းကြီးကျောင်းမှ ဆွမ်းတကာ ကိုကျောက်ချေနှင့် အခြားတစ်ဦးတို့ဒေသခံ တစ်ဦးတို့မှာ နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက် ၁၁ နာရီအချိန်ခန့်က ပြန်လည်လွတ်မြောက်လာခဲ့သည်။

- ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ ရွှေပြည်(သစ်)ကျေးရွာအတွင်းသို့ နိုဝင်ဘာလ ၁၁ ရက်နေ့၊ နေ့လယ် ၁ နာရီကျော်အချိန်ခန့်က လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့သောကြောင့် မခိုင်ဇင်ဖြိုး(၇)နှစ်၊ မခင်စောဝေ ၂၇ နှစ်၊ ဦးမြအေး(၆၂ နှစ်)၊ ဦးလှမြင့်အောင် (၇၃ နှစ်)၊ မအောင်သောင်း (၂၉ နှစ်)၊ မလှလှကျော့ (၇ နှစ်)နှင့် မလှသန်းစိုး (၁၇ နှစ်)တို့မှာ ဒဏ်ရာအသီးသီး ရရှိခဲ့ကြသည်။

- ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ် ဆင်အင်းကြီးကျေးရွာမှ ဒေသခံများကို သတ်ဖြတ်ခဲ့ခြင်းမှာ စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့ခြင်းဖြစ်ပြီး ယင်းဖြစ်ရပ်တွင် ပါဝင်ပတ်သက် ကျူးလွန်ခဲ့သူများကို အပြင်းထန်ဆုံး လက်စားချေ တုံ့ပြန်သွားမည်ဖြစ်ကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် (ULA/AA) က နိုဝင်ဘာလ ၁၁ ရက်နေ့တွင် သတိပေး ထုတ်ပြန်ခဲ့သည်။

- ရခိုင်ပြည်၊ မောင်တောမြို့နယ်မြောက်ပိုင်း လောင်းဒုံအုပ်စု၊ ဂြိတ်ချောင်း(မြို)ရွာမှ အသက်(၄၅)နှစ်အရွယ် ဒေါ်မဆာထိုးမှာ နိုဝင်ဘာလ ၁၁ ရက်နေ့၊ ညနေ ၄ နာရီခန့်က ကျေးရွာ၏အရှေ့ဖက် ၂ မိုင်ကျော်အကွာရှိ လယ်ကွင်းသို့သွားစဉ် မိုင်းနင်းမိ၍ သေဆုံးသွားခဲ့သည်။

- ရခိုင်ပြည်၊ မင်းပြားမြို့တွင် နိုဝင်ဘာလ ၁၁ ရက်နေ့၊ ည ၁၀ နာရီအချိန်ခန့်က စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် ဈေးဟောင်းပိုင်းရပ်ကွက်ရှိ အောင်မြေကုန်းဘုန်းကြီးကျောင်းမှ ဆရာတော် ဦးဝရမဉ္ဇူ (သက်တော် ၅၀ နှစ် )၊ အလယ်ပိုင်းရပ်ကွက်မှ ဝင်းတိုးရွှေဆိုင်ပိုင်ရှင် ဦးကျော်နုမောင် (၄၉ နှစ်)နှင့် ငွေပိုင်ထွန်း လျပ်စစ်ပစ္စည်းဆိုင်ပိုင်ရှင် ဦးမောင်ထွန်းသိန်း (၅၃) နှစ်တို့ကို ဖမ်းဆီးသွားခဲ့သည်။

- ရခိုင်ပြည်၊ စစ်တွေမြို့၊ ဓညဝတီ(က)ရပ်ကွက်ရှိ ဘုန်းကြီးကျောင်းနှစ်ကျောင်းကို မြန်မာစစ်တပ်က နိုဝင်ဘာလ ၁၁ ရက်နေ့၊ ညနေပိုင်းတွင် ဝင်ရောက်လာကာ အာသောကရာမကျောင်းတိုက်တွင် နေထိုင်နေသည့် သုံးဘီးမောင်းသူ ဦးစိုးဝင်း၊ ဘေးတွဲမောင်းနှင်သူ ဦးထွန်းစိန်မောင်၊ ကိုမောင်လှထွန်း၊ ဂန္ဓာရုံဘုန်းကြီးကျောင်းမှ တက္ကသိုလ်ကျောင်းသားများဖြစ်ကြသည့် မောင်ဆိုင်အောင်ခင်၊ မောင်စိုးမင်း၊ မောင်အောင်လင်းစိုး၊ မောင်ဇော်လှိုင်ဦး၊ မောင်အောင်ငြိမ်းနှင့် ဝပ်ရှော့လုပ်ကိုင်နေသူ မောင်ကံစိုးတို့ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

- ရခိုင်ပြည်အတွင်းရှိ မြို့နယ်များသို့ ပြေးဆွဲနေသည့် သံတွဲမြို့မှ ရခိုင့်အားမာန်ကားဂိတ်ကို ယာယီပိတ်ထားရန် နိုဝင်ဘာလ(၁၁)ရက်နေ့တွင် စစ်ကောင်စီက ညွှန်ကြားခဲ့ကြောင်း ယင်းကားဂိတ် ဝန်ထမ်းများထံမှ သိရသည်။

နိုဝင်ဘာ ၁၂

- ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ကျောင်းတောင်ကျေးရွာတွင် နိုဝင်ဘာလ ၁၂ ရက်နေ့၊ နံနက်ပိုင်းက ရွာထဲသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့၍ ဒေါ်မတင်သိန်း အသက်(၅၅)နှစ်နှင့် မောင်ကိုခိုင်ဝင်း အသက်(၁၂)နှစ်တို့တွင် ဒဏ်ရာအသီးသီး ရရှိသွားခဲ့ကြသည်။

- ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ငပလီကမ်းခြေတွင် ဒုတိယအကြိမ်မြောက် ဆောင်းဦးပွဲတော်ကို လာမည့် နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြည်နယ်ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

- မောင်တော်မြို့နယ်၊ ခမောင်းဆိပ်ရွာသား အသက် ၂၄ နှစ်အရွယ် မောင်ဆန်းဌေးမှာ မင်္ဂလာညွှန့်ရွာမှ ကိုခင်ဇော်(အသက်၂၂နှစ်)၏ ဆိုင်ကယ်ကိုငှားရမ်းကာ နိုဝင်ဘာလ ၁ ရက်နေ့က ခမောင်းဆိပ်သို့သွားရာ ကျီးကန်းပြင်ဌာနချုပ်အနီးစစ်ဆေးရေးဂိတ်တွင် စစ်ဆေးမှုခံယူပြီးနောက် ပျောက်ဆုံးသွားခဲ့သည်ဟု မိသားစုဝင်များက ဆိုသည်။

- ရခိုင်ပြည်၊ မောင်တောမြောက်ပိုင်း ရန်အောင်ပြင်ကျေးရွာ အနီးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက နိုဝင်ဘာ ၁၂ရက်နေ့ နေ့လယ် (၁) နာရီခန့် ဂျက်လေယာဉ်နှစ်စီးဖြင့် လာရောက် ပစ်ခတ်မှုကြောင့် အနီးအနားရှိ မြဝတီ၊ တမန်သား၊ မင်္ဂလာညွန့် စသည့် ကျေးရွာများကို ထွက်ပြေးတိမ်ရှောင်ခဲ့ကြရသည်။

- ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ တန်းခိုးကျေးရွာမှ ဦးမောင်ဝင်းကြိုင်(၅၆ နှစ်)၊ ဦးမောင်သိန်း(၅၁ နှစ်)နှင့် ဦးဦးမောင်သိန် (၄၈ နှစ်)၊ ဦးဂျော်ဂျီအောင် (၅၀ နှစ်)တို့ကို မြန်မာစစ်တပ်က ဖမ်းဆီးသွားခဲ့သည်။

- ရခိုင်ပြည်နယ်၊ စစ်တွေမြို့ တရားသီးစုရပ်ကွက်ရှိ ဒေသန္တရဆေးပေးခန်းနှင့် မူလတန်းကျောင်းအနီးတွင်နေထိုင်သည့် ဦးဇော်နိုင်ဝင်း (၄၃ နှစ်)ကို စစ်တပ်နှင့်ရဲ ပူးပေါင်းအဖွဲ့က ဖမ်းဆီးသွားခဲ့သည်။

- ပုဏ္ဏားကျွန်းမြို့နယ်၊ကျွဲထိုးကျေးရွာမှ ဦးရွှေသီး (၅၆ နှစ်)၊ ဦးအောင်ဝင်းသိန်းနှင့် ဦးထွန်းလှအေး(၄၉ နှစ်) တို့ (၃) ဦးကို မျက်နှာအုပ်ကာ ဖမ်းဆီးနှိပ်စက်ပြီး စစ်ကြောင်းနှင့်အတူ ပုဏ္ဏားကျွန်းဘက်သို့ ခေါ်ဆောင်သွားကြောင်း ဒေသခံများက ပြောကြသည်။

နိုဝင်ဘာ ၁၃

- ရခိုင်ပြည်အတွင်းတွင် လက်နက်ကြီး၊ လက်နက်ငယ်ထိမှန်မှုနှင့် မိုင်းပေါက်ကွဲမှုတို့ကြောင့် နိုဝင်ဘာလ ၁၀ ရက်နေ့မှ ၁၂ ရက်နေ့အထိ သုံးရက်အတွင်း အရပ်သား ၁၂ ဦးသေဆုံးခဲ့ကာ ၁၆ ဦး ဒဏ်ရာရရှိခဲ့သည်။

- ရခိုင်ပြည်တွင် လက်ရှိဖြစ်ပွားနေသည့် တကျော့ပြန်တိုက်ပွဲအတွင်း မြန်မာစစ်တပ်က ဒရုန်းများအသုံးပြုကာ ပစ်ခတ်မှုများရှိလာကြောင်း ဒေသခံများထံမှ သိရသည်။

- မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့၏ စစ်ရေးပဋိပက္ခကြောင့် ပုဏ္ဏားကျွန်းမြို့နယ်၊ ကျေးရွာအသီးသီးမှ ထွက်ပြေးတိမ်းရှောင်နေရသော စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာအပါအဝင် အရေးပေါ်အကူအညီများ လိုအပ်လျက် ရှိနေသည်။

- ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူး ၇၀ ကျော်ရှိပြီး ထိုအထဲမှ ၅၀ ခန့်မှာ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA) ပတ်သက်နေသည်ဟု စွပ်စွဲပြောဆိုကာ ဆက်လက်ပတ်သက်ပါက ဖမ်းဆီးအရေးယူသွားမည်ဟု ငပလီအခြေစိုက် (၅၆၆) တပ်ရင်းမှူးက ခေါ်ယူသတိပေးခဲ့ကြောင်း သိရသည်။

နိုဝင်ဘာ ၁၄

- ရခိုင်ပြည်၊ မောင်တောမြို့နယ် မြောက်ပိုင်း ၊ ရန်အောင်ပြင်ကျေးရွာ မြောက်ဘက်တစ် မိုင်ခန့်အကွာ တောင်တန်းများတွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA) တို့ နိုဝင်ဘာလ ၁၄ ရက်နေ့၊ မွန်းလွဲ (၁၁) နာရီအချိန်ခန့်က တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။

- ရခိုင်ပြည်၊ အမ်းမြို့နယ်၊ င/လက်ကျအုပ်စု၊ ခရမ်းကျွန်းကျေးရွာ အလယ်တန်းကျောင်းခွဲမှ ကျောင်းအုပ် ဦးဇော်ဖြိုးဝေ(၃၀ နှစ်) ကို အရပ်ဝတ် ဝတ်ဆင်ထားသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားခဲ့သည်။

- မအီမြို့မှ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ရွှေဇီးဇံကုမ္ပဏီပိုင်ရှင် ဦးထွန်းကြွယ် (၅၆ နှစ်) ကို နိုဝင်ဘာလ(၁၄)ရက်နေ့၊ ညနေ( ၅)နာရီခန့်က တောင်ကုတ်မြို့ မီးချောင်းထိုးစစ်ဆေးရေးဂိတ်တွင် မြန်မာစစ်တပ်မှ ဖမ်းဆီးသွားခဲ့သည်။

- ရခိုင်ပြည်နယ်တွင် စစ်ကောင်စီတပ်မှ ကုန်းလမ်း၊ ရေလမ်းများကို အကန့်အသတ်မရှိ ပိတ်ထားသည့် အတွက် ဝယ်လက်မရှိဖြစ်နေ၍ မင်းပြားနှင့် မြောက်ဦးမြို့နယ်မှ ကွမ်းသီးခင်း ပိုင်ရှင်များမှာ အခက်ကြုံနေကြရသည်။

နိုဝင်ဘာ ၁၅

- ရခိုင်ပြည်အတွင်းသို့ ယခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ ပြည်ပခရီးသွားဝင်ရောက်မှုမှာ ၃၈၆၆ ဦး အထိရှိကြောင်း ပြည်နယ်ဟိုတယ်နှင့် ခရီးသွားညွန်ကြားမှုဦးစီးဌာနမှ သိရသည်။

- ရခိုင်ပြည်အတွင်း တကျော့ပြန်တိုက်ပွဲ ဖြစ်ပွားလာပြီးနောက် မြန်မာစစ်တပ်က သံသယထားကာ ဖမ်းဆီးသူများထဲတွင် ကျောင်းသားများနှင့် အသက်မပြည့်သေးသူများလည်း ပါဝင်လာသည်ဟု ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ ပြန်ကြားရေးတာဝန်ခံ ကိုဦးသန်းနိုင်ကပြောခဲ့သည်။

- ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ကွန်းတောင်ကျေးရွာ အရှေ့ဘက် ရထားဘူတာရုံတွင် တပ်စွဲထားသည့် စစ်ကောင်စီယာယီ စခန်းတစ်ခုကို ရက္ခိုင့်တပ်တော်(AA)က နိုဝင်ဘာ ၁၅ရက်နေ့၊ နံနက် ၇ နာရီခန့်က ဝင်ရောက်တိုက်ခိုက်ခဲ့သောကြောင့် မြန်မာစစ်တပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ကဏာန်းဒိုင်တွင် လုပ်ကိုင်နေသည့် အသက် (၃၄) နှစ်အရွယ် ကိုဇော်ဝင်းထွန်းမှာ ရင်ဘတ်နှင့်လက်မောင်းတို့တွင် ကျည်ထိမှန်ဒဏ်ရာများ ရရှိသွားခဲ့သည်။

- ရခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်၊ ငှက်ပျောချောင်းကျေးရွာ၏ အနောက်မြောက်ဖက်တွင် စစ်ကောင်စီ ယာဉ်တစ်စီးကို နိုဝင်ဘာ ၁၅ရက်နေ့၊ နံနက် ၁၀ နာရီခန့်က ရက္ခိုင့်တပ်တော် (AA)က မိုင်းဆွဲတိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီတပ်သားအချို့ ထိခိုက်ကျဆုံးမှု ရှိခဲ့သည်။

- မြန်မာစစ်တပ်က ရွာထဲဝင်လာစဉ် ဘေးလွတ်ရာကျေးရွာများသို့ ထွက်ပြေးကြရာ လူစုကွဲသွားသည့် ပုဏ္ဏားကျွန်းမြို့နယ်၊ ကျော်ဇံကျေးရွာမှ ဦးဦးစိန်ထွန်း အသက် (၆၃) နှစ်၊ ဦးဦးစောသိန်း အသက်( ၅၃) နှစ်နှင့် ဦးမဲလှအောင် (၆၅)နှစ်တို့ လက်ရှိအချိန်ထိ ရှာ၍ မတွေ့သေးဟု မိသားစုဝင်များက ပြောကြသည်။

- ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ အောင်ဖြူပြင်၊ ဘုရားကြီး၊ ယိုးငူ၊ ဘဲခိုးကြိမ်ချောင်း၊ ထောင်လောင်ပွန်း၊ ခမီကြိမ်ချောင်း၊ ကံဦး၊ ပဲစီးနန်းနှင့် ဖောင်ဆိပ်စသည့် ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူး ၉ ဦးမှာ နှုတ်ထွက်စာ တင်ခဲ့ကြသည်။

ဗီဒီယိုများ