ရှမ်းမြောက်တွင် လူဦးရေ ၉ သောင်းခန့် အရေးပေါ်အကူအညီ လိုအပ်နေ

တိုက်ပွဲဖြစ်ပွားနေသော ဒေသများတွင် ခရီးသွားလာခွင့်ပိတ်ပင်ထားပြီး ဆက်သွယ်ရေးလိုင်းများလည်း ပြတ်တောက်နေသဖြင့် လူသားချင်းစာနာမှု အကူအညီပေးရေးအတွက် ပို၍အဟန့်အတားဖြစ်နေကြောင်း UNOCHA က ဆိုသည်။ 

By Admin 10 Nov 2023

လားရှိုးမြို့နယ်ထဲက စစ်ဘေး‌ရှောင်များ။ ဓာတ်ပုံ - Aal Lao Noyt
လားရှိုးမြို့နယ်ထဲက စစ်ဘေး‌ရှောင်များ။ ဓာတ်ပုံ - Aal Lao Noyt

DMG ၊ နိုဝင်ဘာ ၁၀ 

စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ်သုံးဖွဲ့ တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရသည့် ရှမ်းပြည်နယ်မြောက်ပိုင်းမှ လူဦးရေ ၉ သောင်းခန့်မှာ အရေးပေါ်အကူအညီများ လိုအပ်နေကြောင်း UNOCHA က နိုဝင်ဘာလ ၉ ရက်နေ့တွင် ထုတ်ပြန်သည်။  

UNOCHA အနေဖြင့် အရေးပေါ်လူသားချင်းစာနာမှု အကူအညီများဆောင်ရွက်ရန် အမေရိကန်ဒေါ်လာ ၁ သန်း အသုံးပြုသွားမည်ဟု ဆိုထားသည်။ သို့သော်လည်း သွားရောက်ကူညီရန် သွားလာရေးအခက်အခဲရှိနေ၍ သက်ဆိုင်ရာအစုအဖွဲ့ အားလုံးအနေဖြင့် တိုက်ပွဲများရပ်တန့်ကာ အတားအဆီးမဲ့ ကူညီခွင့်ပြုရန် UNOCHA က တောင်းဆိုထားသည်။ 

ရှမ်းပြည်မြောက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် ညီနောင်သုံးဖွဲ့တို့ကြား တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်ပြီး နေရပ်စွန့်ခွာ တိမ်းရှောင်သူဦးရေမှာလည်း နေ့စဉ်တိုးလာနေသည်။ 

တိုက်ပွဲဖြစ်ပွားနေသော ဒေသများတွင် ခရီးသွားလာခွင့်ပိတ်ပင်ထားပြီး ဆက်သွယ်ရေးလိုင်းများလည်း ပြတ်တောက်နေသဖြင့် လူသားချင်းစာနာမှု အကူအညီပေးရေးအတွက် ပို၍အဟန့်အတားဖြစ်နေကြောင်း UNOCHA က ဆိုသည်။ 

သို့သော်လည်း UNOCHA အနေဖြင့် လုံခြုံရေးအခြေအနေကို စောင့်ကြည့်ပြီး လူသားချင်းစာနာမှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ကြိုးစားနေကြောင်း ပြောထားသည်။ 

ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ရေးအတွက် အဓိကကျသော လားရှိုး - မူဆယ်လမ်းကို စစ်ကောင်စီတပ်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တို့က ပိတ်ဆို့ထား၍ ဒေသခံပြည်သူများမှာ စားနပ်ရိက္ခာနှင့် ကျန်းမာရေး အခက်အခဲများ ဖြစ်ပေါ်နေကြသည်။ 

လက်ရှိတွင် ရှမ်းမြောက်ဒေသအတွင်း သယ်ယူပို့ဆောင်ရေးနှောင့်နှေးခြင်း၊ ဘဏ်လုပ်ငန်းများ လည်ပတ်မှုနှောင့်နှေးနေပြီး ငွေကြေးစီးဆင်းမှုလျော့ကျကာ အခြေခံစားသောက်ကုန်ဈေးနှုန်းများ မြင့်တက်လာနေသဖြင့် လူသားချင်းစာနာမှုလုပ်ငန်းများလည်း လျော့ကျလာနိုင်ကြောင်း UNOCHA က သုံးသပ်ထားသည်။ 

ပြီးခဲ့သည့် အောက်တိုဘာလ ၂၇ ရက်နေ့တွင် စတင်ခဲ့သော ညီနောင်မဟာမိတ်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေး အရှိန်အဟုန်မြင့်တက်လာသည်နှင့်အမျှ တိုက်ပွဲနယ်မြေလည်း တဖြည်းဖြည်း ကျယ်ပြန့်လာနေသည်။ 

စစ်အာဏာရှင်စနစ် အမြစ်ဖြုတ်ရေးအတွက် ရည်ရွယ်သော ၁၀၂၇ စစ်ဆင်ရေးကို မကြာမီကာလတွင် တော်လှန်ရေးအင်အားစုအဖွဲ့များနှင့် ပူးပေါင်း၍ တစ်နိုင်ငံလုံးအနှံ့ဆင်နွှဲသွားမည်ဟု ညီနောင်သုံးဖွဲ့က ပြောဆိုထားသည်။

#D002 #DMG

ဗီဒီယိုများ