နှစ်ပေါင်း (၆၀)ကျော် ဖိနှိပ်ခံခဲ့ရသောအမြစ်ဆိုးကို ရိုက်ချိုးနှုတ်ပစ်နိုင်ခဲ့ပြီဟု TNLA ပြော 

မြန်မာနိုင်ငံအတွင်း မဟာလူမျိုးကြီးဝါဒကျင့်သုံးကာ နှစ်ပေါင်း (၆၀)ကျော် အနိုင်ကျင့်ဖိနှိပ်ခံခဲ့ရသော အမြစ်ဆိုးကို ရိုက်ချိုးနှုတ်ပစ်နိုင်ခဲ့ပြီဖြစ်၍ စည်းစည်းလုံးလုံးနေထိုင်သွားကြရန် TNLA စစ်ဦးစီးချုပ်က ပြောဆိုလိုက်သည်။ 

By Admin 28 Mar 2024

မတ်လ ၂၆ ရက်က ပြုလုပ်သည့် နမ့်ဆန်မြို့နယ်လူထုနှင့် TNLA ခေါင်းဆောင်များ တွေ့ဆုံပွဲ။ ဓာတ်ပုံ - TNLA
မတ်လ ၂၆ ရက်က ပြုလုပ်သည့် နမ့်ဆန်မြို့နယ်လူထုနှင့် TNLA ခေါင်းဆောင်များ တွေ့ဆုံပွဲ။ ဓာတ်ပုံ - TNLA

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PSLF/TNLA) ခေါင်းဆောင်များက မတ်လ ၂၆ ရက်တွင် နမ့်ဆန်မြို့နယ်ရှိ ဒေသခံများနှင့်တွေ့ဆုံပွဲတွင် စစ်ဦးစီးချုပ် ဗိုလ်ချုပ်တားဟိုပလန်က ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါတွေ့ဆုံပွဲကို PSLF/TNLA ဥက္ကဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်း၊ အထွေထွေအတွင်းရေးမှူ ဗိုလ်ချုပ် တားဘုန်းကျော်၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ် တားဟိုပလန်နှင့် နမ့်ဆန်မြိုနယ်အတွင်းရှိ ကျေးရွာအုပ်စု (၂၃)စုက ဒေသခံ (၃၀၀)ကျော် တက်ရောက်ခဲ့ကြသည်။ 

နမ့်ဆန်မြို့အပြင် တအာင်းဒေသတစ်ခုလုံးကို တအာင်းတပ်မတော်နှင့် ပြည်သူလူထုများ ပူးပေါင်းကာကွယ် စောင့်ရှောက်ရမည်ဟုလည်း PSLF/TNLA ဥက္ကဌက ပြောကြားခဲ့သည်။ 

ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက “အသက်သွေးချွေးစွန့်ကာ တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့တဲ့ နမ့်ဆန်မြို့အပြင် တအာင်းလူမျိုးတွေရဲ့ ဒေသတစ်ခုလုံးအား တအာင်းတပ်မတော်နဲ့ ထိုဒေသအတွင်းနေထိုင်ကြတဲ့ ပြည်သူလူထု များစုပေါင်းကာ အတူတကွ ကာကွယ်စောင့်ရှောက်ရမယ်” ဟု ပြောသည်။ 

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်တွင် စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးအတွင်း TNLA က ရှမ်းပြည်နယ် မြောက်ပိုင်းရှိ နမ့်ခမ်း၊ နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ မိုင်းငေါ့၊ မိုင်းလုံနှင့် ကွတ်ခိုင်မြို့တို့ကို သိမ်းပိုက်ထိန်းချုပ်ထားသည်။

TNLA ထိန်းချုပ်ထားသော မြို့များတွင် အုပ်ချုပ်ရေးယန္တရားတည်ဆောက်ပြီး ကျန်းမာရေး၊ ပညာရေး၊ ဒေသဖွံ့ဖြိုးရေး၊ လမ်းပန်းဆက်သွယ်ရေး စသည့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။ 

PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော် “နမ့်ဆန်မြို့အပြင် မိမိတိုတအာင်းဒေသအတွင်း လက်ဖက်လုပ်ငန်း ပိုမိုအဆင့်မြှင့်တင်သွားဖို့နဲ့ ပညာရေး၊ ကျန်းမာရေး၊ အုပ်ချုပ်ရေးကဏ္ဍများအား အကောင်းဆုံးဖြစ်အောင် စနစ်တကျစီမံသွားမယ်” ဟု လူထုတွေ့ဆုံပွဲမိန့်ခွန်းတွင် တည့်သွင်းပြောကြားခဲ့သည်။

ညီနောင်မဟာမိတ်သုံးဖွဲ့၏ ၁၀၂၇ စစ်ရေးစတင်ပြီးနောက် နိုင်ငံတစ်ဝှမ်းတွင် တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသည့် မြို့ပေါင်း ၅၀ အထိရှိပြီး ယင်းထဲတွင် AA က မြို့အများဆုံး သိမ်းပိုက်ထားနိုင်သည်ဟု BNI-Myanmar Peace Monitor ၏ မှတ်တမ်းများအရ သိရသည်။

ဗီဒီယိုများ