မောင်တောက စစ်ကောင်စီရဲကင်းစခန်းကို AA ဝင်တိုက်

ဒုံးညိုရွာအနီးရှိ နယ်ခြားစောင့်ရဲကင်းစခန်းကို ဝင်ရောက်မတိုက်ခိုက်မီ “အညံ့ခံမည်လား၊ တိုက်ခိုက်မည်လား” ဟု AA က ကြိုတင်သတိပေးမှုရှိခဲ့သည်။

By Admin 16 Nov 2023

ဓာတ်ပုံ - ညီနောင်မဟာမိတ် (၃) ဖွဲ့
ဓာတ်ပုံ - ညီနောင်မဟာမိတ် (၃) ဖွဲ့

DMG ၊ နိုဝင်ဘာ ၁၆ 

ရခိုင်ပြည်၊ မောင်တောမြို့နယ် မြောက်ပိုင်း ဒုံးညို(မြို)ကျေးရွာအနီးရှိ စစ်ကောင်စီ၏ နယ်ခြားစောင့်ရဲကင်းစခန်းကို ရက္ခိုင့်တပ်တော်(AA)က ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် နှစ်ဖက်တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံများထံမှ သိရသည်။ 

အဆိုပါ နယ်ခြားစောင့်စခန်းကို AA က ယနေ့ နံနက် ၇ နာရီအချိန်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ ယင်းနောက် အပြန်အလှန်ပစ်ခတ်မှုများနှင့်အတူ စစ်ကောင်စီဘက်က ဂျက်တိုက်လေယာဉ်၊ လက်နက်ကြီး/ငယ်များဖြင့် ပစ်ခတ်ကာ ညနေ ၃ နာရီကျော်ထိ နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

“သူတို့တွေ ပြန်ပြီးစပစ်တာက ညနေ ၄ နာရီကျော်လောက်မှာ ဖြစ်တယ်။ အခုလည်း ပစ်ခတ်နေတုန်းပဲ။ ရဲစခန်းကတော့ တော်တော်မီးလောင်နေတယ်။ မီးခိုးငွေ့တွေကို ရွာထဲမှာလည်းတွေ့ရတယ်” ဟု ဒုံးညိုကျေးရွာသားတစ်ဦးက ပြောသည်။ 

ဒုံးညိုရွာအနီးရှိ နယ်ခြားစောင့်ရဲကင်းစခန်းကို ဝင်ရောက်မတိုက်ခိုက်မီ “အညံ့ခံမည်လား၊ တိုက်ခိုက်မည်လား” ဟု AA က ကြိုတင်သတိပေးမှုရှိခဲ့သည်။ ယင်းနောက် ဒုံးညိုကျေးရွာသားများမှာ တိုက်ပွဲဖြစ်ပွားလာမည်ကို စိုးရိမ်၍ နိုဝင်ဘာလ ၁၄ ရက်မှစကာ လုံခြုံရာသို့ တိမ်းရှောင်နေကြကြောင်း သိရသည်။ 

"တောထဲမှာ နေရတာ ၃ ရက်လောက်ရှိပြီ။ အစစအရာရာ အခက်အခဲတွေနဲ့ရင်ဆိုင်ပြီး နေကြရတာ" ဟု တိမ်းရှောင်နေသည့် ဒုံးညိုကျေးရွာမှ အမျိုးသားတစ်ဦးက ပြောသည်။

နိုဝင်ဘာလ ၁၅ ရက်နေ့၊ နံနက်ပိုင်းကလည်း မောင်တောမြို့နယ်၊ ကံပြင်သာစည်ရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့အား AA ဘက်က လက်နက်ချအညံ့ခံရန် အသိပေးသော်လည်း လက်ခံမှုမရှိသဖြင့် လိုက်လံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား (၅) ဦးသေဆုံးပြီး ဒဏ်ရာရသူအချို့ရှိကြောင်း AA က ထုတ်ပြန်သည်။  

လက်နက်ချအညံ့ခံရန် အသိပေးထားသော်လည်း လက်ခံမှုမရှိသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ဆက်လက် တိုက်ခိုက်သွားမည်ဟု AA က ထုတ်ပြန်ထားသည်။ 

#D009 #DMG 

ဗီဒီယိုများ