ရခိုင်ရှိ ချင်းမျိုးနွယ်စုများ၏ အမျိုးသားကြန်အင်လက္ခဏာ ဘုံသဘောတူညီချက်ရရှိရေးကို ဆွေးနွေး

ရခိုင်ပြည်တွင်နေထိုင်ကြသည့် ချင်းတိုင်းရင်းသားမျိုးနွယ်စုဝင်များ၏ အမျိုးသားကြန်အင်လက္ခဏာ ဘုံသဘောတူညီချက်များ တည်ဆောက်နိုင်ရေးအတွက် ချင်းအရပ်ဖက်အဖွဲ့စည်းများက ဧပြီလ(၂၃)ရက်နှင့် (၂၄)ရက်နေ့အထိ နှစ်ရက်ကြာဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

25 Apr 2022

DMG ၊ ဧပြီ ၂၅

ရခိုင်ပြည်တွင်နေထိုင်ကြသည့် ချင်းတိုင်းရင်းသားမျိုးနွယ်စုဝင်များ၏ အမျိုးသားကြန်အင်လက္ခဏာ ဘုံသဘောတူညီချက်များ တည်ဆောက်နိုင်ရေးအတွက် ချင်းအရပ်ဖက်အဖွဲ့စည်းများက ဧပြီလ(၂၃)ရက်နှင့် (၂၄)ရက်နေ့အထိ နှစ်ရက်ကြာဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲကို မြေပုံမြို့နယ်၊ ဥက္ကံကျေးရွာတွင်ကျင်းပခဲ့ပြီး ရခိုင်ရှိ ချင်းအရပ်ဖက်အဖွဲ့အစည်း(၂၄)ဖွဲ့မှ လူဦးရေ ၁၀၀ ကျော် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါပွဲကို ရခိုင်ပြည်ရှိ ချင်းလူမျိုးနွယ်စုများ၏ မတူညီသည့် ယဉ်ကျေးမှု၊ ဓလေ့စရိုက်၊ ရိုးရာအစဉ်လာများကို လက်ခံနိုင်အောင်တည်ဆောက်ရန်၊ ၎င်းတို့နေထိုင်ရာဒေသတွင် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုများကို ထိန်းသိမ်းရန်၊ သူတို့၏ ပညာရေးအခက်ခဲများကို ချင်းအရပ်ဖက်အဖွဲ့စည်းများအနေဖြင့် ဖြေရှင်းနိုင်ရန် စသည့်အချက်များဖြင့်ဆွေးနွေးခဲ့ကြောင်း Arakan Chin Together(ACT) တာဝန်ရှိသူက DMG ကိုပြောသည်။

“အဓိက ရခိုင်မှာရှိတဲ့ချင်းလူမျိုးတွေရဲ့ ဘုံအမျိုးသားကြန်အင်လက္ခဏာ တည်ဆောက်မယ်ဆိုတဲ့ရည်ရွယ်ချက်၊ ရခိုင်မှာရှိတဲ့ ချင်းအမျိုးသားဒေသတွေမှာ သဘာဝပတ်ဝန်းကျင်ပျက်စီးတာ၊ သစ်တောပြုန်းတီးတာတွေကို ဘယ်လိုပုံစံမျိုးနှင့် ပြုပြင်ထိန်းသိမ်းကြမလဲ။ နောက်ဆုံးတစ်ခုက ရခိုင်မှာရှိတဲ့ ချင်းလူမျိုးတွေကြုံတွေနေရတဲ့ ပညာရေးအခက်အခဲတွေကို ရခိုင်မှာရှိတဲ့ ချင်းအရပ်ဖက်အဖွဲ့စည်းတွေက ဘယ်လိုမျိုးကူညီနိုင်မလဲဆိုတဲ့ နည်းလမ်းတွေကိုရှာပြီး ဘယ်လိုအကောင်ထည်ဖော်မလဲဆိုတာတွေကို ဆွေးနွေးပွဲပြုလုပ်ဖြစ်တာပါ”ဟု ACT ပြန်ကြားရေးတာဝန်ခံ ဆလိုင်းထွန်းလှကျော်ကပြောသည်။

ရခိုင်ပြည်နယ်တွင် စုမ်းတူ၊ လေးတူ၊ လောက်တူ၊ အရှို၊ လိုင်းစော၊ ဥ(ပ်)ပူး စသည့်ချင်းမျိုးနွယ်စု (၆)မျိုးရှိပြီး ၄င်တို့မှာ အမ်း၊ မင်းပြား၊ မြေပုံ စသည့်မြို့နယ်များတွင် အဓိကနေထိုင်ကြကာ တောင်ယာလုပ်ငန်းနှင့် လယ်ယာလုပ်ငန်းများကို အဓိကလုပ်ကိုင်ကြကြောင်းသိရသည်။

ယခုလို ချင်းအရပ်ဖက်အဖွဲ့စည်းများအနေဖြင့် တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ခြင်းသည် ချင်းလူမျိုးအချင်းချင်း ပိုမိုရင်းနှီးမှုနှင့်အတူ ကောင်းမွန်သည့်အကျိုးရလာဒ်များရှိခဲ့သည်ဟု ဆွေးနွေးပွဲသို့တက်ရောက်ခဲ့သည့် ချင်းသမိုင်းသုတေသီ ဆလိုင်းနော်စော က DMG ကိုပြောသည်။

“ဒီတွေ့ဆုံပွဲရဲ့အကျိုးရလာဒ်က ချင်းအရပ်ဖက်လူမှုအဖွဲ့စည်းတွေက ဗဟုသုတတွေတိုးသွားတယ်။ ပြီးတော့ ကိုယ့်ချင်းလူမျိုးတွေအတွက် လိုအပ်ချက်တွေဘာရှိမလဲ။ ပြီးတော့ ပြုပြင်စရာတွေဘာတွေရှိမလဲဆိုတာကို တစ်ယောက်နဲ့တစ်ယောက် ကောင်းကောင်း အပြန်အလှန်ဆွေးနွေးလို့ရခဲ့တယ်”ဟု ဆလိုင်းနော်စော ကဆိုသည်။

အလားတူ ပြီးခဲ့သည့် မတ်လ ၅ ရက်နှင့် ၆ ရက်ကလည်း ရခိုင်ပြည်နယ်တွင် နေထိုင်ကြသည့် ချင်းတိုင်းရင်းသားမျိုးနွယ်စုဝင်များ တစ်စုတစ်စည်းတည်းဖြစ်လာစေရန်အတွက် မြေပုံမြို့နယ်၊ ဝါးခုတ်ချောင်းကျေးရွာတွင် ချင်းအရပ်ဖက်အဖွဲ့များက ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဗီဒီယိုများ