ချင်းပြည်နယ်တွင် လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် သေဆုံးဒဏ်ရာသူ များပြား

ယနေ့ ဧပြီလ ၁၀ ရက် နံနက် ၁၁ နာရီဝန်းကျင်၌ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဝေဘူလမြို့အနီး စာသင်ကျောင်းသို့  စစ်ကောင်စီက ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးနှစ်လုံးကြဲချခဲ့ကြောင်း မြို့ခံတစ်ဦးက ပြောသည်။

By Admin 10 Apr 2023

လေကြောင်းတိုက်ခိုက်ခံရသည့် ဝေဘူလမြို့မှ နေရာများအား တွေ့ရစဉ်။ (ဓာတ်ပုံ - Chin Word)
လေကြောင်းတိုက်ခိုက်ခံရသည့် ဝေဘူလမြို့မှ နေရာများအား တွေ့ရစဉ်။ (ဓာတ်ပုံ - Chin Word)

DMG ၊ ဧပြီ ၁၀

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ဝေဘူလမြို့အတွင်းသို့ ယနေ့နံနက်ပိုင်းက စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုအတွင်း ဒေသခံ ၁၁ ဦးသေဆုံးခဲ့ကာ ၇ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း မြေပြင်သတင်းရင်းမြစ်ထံက သိရသည်။

ယနေ့ ဧပြီလ ၁၀ ရက် နံနက် ၁၁ နာရီဝန်းကျင်၌ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဝေဘူလမြို့အနီး စာသင်ကျောင်းသို့  စစ်ကောင်စီက ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးနှစ်လုံးကြဲချခဲ့ကြောင်း မြို့ခံတစ်ဦးက ပြောသည်။

“CNDF က ဖွင့်ထားတဲ့ အထက်တန်းစာသင်ကျောင်း အနီးကို ဗုံးကြဲသွားတယ်။ ဂျက်လေယာဉ်တစ်စီးထဲပဲ။ တိုက်ပွဲဖြစ်ပွားတာမရှိဘဲနဲ့ တမင်တကာ ဗုံးကြဲသွားတယ်” ဟု ဝေဘူလ မြို့ခံတစ်ဦးက ပြောသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် စာသင်ကျောင်းအနီးရှိ ဝန်ထမ်းအိမ်ယာတစ်လုံးနှင့် နေအိမ်အချို့ ပျက်စီးခဲ့ပြီး ဒေသခံ ၁၁ ဦးသေဆုံးကာ ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဝေဘူလမြို့ လူမှုကူညီရေးအသင်းဝင်များထံက သိရသည်။

“စာသင်ကျောင်းအနီး ဝန်ထမ်းအိမ်တစ်လုံးကတော့ လုံးဝကို ပျက်စီးသွားတယ်။ သေဆုံးတဲ့သူစာရင်းက ၁၁ ယောက်ရှိတယ်။ ၇ ဦးကတော့ ဒဏ်ရာပြင်းတယ်။ ဒဏ်ရာရတဲ့သူတွေကို ဟားခါးဆေးရုံကို ပို့ပေးထားပါတယ်” ဟု ဝေဘူလ လူမှုကူညီရေးအသင်းဝင်တစ်ဦးက ဆိုသည်။

ယနေ့ နံနက်ပိုင်းက ဖလမ်းမြို့နယ် ဗားရ်ရွာအနီးတွင် ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့(CNDF) နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သဖြင့် ဗားရ်ရွာနှင့်အနီးတဝိုက်ကို စစ်ကောင်စီက ဂျက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ပြီးနောက် အပြန်တွင် ဝေဘူလမြို့ပေါ် ဗုံးကြဲခဲ့ခြင်းဖြစ်ကြောင်း CNDF မှ သတင်းထုတ်ပြန်သည်။ 

ထိုသို့ ဝေဘူလမြို့အတွင်းသို့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံများ ထိခိုက်သေဆုံးမှုနှင့် ပက်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း ထံ ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံ ဖြေဆိုခြင်းမရှိပေ။

အလားတူ မတ်လ ၃၀ ရက်နေ့ကလည်း ထန်တလန်မြို့နယ်၊ ခွာဖိုရွာကို စစ်ကောင်စီတပ်က လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် လူ ၉ ဦးသေဆုံးပြီး ၂၀ ဦး ဒဏ်ရာရခဲ့သည်။

စစ်ကောင်စီသည် တီးတိန်၊ တွန်းဇံ၊ ဖလမ်း၊ ကန်ပက်လက်၊ မတူပီ၊ ထန်တလန်၊ ဟားခါးမြို့စသည့် ချင်းပြည်နယ်အားလုံးနီးပါးကို စစ်အုပ်ချုပ်ရေး ကြေညာထားပြီး လေကြောင်းတိုက်ခိုက်မှုများအပြင် အင်အားအပြားအပြားဖြင့် ထိုးစစ်ဆင် တိုက်ခိုက်မှုများ ပြုလုပ်နေသည်။ 

#F004

ဗီဒီယိုများ