ချင်းတော်လှန်ရေးတပ်ဖွဲ့ကို ဆက်လက် ကူညီပေးသွားမည်ဟု AA ပြော

စစ်ကောင်စီကို ပြင်းပြင်းထန်ထန် တိုက်ခိုက်နေသော ချင်းတော်လှန်ရေးတပ်ဖွဲ့(မင်းတပ်) ကိုအိမ်နီးချင်းကောင်းမိတ်ဖက်အဖွဲ့အဖြစ်နှင့် ဆက်လက်ရပ်တည် ကူညီပေးသွားမည်ဖြစ်ကြောင်း AA က ကြေညာလိုက်သည်။

By Admin 25 Apr 2023

ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်) တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ - CDF-Mindat)
ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်) တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ - CDF-Mindat)

DMG ၊ ဧပြီ ၂၅

စစ်ကောင်စီကို ပြင်းပြင်းထန်ထန် တိုက်ခိုက်နေသော ချင်းတော်လှန်ရေးတပ်ဖွဲ့(မင်းတပ်) ကို ရက္ခိုင့်တပ်တော်(AA) က အိမ်နီးချင်းကောင်းမိတ်ဖက်အဖွဲ့အဖြစ်နှင့် ဆက်လက်ရပ်တည် ကူညီပေးသွားမည်ဖြစ်ကြောင်း ကြေညာလိုက်သည်။

ဧပြီလ ၂၄ ရက်နေ့က ကျရောက်သော ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်) CDF-Mindat တည်ထောင်ခြင်း (၂) နှစ်ပြည့်အခမ်းအနားသို့ ရက္ခိုင့်တပ်တော် အာလဖာ(၃) စစ်ဒေသမှ ပေးပို့သည့် ဂုဏ်ပြုသဝဏ်လွှာမှတစ်ဆင့် ပြောဆိုလိုက်ခြင်းဖြစ်သည်။

AA သည် CDF-Mindat စတင်ဖွဲ့စည်းချိန်ကစပြီး အိမ်နီးနားချင်း တော်လှန်ရေးမိတ်ဖက် အဖွဲ့အစည်းတခုအဖြစ် အကောင်းဆုံး ရပ်တည်ပေးလျက်ရှိကာ ဆက်လက်၍လည်း အပြန်အလှန်နားလည်မှု၊ ယုံကြည်မှု၊ ဖေးမကူညီမှုများနှင့်အတူ အကောင်းဆုံး ရပ်တည်ပေးသွားမည်ဖြစ်ကြောင်း သဝဏ်လွှာတွင် ဖော်ပြသည်။

နွေဦးတော်လှန်ရေးနှင့်အတူ ပေါ်ပေါက်လာသော ဒေသနှင့်လူမျိုးကိုယ်စားပြု ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်) သည် ချင်းပြည်၊ မင်းတပ်နယ်တစ်လျှောက်၌ တူမီးသေနတ် အပါဝင် ရရာလက်နက်ဖြင့် စစ်ကောင်စီအား ရဲရဲဝံ့ဝံ့ တော်လှန်တိုက်ခိုက်ခဲ့သည်မှာ ၂ နှစ်ကျော်ကြာမြင့်လာပြီဟု ရက္ခိုင့်တပ်တော် အာလဖာ(၃) စစ်ဒေသက ဆိုသည်။

ချင်းပြည်နယ်၊ ပလက်ဝဒေသတွင် AA စတင်အခြေချ စစ်ရေးလှုပ်ရှားစဉ်က ဒေသတွင်းစစ်ပွဲကြောင့် ချင်းလူမျိုးများ ထိခိုက်ရသည်ဟုဆိုကာ အမြင်မတူညီမှုတချို့လည်း ရှိခဲ့သည်။

သို့သော်လည်း ချင်းတော်လှန်ရေးတပ်ဖွဲ့သို့ ယခုအချိန်တွင် AA က သဝဏ်လွှာပို့ပေးခြင်းမှာ ချင်းနှင့်ရခိုင် လူမျိုးတို့အကြား စစ်ရေး၊ နိုင်ငံရေး၊ လူမျိုးရေးကဏ္ဍတွင် ပိုမိုကောင်းမွန်သော အနေအထားတစ်ရပ်ကို ဖော်ပြနေခြင်းဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူတို့က ပြောဆိုကြသည်။

“အရင်က တချို့ချင်းနိုင်ငံရေးသမားတွေက ရက္ခိုင့်တပ်တော်ရဲ့ လုပ်ဆောင်ချက်အပေါ်မှာ ဝေဖန်သံတွေရှိခဲ့တယ်။ ဒါပေမယ့်လည်း ၂၀၂၁ နောက်ပိုင်းမှာတော့ ပူးပေါင်းပါဝင်မှုရှိတယ်။ အာဏာသိမ်းခံရတဲ့နောက်ပိုင်းမှာ ရက္ခိုင့်တပ်တော်က အဓိက စစ်သင်တန်းပေးတာတွေ၊ မဟာမိတ်ထူထောင်တဲ့ အပိုင်းတွေမှာတော့ တော်တော်လေးအားကောင်းတယ်လို့ ပြောလို့ရတယ်။ ဒါကတော့ တော်လှန်ရေးအရရော၊ နိုင်ငံရေးအရပါ ကောင်းတဲ့လုပ်ရပ်ဖြစ်ပါတယ်” ဟု ရခိုင့်နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးထွန်းကြည်က ဆိုသည်။

CDF-Mindat သည် ၎င်းတို့၏ နိုင်ငံရေး ရည်မှန်းချက်ဖြစ်သော စစ်အာဏာရှင် စနစ်အမြစ်ပြတ်ရေး၊ စစ်မှန်သောဖက်ဒရယ် ရရှိရေးအတွက် စုစည်းမှုအားကောင်းစွာဖြင့် ကျစ်လစ်ခိုင်မာသော ချင်းအမျိုးသားကာကွယ်ရေးတပ် တစ်ခုကို တော်လှန်ရေးလောကဓံ အထုအထောင်းများအောက်တွင် အကောင်းဆုံး ကြိုးစားတည်ဆောက်နေသည်ကို တွေ့ရကြောင်း AA က ဆိုသည်။

ချင်းပြည်နှင့် ရခိုင်ပြည်သည် နယ်နိမိတ်ချင်းထိစပ်နေပြီး ချင်းလူမျိုးမှာ ရခိုင်ပြည်အတွင်း တတိယအများဆုံးအဖြစ် သမိုင်းအဆက်ဆက် နေထိုင်လာကြပြီး ချင်းပြည်အတွင်းမှာလည်း ရခိုင်လူမျိုးများ နေထိုင်လျက်ရှိသည်။

သံတွဲမြို့နယ်မှ ချင်းလူငယ်တစ်ဦးက “ရက္ခိုင့်တပ်တော်အနေနဲ့ ဒီလိုသဝဏ်လွှာပို့တာဟာ ကျနော်တို့အတွက် အရမ်းကိုကောင်းတယ်။ ချင်းပြည်နဲ့ ရခိုင်ပြည် ဆိုတာကလည်း နယ်နိမိတ်ချင်း ထိစပ်နေတယ်။ ဒါဟာ တစ်မြေတည်းနေ၊ တစ်ရေသောက် ပုံစံမျိုးနဲ့ အတူတူရှိနေတယ်။ ချင်းလူမျိုးနဲ့ ရခိုင်လူမျိုးက သဟဇာတရှိရှိ ပူးပေါင်းဆောင်ရွက်မှုတွေ၊ အနာဂတ်မှာ အပြန်အလှန် ယုံကြည်မှုတွေကအစ ကောင်းမွန်တဲ့ နိုင်ငံရေးပုံရိပ်တစ်ခုကို အတူလက်တွဲလုပ်ဆောင်ဖို့ လိုအပ်တယ်” ဟု ပြောသည်။

ချင်းပြည်နယ်သည် အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုအားကောင်းသော ဒေသတစ်ခုဖြစ်ပြီး ချင်းဒေသမှ ကာကွယ်ရေးတပ်များကို AA က စစ်ပညာ၊ လက်နက်ခဲယမ်း စသည့် တော်လှန်ရေးနှင့်ဆက်စပ်သော အကူအညီပေးမှုများ ရှိနေသည်။

#R007

ဗီဒီယိုများ