ရခိုင်တွင် စက်သုံးဆီဆိုင်ကြီးများ ပိတ်ထားရ၊ ဓာတ်ဆီတစ်လီတာ နှစ်သောင်းကျပ်နီးပါး ဈေးတက်နေ 

သံတွဲနှင့် ဂွမြို့မှလွဲ၍ အခြားမြို့များတွင် စက်သုံးဆီအရောင်းဆိုင်ကြီးများ ပိတ်သိမ်းထားသည်မှာ ၁၀ ရက်ခန့် ကြာမြင့်လာပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ 

By Admin 06 Dec 2023

ကျောက်ဖြူမြို့ရှိ စက်သုံးဆီအရောင်းဆိုင် တစ်ဆိုင်ကို နိုဝင်ဘာလ ၁၄ ရက်နေ့က တွေ့ရစဉ်။ 
ကျောက်ဖြူမြို့ရှိ စက်သုံးဆီအရောင်းဆိုင် တစ်ဆိုင်ကို နိုဝင်ဘာလ ၁၄ ရက်နေ့က တွေ့ရစဉ်။ 

DMG ၊ ဒီဇင်ဘာ ၆

ရခိုင်တွင် စစ်ကောင်စီက လမ်းပိတ်ဆို့ထားသဖြင့် မြို့နယ် ၁၅ ခုက လိုင်စင်ရ စက်သုံးဆီအရောင်းဆိုင်ကြီးများတွင် စက်သုံးဆီပြတ်လပ်နေပြီး ဆိုင်ပိတ်ထားရကြောင်း စုံစမ်းသိရသည်။ 

သံတွဲနှင့် ဂွမြို့မှလွဲ၍ အခြားမြို့များတွင် စက်သုံးဆီအရောင်းဆိုင်ကြီးများ ပိတ်သိမ်းထားသည်မှာ ၁၀ ရက်ခန့် ကြာမြင့်လာပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ 

စစ်တွေမြို့မှ စက်သုံးဆီအရောင်းဆိုင် ပိုင်ရှင်တစ်ဦးက “စက်သုံးဆီတွေရှိရင်တော့ ဘယ်ဆိုင်မဆို ရောင်းချင်ကြတာပေါ့။ အခုက လမ်းပိတ်ထားတာလည်းကြာပြီဆိုတော့ ရှိတဲ့ဆီတွေလည်း ပြတ်လပ်သွားကြပြီ။ တချို့ ဆိုင်တွေဆို လက်ကျန်ရှိရင်တောင်မှ အရေးပေါ်သုံးဖို့အတွက် မရောင်းချင်ကြတော့ဘူးလေ”  ဟု ပြောသည်။ 

ပြီးခဲ့သည့် နိုဝင်ဘာ ၁၃ ရက်မှစပြီး ရခိုင်ပြည်မြောက်ပိုင်းကို ဆက်သွယ်ထားသည့် စစ်တွေ - ရန်ကုန် ကားလမ်းနှင့် ရခိုင်ပြည်တောင်ပိုင်းကို ဆက်သွယ်ထားသည့် ကျောက်ဖြူ - ရန်ကုန် ကားလမ်းအပါအဝင် မြို့ချင်းဆက် ကုန်းလမ်း၊ ရေလမ်းများအားလုံးကို စစ်ကောင်စီက ပိတ်ဆို့လိုက်သည်။

ထို့ကြောင့် စက်သုံးဆီအရောင်းဆိုင်များမှာ သိုလှောင်ထားသည့် လက်ကျန်ဆီများကို ရောင်းချပြီးနောက်တွင် ဆီပြတ်လပ်သွားပြီဖြစ်၍ ဆိုင်ပိတ်ထားရခြင်းဖြစ်သည်ဟု အရောင်းဆိုင်ပိုင်ရှင်များက ပြောသည်။

သို့သော်လည်း တချို့စက်သုံးဆီအရောင်းဆိုင်များမှာ အမှန်တကယ် ဆီပြတ်လပ်မှုမရှိဘဲ ဈေးတင်ရောင်းရန်နှင့် ဈေးကစားရန် ရည်ရွယ်ချက်များဖြင့် ဆိုင်ပိတ်ထားမှုများရှိကြောင်း ဒေသခံများက ပြောကြသည်။

“တရားဝင်ရောင်းချခွင့်ရှိတဲ့ ဆိုင်တွေက ဆီပြတ်သွားပြီလို့ ပြောတယ်။ တရားမဝင်တဲ့ အပြင်ဆိုင်တွေကျတော့ ဆီရှိနေကြတယ်။ ဒါက ဘာအဓိပ္ပာယ်လဲဆိုတော့ လိုင်စင်ရဆိုင်တွေဟာ အပြင်ကဆိုင်တွေကို နောက်ကွယ်ကနေ ရောင်းချနေလို့ပဲ။ သုံးစွဲသူတွေကိုရောင်းမယ်ဆိုရင် တရားဝင် သတ်မှတ်ထားတဲ့ဈေးနဲ့ပဲ ရောင်းရမှာဆိုတော့ ဆီပြတ်ဟန်ဆောင်ပြီး မတရားလောဘနဲ့ လုပ်စားနေကြတာ” ဟု တောင်ကုတ်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ 

လက်ရှိတွင် စစ်တွေ၊ အမ်း၊ တောင်ကုတ်မြို့နယ်များတွင် အောက်တိန်း ၉၂ တစ်လီတာကို ၁၅,၀၀၀ ကျပ်နှင့် အခြားမြို့နယ်များတွင် ငွေကျပ် ၁၈,၀၀၀ အထိ ဈေးနှုန်းမြင့်တက်နေကြောင်း ဒေသခံများထံမှ သိရသည်။ 

စက်သုံးဆီဈေးမြင့်တက်မှုကြောင့် သယ်ယူပို့ဆောင်ရေးဖြင့် အသက်မွေးဝမ်းကျောင်းနေကြသည့် ကားသမား၊ စက်လှေသမားများအပါအဝင် ဒေသခံအားလုံးမှာ  နေ့စဉ်လှုပ်ရှားသွားလာရေး၌ အခက်အခဲများရှိနေကြသည်။ 

“စက်သုံးဆီဈေးတက်နေတော့ အစိုးရဌာနက အောက်ခြေဝန်ထမ်းတွေဆိုရင် ရုံးတက်ဖို့အတွက် ဆီစရိတ် မတတ်နိုင်တော့ဘူး။ ရုံးမတက်ရင်လည်း အစိုးရကိုပုန်ကန်တယ် ဆိုပြီး အဖမ်းခံရမယ်။ ရုံးတက်ဖို့အတွက် ဆီထည့်မယ်ဆိုရင်လည်း စားစရာမရှိတော့ဘူး” ဟု ကျောက်ဖြူမြို့နယ်မှ ပညာရေးဝန်ထမ်းတစ်ဦးက ပြောသည်။ 

မြန်မာနိုင်ငံတွင် စက်သုံးဆီများကို ပြည်ပနိုင်ငံများမှ အဓိက တင်သွင်းနေခြင်းဖြစ်ပြီး ၂၀၂၁ ခုနှစ် အဏာသိမ်းမှု နောက်ပိုင်း ပြည်ပနိုင်ငံများမှ စစ်ကောင်စီကို ဒဏ်ခတ်ပိတ်ဆို့မှုများ ပြုလုပ်လာသောကြောင့် စက်သုံဆီအပါအ ဝင် နိုင်ငံတကာ ကုန်သွယ်မှုကဏ္ဍမှာ အကျဘက်သို့ ဦးတည်နေသည်။

#D005 #DMG 

ဗီဒီယိုများ