COVID-19 ကြောင့် စိုက်ပျိုးစရိတ်ချေးငွေ ပြန်ဆပ်ခြင်းကို မေလကုန်အထိ ရွှေ့ဆိုင်းထား

COVID-19 ရောဂါကြောင့် ရခိုင်ပြည်နယ်တွင် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ပြန်ဆပ်မည့်ရက်ကို မေလ ၃၁ ရက်နေ့အထိ ရွှေ့ဆိုင်းပေးထားကြောင်း သတင်းရရှိသည်။

By အောင်ကောင်းဇော် 22 May 2020

အောင်ကောင်းဇော် | DMG
မေ ၂၂ ၊ မာန်အောင်

COVID-19 ရောဂါကြောင့် ရခိုင်ပြည်နယ်တွင် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ပြန်ဆပ်မည့်ရက်ကို မေလ ၃၁ ရက်နေ့အထိ ရွှေ့ဆိုင်းပေးထားကြောင်း သတင်းရရှိသည်။

ယခင်နှစ်များက စိုက်ပျိုးရေးစရိတ်ချေးငွေများကို ဧပြီလ ၁၅ ရက်နေ့ နောက်ဆုံးထားဆပ်ကြရပြီး ယမန်နှစ်က ချေးယူထားသည့် ချေးငွေများပြန်ဆပ်ရန်အတွက် လက်ရှိမှာ ရက်နောက်ဆုတ်ထားခြင်းဖြစ်ကြောင်း မာန်အောင်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာ ဦးပြုံးနိုင်က ပြောသည်။

“ဒီနှစ်မှာတော့ COVID-19 ကြောင့် မေလ ၁၅ ရက်နေ့လို့ ပထမတစ်ကြိမ် နောက်ဆုံးထားသတ်မှတ်ခဲ့တယ်။ အခုတော့ မေလ ၃၁ ရက်နေ့ နောက်ဆုံးထားဆပ်ရမယ်လို့ ထပ်ပြီးသတ်မှတ်ပေးထားတယ်” ဟု ၎င်းက ဆိုသည်။

မိုးစပါးစိုက်ပျိုးရေးစရိတ် ချေးငွေကို လယ်တစ်ဧကလျှင် ငွေကျပ်တစ်သိန်းခွဲနှုန်းဖြင့် အစိုးရမှ ထုတ်ချေး ပေးထားပြီး သတ်မှတ်ရက်အတွင်း ပြန်မဆပ်နိုင်ပါက ငွေကျပ် ၁၀၀ လျှင် ၁ ကျပ်နှုန်းထားဖြင့် ဒဏ်တိုး ပေးဆောင်ရမည်ဖြစ်ကြောင်းလည်း ဦးပြုံးနိုင်က ပြောသည်။

မာန်အောင်မြို့နယ်အတွင်းတွင် ၂၀၁၉ ခုနှစ်က လယ်ဧက ၂၅၉၁၀ ဧကအတွက် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးပေးထားကြောင်း မာန်အောင်မြို့နယ် လယ်ယာဖွံ့ဖြိုးတိုးတက်ရေးဘဏ် သိရသည်။

တောင်သူများအနေဖြင့် သီးနှံဖြစ်ထွန်းမှု မရှိသောကြောင့် စိုက်ပျိုးရေးစရိတ်ချေးငွေများ ပြန်ဆပ်ရန် အခက်တွေ့နေရကြောင်း တောင်သူ ဦးခင်မောင်သန်းက ပြောသည်။

“သီးနှံလည်းမဖြစ်ဘူး။ ပြီးတော့ ဒီနှစ်က COVID-19 ကြောင့် အခြားအလုပ်အကိုင်တွေလည်း နည်းတယ်။ ငွေလည်း ချေးလို့မရဘူး။ ဘယ်လိုလုပ်ရမယ်မှန်းတောင် မသိဘူး။ တော်တော့်ကို အခက်ဖြစ်နေတယ်” ဟု ၎င်းကဆိုသည်။

၂၀၂၀ ခုနှစ်အတွက် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေကို ပြီးခဲ့သည့် ဧပြီလ ၁၅ ရက်နေ့မှ စတင်ထုတ်ချေးပေးနေပြီ ဖြစ်သော်လည်း မာန်အောင်မြို့နယ်အတွင်းတွင် ယခင် ၂၀၁၉ ခုနှစ်က ချေးယူထားသည့် မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေပြန်ဆပ်သူမှာ ၆ ဒသမ ၃၃ ရာခိုင်နှုန်းအထိသာ ရှိသေးကြောင်း မာန်အောင်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် သိရသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့နယ်များတွင်လည်း တိုက်ပွဲကြောင့် တောင်ယာစိုက်ပျိုးရေးလုပ်ငန်းများ ဆုံးရှုံးမှုရှိနေသဖြင့် စိုက်ပျိုးရေးစရိတ်ချေးငွေကို အစိုးရမှကင်းလွတ်ခွင့်ပေးဖို့ ပြီးခဲ့သည့် မတ်လအတွင်းက တောင်သူများ တောင်းဆိုထားကြသည်။

တိုက်ပွဲကြောင့် တောင်သူလယ်သမားများ ကြုံတွေ့နေရသည့် အခက်အခဲများနှင့်ပတ်သက်ပြီး အစိုးရအနေဖြင့် တစ်စုံတစ်ရာ စစ်တမ်းကောက်ယူနေသည်ကို မတွေ့ရကြောင်းလည်း ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူ လယ်သမားသမဂ္ဂ ဥက္ကဋ္ဌ ဦးကျော်ဇံက ပြောသည်။

၂၀၁၉ ခုနှစ်အတွင်းက ရခိုင်ပြည်နယ်မြောက်ပိုင်းမြို့နယ်များတွင် ထွန်ယက်မစိုက်ပျိုးနိုင်ခဲ့သည့် လယ်ယာမြေ များနှင့် စိုက်ပျိုးပြီး မရိတ်သိမ်းနိုင်ခဲ့သည့် လယ်မြေစုစုပေါင်း ဧက ၅ သောင်းခန့်အထိရှိခဲ့ကြောင်း ရခိုင်ပြည်လုံး ဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ၏ စာရင်းအရသိရသည်။

ဗီဒီယိုများ