ရခိုင်ပြည်မှတောင်သူများ စိုက်ပျိုးရေးစရိတ်ချေးငွေ ၇၈ ဘီလီယံကျော် ပြန်ဆပ်ရန်ကျန်ရှိနေသေး

လယ်သမားများကို မြန်မာလယ်ယာဖွံဖြိုးရေးဘဏ် (ရခိုင်ပြည်နယ်ဘဏ်ခွဲ) မှ စိုက်ပျိုးရေးချေးငွေများ ထုတ်ချေးထားခြင်းဖြစ်ပြီး ပုဏ္ဏားကျွန်းမြို့နယ်၊  ကျောက်တော်မြို့နယ်၊ မြောက်ဦးမြို့နယ်၊ ရသေ့တောင်မြို့နယ်တို့မှ ချေးငွေဆပ်ရန် အများဆုံး ကျန်ရှိနေခြင်းဖြစ်ကြောင်း သိရသည်။ 

By Admin 20 Feb 2023

ရခိုင်ပြည်မှတောင်သူများ စိုက်ပျိုးရေးစရိတ်ချေးငွေ ၇၈ ဘီလီယံကျော် ပြန်ဆပ်ရန်ကျန်ရှိနေသေး

DMG ၊ ဖေဖော်ဝါရီ ၁၈

ရခိုင်ပြည်အတွင်းရှိ တောင်သူလယ်သမားများထံမှ စိုက်ပျိုးရေးစရိတ်ချေးငွေ ၇၈ ဘီလီယံကျော် ပြန်ဆပ်ရန် ကျန်ရှိနေသေးကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (ရခိုင်ပြည်နယ်ဘဏ်ခွဲ)မှ သိရသည်။

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်မှ စတင်ကာ  တောင်သူလယ်သမားများမှာ အခက်အခဲအမျိုးမျိုးကြောင့်  ကြွေးကျန်များဆပ်ရန် ကျန်ရှိနေခြင်းဖြစ်ပြီး လက်ရှိတွင်  ၇၈ ဘီလီယံကျော် (ရာခိုင်နှုန်းအရ ၃၀ ရာခိုင်နှုန်း) ဆပ်ရန်ကျန်ရှိနေသေးကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (ရခိုင်ပြည်နယ်ဘဏ်ခွဲ) တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။ 

ရခိုင်ပြည်ရှိ (၁၇)မြို့နယ်များမှ  လယ်သမားများကို မြန်မာလယ်ယာဖွံဖြိုးရေးဘဏ် (ရခိုင်ပြည်နယ်ဘဏ်ခွဲ) မှ စိုက်ပျိုးရေးချေးငွေများ ထုတ်ချေးထားခြင်းဖြစ်ပြီး ပုဏ္ဏားကျွန်းမြို့နယ်၊  ကျောက်တော်မြို့နယ်၊ မြောက်ဦးမြို့နယ်၊ ရသေ့တောင်မြို့နယ်တို့မှ ချေးငွေဆပ်ရန် အများဆုံး ကျန်ရှိနေခြင်းဖြစ်ကြောင်း သိရသည်။ 

“လယ်သမားတွေကို နောက်နှစ်မှာလည်း ကျနော်တို့က ငွေချေးချင်တယ်။ လယ်သမားတွေကို ငွေချေးနိုင်ဖို့အတွက် ကျနော်တို့က ဆောင်ရွက်နေရတာဆိုတော့ ငွေတွေကို အချိန်မီ လာပြီးဆပ်နိုင်အောင်၊ ဆပ်ပြီးရင် မကြာခင်ချက်ချင်း ထုတ်ချေးလို့ရအောင် မြို့နယ်တွေမှာ ဆွေးနွေးမှုတွေလုပ်ပြီး စည်းရုံးနေတယ်။ လယ်သမားတွေနဲ့ ဟောပြောပြီး အသိပေးနေရတယ်ပေါ့။ ပြီးရင် အုပ်ချုပ်ရေးမှူးတွေနဲ့ အကြောင်းကြားပြီး ချေးငွေတွေလာဆပ်ကြပါ။ ဘဏ်ကိုလည်း လာခဲ့ကြပါပေါ့။ တဖက်မှာလည်း စာတွေနဲ့အကြောင်းပါးနေရတယ်ပေါ့” ဟု မန်နေဂျာ ဦးဘကျော်တင်က ပြောသည်။

လယ်သမားများမှာ ကြွေးကျန်များ မဆပ်နိုင်သည့်အတွက် စိုက်ပျိုးရေးချေးငွယူသူများ လျော့နည်းလာပြီး အတိုးများသာ တိုးလာနေကြောင်းလည်း သိရသည်။ ကိုဗစ်ကပ်ရောဂါနှင့် ဒေသအတွင်းဖြစ်ပွားခဲ့သည့် နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် တောင်သူလယ်သမားများမှာ လုပ်ငန်းမလည်ပတ်နိုင်ကြသည့်အတွက် ချေးငွေများ ပြန်မဆပ်နိုင်ကြခြင်းဖြစ်ကြောင်း ဦးဘကျော်တင်က ပြောဆိုထားသည်။ 

ပုဏ္ဏားကျွန်းမြို့နယ် အလယ်ကျွန်းကျေးရွာမှ တောင်သူတစ်ဦးဖြစ်သည့် ဦးစံလှအောင်က “မုန်တိုင်းကြောင့် လယ်ကွင်းထဲကို ဆားငံရေဝင်တာကြောင့် စပါးတွေ ပျက်စီးသွားတယ်။ ပြီးရင် တိုက်ပွဲဖြစ်တာကြောင့် ရှောင်နေရတဲ့အခါ  ရွာကလူတွေမှာ ကျွဲတွေ၊ နွားတွေ လွှတ်ထားခဲ့ကြတယ်။ စပါးတွေအကုန်လုံး ကျွဲ၊ နွားစားထားတာကြောင့် ဒီနှစ် စပါးလုံးဝကို မရလိုက်ကြဘူး။ အရင်က စပါးတစ်ထောင်ရရင် ဒီနှစ်တစ်ရာပဲရကြတယ်။ ကိုယ့်ဝမ်းစာအတွက်တောင် မရလိုက်လို့ လူတွေဆီက ဝယ်ယူရတယ်။ ချေးငွေတော့ ဒီနှစ် ရွာမှာ တစ်ယောက်မှ မဆပ်နိုင်ကြဘူး။ သိပ်အခက်အခဲဖြစ်ရတယ်” ဟု ပြောသည်။

တောင်သူလယ်သမားများမှာ နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် ဓာတ်မြေသြဇာများ ဈေးနှုန်းမြင့်တက်ခြင်းအပါအဝင် သွင်းအားစုစရိတ်များ ကြီးမားနေမှုကြောင့်လည်း လယ်ယာလုပ်ငန်းလုပ်ကိုင်ရန် အခက်အခဲများ ရှိလာနေကြသည်။  

“တိုက်ပွဲတွေကြောင့် စပါးအချိန်မှန် မရိတ်သိမ်းရ၊ အချိန်မှန်မထွန်ရနဲ့ စပါးတွေလည်း မရတော့ ချေးငွေမဆပ်နိုင်ဘူး။ အရင်နှစ်တွေကဆိုရင် လယ်သမားတွေမှာ အချိန်မှန်ဆပ်နိုင်တယ်။ တစ်ဖက်မှာလည်း မြေဆီတွေက သုံးရတယ်။ မြေဆီတွေ ဈေးတက်တယ်။ အလုပ်သမားတွေလည်း အရင်ကလို မဟုတ်တော့ဘူး။ ရှားလာတယ် ။ ဒါတွေကြောင့် လယ်သမားတွေမှာ ချေးငွေဆပ်ဖို့ အားနည်းလာကြတာ” ဟု ပေါက်တောမြို့နယ်၊ ကျောက်ဆစ်ကျေးရွာမှ တောင်သူ ဦးလှစိန်အောင်က ပြောသည်။  

စိုက်ပျိုးစရိတ်ချေးငွေမှာ တစ်ဧကကို ချေးငွေတစ်သိန်းခွဲနှုန်းဖြင့် လယ်သမားတစ်ဦးကို လယ် ၁၀ ဧကအထိ ထုတ်ချေးပေးနေခြင်း ဖြစ်သည်။ ချေးငွေများကို လယ်သမားများမှပြန်ဆပ်သည့်အခါ ငွေတစ်သိန်းကို တစ်လလျှင် အတိုးနှုန်း ၅ ကျပ်ဖြင့် ပြန်ဆပ်ရကြောင်း လယ်သမားများထံမှ သိရသည်။

#I001

ဗီဒီယိုများ