မုန်တိုင်းသင့်လယ်သမားများ အခက်အခဲကို တင်ပြလာလျှင် စိုက်/ဘဏ်က ကူညီပေးမည်ဟုဆို

လယ်သမားများ ချေးငွေ ပြန်ဆပ်သည့်အခါ ငွေတစ်သိန်းကို တစ်လလျှင် ၅ ကျပ်အတိုးနှုန်းဖြင့် ပြန်ဆပ်ကြရသည်။ သို့သော်လည်း မုန်တိုင်းကြောင့် ထိခိုက်နစ်နာမှုများစွာရှိသဖြင့် ရခိုင်ကလယ်သမားအများစုမှာ စိုက်ပျိုးရေးစရိတ်ချေးငွေ ပြန်ဆပ်ရန် အခက်အခဲ ရှိနေကြသည်။

By Admin 13 Jun 2023

မုန်တိုင်းသင့်လယ်သမားများ အခက်အခဲကို တင်ပြလာလျှင် စိုက်/ဘဏ်က ကူညီပေးမည်ဟုဆို

DMG ၊ ဇွန် ၁၃

မုန်တိုင်းကြောင့် လယ်ယာမြေနှင့် မျိုးစပါး ပျက်စီးသွားသည့် လယ်သမားများမှာ ယခုနှစ် လယ်ယာလုပ်ငန်းလုပ်ကိုင်ရန် ချေးငွေနှင့် အခြားအခက်အခဲများ ရှိနေခြင်းနှင့်ပတ်သက်ပြီး ကာယကံရှင်များကိုယ်တိုင် တင်ပြတောင်းဆိုလာပါက တစ်စုံတစ်ခု ဖြေလျော့ပေးရန် ကူညီပေးသွားမည်ဖြစ်ကြောင်း ပြည်နယ် စိုက်/ဘဏ် တာဝန်ရှိသူက DMG ကို ပြောသည်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (ရခိုင်ပြည်နယ်ဘဏ်ခွဲ) မန်နေဂျာ ဦးဘကျော်စိန်က “လယ်သမားတွေကလည်း သူတို့အခက်အခဲကို တင်ပြသင့်တယ်။ သူတို့ဘက်က တင်ပြလာတယ် ဆိုရင် ကျ‌နော်တို့ကလည်း သက်ဆိုင်ရာအရာရှိတွေကို တင်ပြပေးလို့ရတယ်။ ချေးငွေမဆပ်နိုင်တဲ့သူတွေကို လျော့ပေါ့ပေးတာပဲဖြစ်ဖြစ် ဒါမှမဟုတ် ထပ်ပြီး ထုတ်ချေးပေးမှာပဲ ဖြစ်ဖြစ် တစ်ခုခုလုပ်လို့ရအောင်ပါ။ အခုအချိန်မှာ ကျနော်တို့ဘက်ကလည်း ဘာမှ ဆုံးဖြတ်ပိုင်ခွင့် မရှိသေးဘူး။ သက်ဆိုင်ရာ အရာရှိတွေ ဆုံးဖြတ်ပေးမှပဲ ကျနော်တို့ လုပ်လို့ရမှာပါ။ လယ်သမားတွေအပေါ်မှာပဲ မူတည်နေတယ်” ဟု ပြောသည်။

ရခိုင်တွင် ပြီးခဲ့သည့်နှစ်က ‌ချေးငွေ ပြန်ဆပ်နိုင်သည့် လယ်သမားများကို ယခုနှစ် ပြန်လည်ထုတ်ချေးရန် ငွေကျပ် ၄၀ ဘီလီယံကို ကနဦးလျာထားပြီး ထပ်မံလိုအပ်လာပါက ထပ်တိုးချေးပေးသွားမည်ဟု သိရသည်။

လယ်သမားများအတွက် စိုက်ပျိုးရေးစရိတ် ချေး‌ငွေကို မေလ ၃၁ ရက်နေ့မှ စတင်ကာ မြို့နယ်အလိုက် တစ်ဧကကို ချေးငွေ တစ်သိန်းခွဲနှုန်းဖြင့် လယ်သမားတစ်ဦးကို လယ် ၁၀ ဧကအထိ ထုတ်ချေးပေးနေကြောင်း သိရသည်။

လယ်သမားများ ချေးငွေ ပြန်ဆပ်သည့်အခါ ငွေတစ်သိန်းကို တစ်လလျှင် ၅ ကျပ်အတိုးနှုန်းဖြင့် ပြန်ဆပ်ကြရသည်။ သို့သော်လည်း မုန်တိုင်းကြောင့် ထိခိုက်နစ်နာမှုများစွာရှိသဖြင့် ရခိုင်ကလယ်သမားအများစုမှာ စိုက်ပျိုးရေးစရိတ်ချေးငွေ ပြန်ဆပ်ရန် အခက်အခဲ ရှိနေကြသည်။

ရသေ့တောင်မြို့နယ် အလယ်ချောင်းကျေးရွာမှ လယ်သမား ဦးဝင်းဦးက “ပထမတော့ လယ်ထဲကို ဆားငံရေဝင်ခဲ့တဲ့အတွက် စပါးအထွက်နှုန်းကျဆင်းပြီး ချေးငွေဆပ်ဖို့ အဆင်မပြေခဲ့ဘူး။ ဒါကြောင့် ကျွဲ၊နွား ၄ ကောင်ရောင်းပြီး ချေးငွေဆပ်ဖို့လုပ်တယ်။ ပိုက်ဆံအကုန်လုံး ပြင်ဆင်ပြီးခါမှ မုန်တိုင်းဝင်ရောက်ခဲ့တဲ့အတွက် နေအိမ်တွေပျက်စီးတော့ ချေးငွေဆပ်ဖို့ ပိုက်ဆံတွေ အကုန်လုံး ပြန်သုံးလိုက်ရတယ်။ မုန်တိုင်းနဲ့ ကျွဲ၊ နွားတွေလည်း သေသွားတော့ အခု အကုန်လုံး ဒုက္ခဖြစ်နေပါပြီ” ဟု ဆိုသည်။

မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် အင်အားပြင်း မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ရသေ့တောင်မြို့နယ်က ဒုံးပိုက်၊ ဆင်ပိုက်၊ ကိုးတန်ကောက်၊ အလယ်ချောင်း စသည့် ကျေးရွာများတွင် ကျွဲ၊ နွားနှင့် အိမ်မွေးတိရိစ္ဆာန် ထောင်နှင့်ချီ သေဆုံးခဲ့ရသည်။

လက်ရှိတွင် လယ်သမားများမှာ မျိုးစပါးအခက်အခဲအပြင် လယ်ထွန်စက်လည်း ဆားငံရေဝင်သွားခြင်းကြောင့် အသုံးပြုရန် အဆင်မပြေ ဖြစ်နေကြသည်ဟု ဆိုကြသည်။

“လယ်သမားတွေရဲ့ အခက်အခဲကို သတင်းမီဒီယာကနေ နေ့တိုင်းလိုလို တင်ပြနေပေမဲ့ ဘယ်သူကမှ အလေးထား ဆောင်ရွက်တာ မတွေ့ရသေးဘူး။ လယ်သမားတွေ လယ်မလုပ်နိုင်ရင်တော့ တစ်ပြည်နယ်လုံးမှာ စားဖို့အတွက် ထိခိုက်သွားမှာဖြစ်ပါတယ်။ ဒါကြောင့် လယ်ယာလုပ်ငန်းတိုးတက်ဖို့ နိုင်ငံတကာအဖွဲ့အစည်းတွေ အပါအဝင် အကုန်လုံးက ကူညီပေးဖို့ လိုအပ်ပါတယ် ” ဟု မြေပုံမြို့နယ် မြောက်ကြိမ်ကျေးရွာမှ လယ်သမား ဦးကျော်သန်းက ဆိုသည်။

မုန်းတိုင်းသင့်လယ်သမားများကို မျိုးစပါးထောက်ပံ့ပေးမည်ဟုဆိုကာ အဖွဲ့အစည်းအချို့က စာရင်းကောက်ယူသွားသော်လည်း လက်ရှိအချိန်အထိ အကူအညီ တစုံတရာ မရရှိသေးကြောင်း လယ်သမားများက ပြောသည်။

လက်ရှိ လယ်သများများ ရင်ဆိုင်နေရသည့် အခက်အခဲများကို ဖြေရှင်းနိုင်ရန်အတွက် နိုင်ငံတကာအဖွဲ့အစည်းများနှင့် စစ်ကောင်စီထံ အသိပေးဆောင်ရွက်ထားသည်ဟု ရခိုင်ပြည်လုံးဆိုင်ရာတောင်သူလယ်သမားသမဂ္ဂက ပြောဆိုထားသည်။

ရခိုင်ပြည်တွင် ၂၀၂၀ ခုနှစ်က စိုက်ပျိုးရေးချေးငွေယူသူ ၈ သောင်းကျော်ရှိပြီး ပြန်ဆပ်သူဦးရေ ၃ သောင်းကျော် (၃၉ ရာခိုင်နှုန်း) ခန့်သာ ရှိခဲ့သည်။ ၂၀၂၁ ခုနှစ်တွင် စိုက်ပျိုးရေးချေးငွေယူသူ ၃ သောင်းကျော်ရှိပြီး ပြန်ဆပ်သူ ၇ ရာခိုင်နှုန်းခန့်သာရှိခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် ချေးငွေ ၅၀ ရာခိုင်နှုန်းခန့်သာ ပြန်ဆပ်နိုင်ခဲ့သည်ဟု သိရသည်။

ရခိုင်ပြည်က တောင်သူလယ်သမားများမှာ စစ်ရေးပဋိပက္ခ၊ ကိုဗစ်ရောဂါနှင့် ကုန်ဈေးနှုန်းမြင့်တက်မှုကြောင့် လယ်ယာလုပ်ငန်းကို အားစိုက်မလုပ်နိုင်ကြဘဲ စိုက်ဘဏ်ချေးငွေပြန်ဆက်ရန် အဆင်မပြေဖြစ်နေကြချိန် မိုခါဒဏ်ကြောင့် ပို၍ဒုက္ခရောက်နေရခြင်း ဖြစ်သည်။

#R010

ဗီဒီယိုများ