စိုက်ဘဏ်ချေးငွေဆပ်ကြရန် ရခိုင်ကလယ်သမားများအား အကြောင်းကြားနေ

ရခိုင်တွင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်က စိုက်ပျိုးရေးစရိတ် ချေးငွေယူထားသည့် လယ်သမားများထဲမှ ၅၀ ရာခိုင်နှုန်းခန့်သာ ချေးငွေပြန်ဆပ်နိုင်သေးကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိသည်။ 

By Admin 29 Jul 2023

စစ်တွေမြို့နယ်၊ ဇော်မဒတ်ကျေးရွာက ထွန်ယက်ဆဲလယ်ယာမြေများအား ဇူလိုင် ၁၄ ရက်နေ့က တွေ့ရစဉ်။
စစ်တွေမြို့နယ်၊ ဇော်မဒတ်ကျေးရွာက ထွန်ယက်ဆဲလယ်ယာမြေများအား ဇူလိုင် ၁၄ ရက်နေ့က တွေ့ရစဉ်။

DMG ၊ ဇူလိုင် ၂၈ 

ရခိုင်ပြည်အတွင်းက တောင်သူလယ်သမားများအား ထုတ်ချေးထားသော စိုက်ပျိုးရေးစရိတ်ချေးငွေ ပြန်ဆပ်ရမည့်အချိန် ကျော်လွန်နေပြီဖြစ်၍ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ စိုက်ပျိုးရေးဦးစီးဌာနအပါအဝင် သက်ဆိုင်ရာများက လူကိုယ်တိုင် ကွင်းဆင်း၍သော်လည်းကောင်း၊ ဖုန်းဖြင့်သော်လည်းကောင်း ချေးငွေပြန်ဆပ်ကြရန် အကြောင်းကြားလျက်ရှိသည်။ 

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ရခိုင်ပြည်နယ်ဘဏ်ခွဲ) မန်နေဂျာ ဦးဘကျော်စိန်က “သတ်မှတ်ချိန်မှာ ပြန်မဆပ်နိုင်တဲ့ သူတွေကို စည်းရုံးနေတယ်။ ပြန်မဆပ်နိုင်ရင် အတိုးနှုန်းက တက်လာမှာဖြစ်တဲ့အတွက် အချိန်တိုအတွင်း ပြန်ဆပ်ရင်တော့ အကောင်းဆုံးပါ။ ဒီချေးငွေနဲ့ပတ်သက်ပြီးတော့ ကျနော်တို့က ဘယ်လိုမှလုပ်ပေးလို့တော့ မရပါဘူး” ဟု DMG ကို ပြောသည်။ 

ရခိုင်တွင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်က စိုက်ပျိုးရေးစရိတ် ချေးငွေယူထားသည့် လယ်သမားများထဲမှ ၅၀ ရာခိုင်နှုန်းခန့်သာ ချေးငွေပြန်ဆပ်နိုင်သေးကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိသည်။ 

ရခိုင်ဒေသက လယ်သမားများမှာ ပြီးခဲ့သည့်နှစ်က သွင်းအားစုစရိတ် မြင့်တက်ခြင်း၊ ရာသီဥတု ဖောက်ပြန်ခြင်းတို့ကြောင်း စပါးအထွက်နှုန်း ကျဆင်းခဲ့ရပြီး စစ်ရေးပဋိပက္ခများကြောင့် လယ်ယာလုပ်ငန်း မလုပ်လိုက်ရသူများလည်း ရှိသည်။ 

လက်ရှိတွင်လည်း မုန်တိုင်းဒဏ်ကြောင့် မျိုးစပါးများပျက်စီးခြင်း၊ လယ်ယာသုံး ကျွဲနွားများ သေဆုံးသွားခြင်းအပြင် နေအိမ်များလည်း ပျက်စီးသွားခြင်းကြောင့် တောင်သူလယ်သမားများမှာ ချေးငွေပြန်ဆပ်ရန် အခက်အခဲဖြစ်နေကြသည်။ 

“လကုန်အစည်းအဝေးလုပ်ရင် (ထွေ/အုပ်က) ဒီချေးငွေဆပ်ဖို့ကိစ္စကို ပြောတာရှိတယ်။ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက လူကိုယ်တိုင် ကွင်းဆင်းစည်းရုံးပြီး ပြောတာလည်းရှိတယ်၊ ဖုန်းနဲ့အကြောင်းကြားတာလည်း ရှိပါတယ်။ အဓိကတော့ ချေးငွေပြန်ဆပ်တဲ့အချိန် ကျော်လွန်နေပြီဖြစ်လို့ ပြန်ဆပ်ကြဖို့၊ ချေးငွေပြန်ဆပ်မှ ပြန်ချေးလို့ရမယ်ဆိုပြီး ပြောတာပါ” ဟု ‌မြောက်ဦးမြို့နယ်၊ တင်းထိန်ကန်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သိန်းလှက ပြောသည်။ 

စိုက်ပျိုးရေးဘဏ်ချေးငွေမှာ လယ်တစ်ဧကို ချေးငွေတစ်သိန်းခွဲနှုန်းဖြင့် လယ်သမားတစ်ဦးကို လယ် ၁၀ ဧက အောက် ထုတ်ချေးခြင်းဖြစ်သည်။ လယ်သမားများက ပြန်ဆပ်သည့်အခါ ငွေကျပ်တစ်သိန်းကို တစ်လလျှင် အတိုး ၈၀၀ ကျပ်နှုန်း ပေးရကြောင်း လယ်သမားများထံမှ သိရသည်။ 

“စပါးသိမ်းချိန်ကတည်းကနေ ဖြည်းဖြည်းချင်း ပြန်ဆပ်ထားတဲ့ လယ်သမားတွေကတော့ နည်းနည်းရှိတယ်။ အများစုကတော့ စပါးစျေးကောင်းရမှပဲ ဆပ်မယ်လို့ တွေးထားကြတာလေ။ အဲဒီထဲ မုန်တိုင်းနဲ့ နွားတွေ၊ စပါးတွေ ပျက်စီးသွားတော့ (ချေးငွေပြန်ဆပ်ဖို့) ဘယ်လိုမှ မဖြစ်နိုင်တော့ပါဘူး။ ချေးငွေအတိုးကလည်း တစ်နှစ်ထက်တစ်နှစ် များပဲများလာတယ်” ဟု ရသေ့တောင်မြို့နယ် တောင်သူလယ်သမားသမဂ္ဂအဖွဲ့ဝင် ဦးဘသိန်းက ဆိုသည်။  

မုန်တိုင်းဒဏ်သင့် ရသေ့တောင်မြို့နယ်က လယ်သမား ၈၀ ရာခိုင်နှုန်းခန့်မှာ စိုက်ပျိုးရေးစရိတ် ချေးငွေများကို မဆပ်နိုင်သေးကြောင်း သူကဆက်ပြောသည်။ 

ချေးငွေပြန်ဆပ်ချိန်ကို နှစ်စဉ် မိုးစပါးရိတ်သိမ်းချိန်ကာလမှ ဧပြီလအထိ သတ်မှတ်ထားသည်။ သတ်မှတ်ကာလအတွင်း ပြန်မဆပ်နိုင်ပါက ဒဏ်တိုးငွေမှာ  အရင်းငွေအတိုး‌ထက် ကျခံရသည့်အတွက် လယ်သမားများမှာ ပိုမိုခက်ခဲနေကြသည်။

“လယ်သမားဘက်ကလည်း အဆင်ပြေအောင်၊ ဘဏ်ဘက်ကလည်း အဆင်ပြေအောင် အတိုးငွေလျော့ပေါ့ပေးဖို့ လိုပါတယ်။ အခုက အတိုးပေါ်အတိုးဆင့်လာတော့ လယ်သမားတွေမှာ ခေါင်းမဖော်နိုင်တော့ဘူး” ဟု ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂမှ ဦးအောင်ကျော်မြက ပြောသည်။  

လက်ရှိ လယ်သများများ ရင်ဆိုင်နေရသည့် အခက်အခဲများကို ဖြေရှင်းနိုင်ရန်အတွက် နိုင်ငံတကာအဖွဲ့အစည်းများနှင့် စစ်ကောင်စီထံ အသိပေးဆောင်ရွက်ထားသည်ဟု ရခိုင်ပြည်လုံးဆိုင်ရာတောင်သူလယ်သမားသမဂ္ဂက ပြောဆိုထားသည်။

ရခိုင်ပြည်တွင် စပါးစိုက်ဧက ၁၂ သိန်းရှိသည့်အနက် ယခုနှစ်တွင် ဧက ၁၀ သိန်းကျော် ထွန်ယက်စိုက်ပျိုးရန် ပြင်ဆင်ထားကြောင်း ရခိုင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။ 

#R010

ဗီဒီယိုများ