ရခိုင်မြောက်ပိုင်းတွင် ရေကြီးမှုကြောင့် စပါးစိုက်ဧက ငါးသိန်းကျော် ရေနစ်မြုပ်နေ 

ဩဂုတ်လ ပထမအပတ်မှစ၍ မိုးအဆက်မပြတ် ရွာသွန်းခြင်းကြောင့် ကုလားတန်မြစ်ရေနှင့် လေးမြို့မြစ်ရေ မြင့်တက်လာသဖြင့် စပါးစိုက်ခင်းများ ရေနစ်မြုပ်နေသည်မှာ လေးရက်ခန့်ရှိလာပြီဟု လယ်သမားများထံမှ သိရသည်။ 

By Admin 08 Aug 2023

ရခိုင်မြောက်ပိုင်းတွင် ရေကြီးမှုကြောင့် စပါးစိုက်ဧက ငါးသိန်းကျော် ရေနစ်မြုပ်နေ 

DMG ၊ ဩဂုတ် ၈ 

ရခိုင်ပြည်အတွင်း ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ မင်းပြား၊ ဘူးသီးတောင်၊ ရသေ့တောင်၊ မောင်တော၊ ရသေ့တောင်မြို့နယ်တို့တွင် ရေကြီးရေလျှံမှုကြောင့် စပါးစိုက်ခင်းဧကပေါင်း ငါးသိန်းကျော် ရေနစ်မြုပ်နေကြောင်း ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂမှ သိရသည်။ 

ဩဂုတ်လ ပထမအပတ်မှစ၍ မိုးအဆက်မပြတ် ရွာသွန်းခြင်းကြောင့် ကုလားတန်မြစ်ရေနှင့် လေးမြို့မြစ်ရေ မြင့်တက်လာသဖြင့် စပါးစိုက်ခင်းများ ရေနစ်မြုပ်နေသည်မှာ လေးရက်ခန့်ရှိလာပြီဟု လယ်သမားများထံမှ သိရသည်။ 

“မြောက်ပိုင်းနယ်မြေ တစ်ခုလုံးကတော့ မြေနိမ့်ပိုင်းက စပါးခင်းတွေက ရေအောက်ကို နစ်မြုပ်နေပါပြီ။ မြေအမြင့်ပိုင်းတွေမှာရှိတဲ့ စိုက်ခင်းတွေလောက်ပဲ ရေအများကြီးမမြုပ်ဘဲ နည်းနည်းကျန်တော့တယ်” ဟု ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်ကျော်မြက ပြောသည်။ 

ရေနစ်မြုပ်မှုကြောင့် စပါးစိုက်ခင်းတချို့ ပျက်စီးမှုများရှိနေပြီး နောက်ထပ်သုံးရက်ခန့်လောက် ရေနစ်မြုပ်နေပါက ပျိုးကြဲထားသောစပါးခင်းများနှင့် စိုက်ပျိုးထားဆဲ စပါးပင်များ ပျက်စီးသွားနိုင်ကြောင်း တောင်သူများက ပြောကြသည်။  

မင်းပြားမြို့နယ်၊ ပြင်ယောင်းကျွေးရွာမှ တောင်သူဦးမောင်နှောင်းက “အခုထိ ရေမကျသေးပါဘူး။ တချို့နေရာတွေဆိုရင် လူအရပ်မြုပ်တဲ့အထိ၊ ရေက နည်းနည်းမှမကျသေးလို့ လယ်ကွင်းတွေကိုလည်း သွားကြည့်လို့မရဘူး။  ရေကျသွားရင် စပါးပင်တွေ ဘယ်လိုကျန်ရစ်ခဲ့မလဲ ဆိုတာကိုပဲ စိုးရိမ်နေရတယ်” ဟုပြောသည်။ 

ပြီးခဲ့သည့် မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် “မိုခါ” ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်အတွင်း မျိုးစပါးတင်းပေါင်း ၇၀,၀၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့သည့်အပြင် လယ်ယာသုံး ကျွဲ၊ နွားများလည်း သေဆုံးခဲ့သည်။ တောင်သူများမှာ အခက်အခဲများကြားမှ စိုက်ပျိုးထားသည့်စပါးခင်းများ ယခုတဖန် ရေနစ်မြုပ်မှုဒဏ်ကို ကြုံနေရခြင်းဖြစ်သည်။ 

ကျောက်တော်မြို့နယ်၊ သရက်တစ်ပင်ကျေးရွာမှ ဦးမောင်စောမြက “ရေပြန်ကျသွားလို့ စပါးပင်တွေ ပြန်ပေါ်ရင်တောင် ကောင်းကောင်းမွန်မွန်တွေ့ရဖို့ အခြေအနေမရှိဘူး။ ဆုံးရှုံးမှုအများဆုံးဖြစ်မယ့် အခြေအနေမှာပဲ ရှိပါတယ်” ဟု ပြောသည်။ 

ရခိုင်တွင် ပြီးခဲ့သည့်နှစ်က ရာသီဥတုဖောက်ပြန်မှု၊ သွင်းအားစုစရိတ်ကြီးမြင့်မှု၊ ဓာတ်မြေဩဇာဈေးနှုန်း မြင့်တက်မှုတို့ကြောင့် စပါးပေါ်ချိန်တွင် အထွက်နှုန်း ၅၀ ရာခိုင်နှုန်းကျဆင်းခဲ့သည်။ 

“လယ်သမားတွေက လယ်အကြောင်းဆို မကြားချင်လောက်အောင် စိတ်ညစ်နေကြပြီ။ မနှစ်ကဆို စပါးအထွက်နှုန်းက အလွန်တရာမှ ဆိုးဝါးတယ်။ ဒီနှစ်မှာလည်း အဲလိုမျိုး ဖြစ်မလား၊ မဖြစ်ဘူးလား ဆိုတာကိုတော့ စောင့်ကြည့်ရတော့မယ် အခြေအနေပါပဲ” ဟု ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ (မြောက်ဦးတာဝန်ခံ) ဦးမောင်သိန်းလှက ပြောသည်။ 

ရခိုင်ပြည်တွင် စပါးစိုက်ဧက ၁၂ သိန်းကျော်ရှိသည်။ မြောက်ပိုင်းတွင် ဧက ၈ သိန်းကျော်နှင့် တောင်ပိုင်းတွင် ဧက ၄ သိန်းခန့်ရှိသော်လည်း ရာသီဥတုဖောက်ပြန်မှု၊ ကုန်ကျစရိတ်ကြီးမားအပြင် လယ်ယာသုံးပစ္စည်းများ ဈေးနှုန်းမြင့်တက်ခြင်းတို့ကြောင့် တောင်သူများမှာ လယ်ယာလုပ်ငန်းကိုစွန့်ခွာကာ ပြည်ပထွက်ခွာမှု အများအပြားရှိနေသည်။ 

#I008

ဗီဒီယိုများ