တောဖျားချောင်းဒေသတွင် ဆေးဝါးပြတ်လပ်နေ၍ ဒေသခံများအခက်ကြုံ

စစ်ရေးကာလ ခရီးသွားလာခွင့်အခက်အခဲ၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုကြောင့် တောဖျားချောင်းဒေသရှိ ကျေးလက်ကျန်းမာရေးဌာနအပါအဝင် ကုန်စုံဈေးဆိုင်များ၌ အခြေခံအိမ်သုံးဆေးဝါးကအစ ပြတ်လပ်နေသည်။ 

By Admin 07 Apr 2024

တောဖျားချောင်းအထက်ပိုင်း ဆင်သည်ကျေးရွာရှိ ကျေးလက်ကျန်းမာရေးဌာနကို မတ်လအတွင်းက တွေ့ရစဉ်။ 
တောဖျားချောင်းအထက်ပိုင်း ဆင်သည်ကျေးရွာရှိ ကျေးလက်ကျန်းမာရေးဌာနကို မတ်လအတွင်းက တွေ့ရစဉ်။ 

DMG ၊ ဧပြီ ၇

ရခိုင်ပြည်အတွင်း စစ်ရေးပဋိပက္ခဖြစ်ပွားနေမှုကြောင့် ပုဏ္ဏားကျွန်းမြို့နယ်၊ တောဖျားချောင်းဒေသအထက်ပိုင်းရှိ ဒေသခံများမှာ ကျန်းမာရေးကိစ္စနှင့်ပတ်သက်၍ အခက်အခဲများ ကြုံတွေ့နေရသည်။

စစ်ရေးကာလ ခရီးသွားလာခွင့်အခက်အခဲ၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုကြောင့် တောဖျားချောင်းဒေသရှိ ကျေးလက်ကျန်းမာရေးဌာနအပါအဝင် ကုန်စုံဈေးဆိုင်များ၌ အခြေခံအိမ်သုံးဆေးဝါးကအစ ပြတ်လပ်နေကြောင်း ဒေသခံများက ပြောသည်။ 

“ဆေးဝါးတွေပြတ်လပ်နေတော့ ဆီးချို၊ သွေးတိုးရောဂါသည်တွေက ပိုအခက်ကြုံရတယ်။ ဖျားနာ၊ ချောင်းဆိုးရင်တောင် သောက်မယ့်ဆေးမရှိဘူး” ဟု သင်းပုန်းတန်းကျေးရွာမှ ဦးသန်းထွန်းက ပြောသည်။

အယ်နီညိုရာသီဥတုကြောင့် အပူချိန်သိသိသာသာမြင့်တက်လာ၍ ရခိုင်ပြည်ရှိ ဒေသခံများမှာ ဖျားနာ၊ ချောင်းဆိုး၊ ဝမ်းပျက်ဝမ်းလျှော စသည့် နာမကျန်းရောဂါများ အဖြစ်များနေကြသည်။ 

ရာသီဥတုပူပြင်းမှုကြောင့် ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများမှာ ပို၍နာမကျန်းအဖြစ်များနေပြီး အပူဒဏ်ကို ကာကွယ်ရန်အတွက် ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်များစွာ ရှိနေကြသည်။

“အခုက အပူချိန်လွန်ကဲနေတော့ နေမကောင်းဖြစ်ကြတယ်။ ဆေးဝါးမပြောနဲ့ ဝမ်းပျက်၊ ဝမ်းလျှောဖြစ်လို့ ဓာတ်ဆားတစ်ထုပ် သောက်ချင်တာတောင် ရှာမရဘူး။ အရေးပေါ် ကျန်းမာရေးဆိုရင်တော့ စိုးရိမ်ရတယ်” ဟု တောင်ဖျားချောင်းဒေသ၊ ဆင်သည်ကျေးရွာသားတစ်ဦးက ပြောသည်။ 

တောဖျားချောင်းအထက်ပိုင်းက ဆင်သည်၊ ဩရမ၊ ဆင်ဖြူတောင်၊ ခွေးသေ၊ သင်းပုန်း၊ အောင်မြေကုန်း၊ ပါးပွေ၊ ချောင်းပေါက် စသည့် ကျေးရွာပေါင်း ၃၀ ခန့်မှာ ကျန်းမာရေးကိစ္စနှင့်ပတ်သက်၍ တောင်ဖျားချောင်းအောက်ပိုင်းရှိ ပိုးရွှီပြင်ကျေးရွာကို အဓိက အားကိုးနေကြရသည်။ 

အရေးပေါ်ကျန်းမာရေးကိစ္စ တစ်စုံတစ်ရာဖြစ်လာပါက ပိုးရွှီပြင်တိုက်နယ်ဆေးရုံသို့ စက်လှေဖြင့်သွားရောက်ရပြီး လက်ရှိကာလ စက်သုံးဆီဈေးနှုန်း မြင့်တက်နေခြင်းကလည်း စိန်ခေါ်မှုတစ်ခု ဖြစ်နေသည်။
 
ခွေးသေကျေးရွာမှ ဒေါ်လှမေက “ကျမတို့ရွာကဆိုရင် စက်လှေနဲ့ ငါးနာရီလောက် မောင်းရတယ်။ အခု ဓာတ်ဆီတစ်လီတာကို တစ်သောင်းခွဲထိဖြစ်နေတော့ ဆေးခန်းတစ်ခေါက်ပြဖို့ အသွားအပြန်တစ်သိန်းကျော်နေပြီ။ ဆေးဝါးစရိတ်ပါတွက်မယ်ဆိုရင် နှစ်သိန်းသုံးသိန်းနီးပါးဖြစ်သွားပြီ။ ဆေးဝါးတွေကလည်း ဈေးကြီးတာကိုး။ ဒါကြောင့် နေမကောင်းဖြစ်ရင် တောဆေးတောင်ဆေးကိုပဲ အားကိုးနေရတယ်” ဟု ပြောသည်။

တောဖျားချောင်းဒေသသည် နဂိုကတည်းက ဝေလံခေါင်ဖျားသော ဒေသတစ်ခုဖြစ်သည့်အလျှောက် ဖုန်းလိုင်း၊ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး စသည့် အခက်အခဲများရှိနေရသည့်အထဲ စစ်ရေးကာလတွင် ဒေသခံများ ပို၍ ဒုက္ခရောက်နေရခြင်း ဖြစ်သည်။ 

တိုက်ပွဲစတင်ဖြစ်ပွားချိန်မှစ၍ ရခိုင်ဒေသကို စစ်ကောင်စီက ကုန်းလမ်း၊ ရေလမ်းခရီးသွားလာခွင့် ပိတ်ဆို့ထား၍ စားနပ်ရိက္ခာ၊ ဆေးဝါး၊ ကုန်စည်၊ စားသောက်ကုန်များ ပြတ်တောက်ကာ ဒေသခံများ၏ လူမှုစီးပွားဘဝများ ထိခိုက်နစ်နာနေရသည်။

ဗီဒီယိုများ