ရခိုင်တွင် အမျိုးသမီးလစဉ်သုံးပစ္စည်း ပြတ်လပ်လာ၊ ဈေးနှုန်းလေးဆထိ မြင့်တက်နေ

စစ်ရေးပဋိပက္ခကြောင့် စစ်ကောင်စီက လမ်းခရီးပိတ်ဆို့ထားသဖြင့် ရခိုင်ပြည် ရသေ့တောင်၊ ပေါက်တော၊ မင်းပြား၊ မြေပုံ၊ ကျောက်ဖြူ စသည့် မြို့နယ်များတွင် အမျိုးသမီးလစဉ်သုံးပစ္စည်းများမှာ ယခင်ဈေးနှုန်းထက် လေးဆအထိမြင့်တက်နေကြောင်း သတင်းရရှိသည်။ 

By Admin 21 Dec 2023

ရခိုင်တွင် အမျိုးသမီးလစဉ်သုံးပစ္စည်း ပြတ်လပ်လာ၊ ဈေးနှုန်းလေးဆထိ မြင့်တက်နေ

ယခင်က အမျိုးသမီးလစဉ်သုံး Blue အမျိုးအစားတစ်ထုပ်ကို ငွေကျပ် ၈၀၀ ရှိခဲ့ပြီး လက်ရှိတွင် ငွေကျပ် ၃,၀၀၀ ကျော်ပေးကာ ဝယ်ယူသုံးစွဲနေရပြီး ပစ္စည်းလည်းပြတ်လပ်လာကြောင်း အမျိုးသမီးများက ပြောကြသည်။ 

“အနိမ့်ဆုံးအမျိုးအစားက မြို့ပေါ်မှာတောင် သုံးထောင့်ခြောက်ရာ ဖြစ်သွားပြီ။ နယ်ဘက်တွေမှာဆိုရင် ရှာမရဘူး။ ကူညီကယ်ဆယ်ရေးအဖွဲ့တွေအနေနဲ့ သွားရောက်ကူညီပေးဖို့ လိုအပ်တယ်” ဟု မင်းပြားမြို့မှ အမျိုးသမီးတစ်ဦးက ပြောသည်။ 

ရခိုင်တွင် စစ်ကောင်စီက ကုန်းလမ်း၊ ရေလမ်းကို ပိတ်ဆို့ထားသည်မှာ တစ်လကျော်ကြာလာပြီဖြစ်၍ လူသုံးကုန်ပစ္စည်းများ ပြတ်လပ်လာနေခြင်း ဖြစ်သည်။ အမျိုးသမီးလစဉ်သုံးပစ္စည်းများ ပြတ်လပ်လာသဖြင့် ကျေးလက်ဒေသမှ အမျိုးသမီးများမှာ ဓမ္မတာလာချိန်တွင် ရှေးရိုးနည်းလမ်းများကို ပြန်အသုံးပြုနေကြရသည်။ 

“အခုက လစဉ်သုံးအထုပ်တွေ ရှာမရတော့လို့ အဝတ်ပိတ်စခံပြီး သုံးနေရတယ်။ ဓမ္မတာလာတဲ့နေ့ဆိုရင် ရွာထဲကို ထွက်မသွားရဲတော့ဘူး။ ပိတ်စခံသုံးနေတာဆိုတော့ ကိုယ့်ကိုကိုယ် ယုံကြည်မှုမရှိဘူး။ ပိတ်စခံသုံးတာက ကျန်းမာရေးအတွက် မကောင်းမှန်းသိပေမယ့် ရွေးချယ်စရာမရှိတော့ အဆင်ပြေသလို လုပ်နေရတယ်” ဟု ပေါက်တောမြို့နယ်မှ အမျိုးသမီးတစ်ဦးက ပြောသည်။ 

ယင်းအပြင် စစ်ရေးပဋိပက္ခကြောင့် စစ်ဘေးရှောင်စခန်းများတွင် နေထိုင်နေကြသူများမှာလည်း အလှူရှင်များ မရောက်ရှိသဖြင့် ငွေကြေးအပြင် စားဝတ်နေရေးအခက်အခဲရှိနေပြီး ကျန်းမာရေးဆိုင်ရာ စိန်ခေါ်မှုများ ရှိနေသည်။ 

“အရင်ကဆိုရင် လစဉ်သုံးအထုပ်တွေ လာလှူကြတာရှိတယ်။ အခုအလှူရှင်တွေမရောက်တာ နှစ်လရှိပြီ။ ဆိုင်ကလည်း ဈေးကြီးလို့ ဝယ်မသုံးနိုင်ဘူး။ ဒီ‌လောက်ငွေလေးကိုတောင် မတတ်နိုင်ဘူးလားမေးရင် ဟုတ်တယ် မတတ်နိုင်ဘူး။ ဒီကာလမှာ အလုပ်လည်းမရှိဘူးလေ။ ရိက္ခာထောက်ပံ့မှုလည်း မရရှိတော့ စားသောက်ဖို့အတွက်ပဲ လုံးပန်းနေကြရတာ” ဟု ရသေ့တောင်မြို့ရှိ စေတီတောင်စစ်ဘေးရှောင်စခန်းမှ ဒေါ်မေစုလှိုင်က ပြောသည်။   

လစဉ်သုံးပစ္စည်းများရှားပါးခြင်း၊ ဈေးနှုန်းမြင့်တက်ခြင်းတို့ကြောင့် အမျိုးသမီးများမှာ ရှေးရိုးနည်းလမ်းအတိုင်း အသုံးပြုရာတွင် စနစ်တကျသုံးစွဲရန် လိုအပ်ကြောင်း ကျန်းမာရေးဝန်ထမ်းများက အကြံပေးသည်။

“ပိတ်စနဲ့သုံးမယ်ဆိုရင် မီးပူတိုက်ရမယ်။ ပိတ်စကိုခြောက်အောင် နေပူလှန်းရမယ်။ နေပူလှန်းတဲ့အခါ ဝါးတန်းနဲ့ မလှန်းရဘူး။ စနစ်ကျကျ ပိုးမဝင်အောင် လှန်းရမယ်။ ပြီးတော့ ဒီပိတ်စကို သုံးနာရီခြားတစ်ကြိမ် လဲပေးရတယ်” ဟု ရခိုင်အရပ်ဖက်အဖွဲ့တစ်ခုမှ ဆရာဝန်တစ်ဦးက ပြောသည်။ 

ဓမ္မတာလာချိန်တွင် လစဉ်သုံးပစ္စည်း (သို့မဟုတ်) ပိတ်စများအား စနစ်တကျမသုံးစွဲလျှင် မိန်းမကိုယ်အင်္ဂါယားယံခြင်း၊ မှိုနာစွဲခြင်း၊ ဆီးလမ်းကြောင်းပိုးဝင်ခြင်းများ ဖြစ်ပေါ်လာနိုင်ကြောင်း ကျန်းမာရေးဝန်ထမ်းများက ပြောသည်။ 

ရခိုင်တွင် စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲစတင်ဖြစ်ပွားသည့် နိုဝင်ဘာ ၁၃ ရက်နေ့မှ စတင်ကာ စစ်ကောင်စီက ကုန်းလမ်း၊ ရေလမ်းကို ပိတ်ဆို့ထား၍ ပြည်တွင်း စားသုံးကုန်၊ လူသုံးကုန်၊ ဆေးဝါး ပြတ်လပ်မှုဒဏ်ကို ပြည်သူများ ကြီးမားစွာ ခံစားနေကြရသည်။ 

ဗီဒီယိုများ