ရခိုင်စစ်ဘေးရှောင်များ ကျန်းမာရေးဆိုင်ရာအခက်အခဲကြောင့် အသက်ဆုံးရှုံးမှုများ ရှိလာ 

တကျော့ပြန်တိုက်ပွဲ စတင်လာသည်နှင့်အတူ စစ်ကောင်စီက လမ်းခရီးပိတ်ထားသဖြင့် ရခိုင်ပြည်အတွင်းက နေရပ်စွန့်ခွာစစ်ဘေးရှောင်များမှာ ကျန်းမာရေးစောင့်ရှောက်မှု မရရှိကြ၍ အသက်ဆုံးရှုံးရသည်အထိ အခြေအနေ ဆိုးဝါးနေသည်။

By Admin 16 Dec 2023

ရခိုင်စစ်ဘေးရှောင်များ ကျန်းမာရေးဆိုင်ရာအခက်အခဲကြောင့် အသက်ဆုံးရှုံးမှုများ ရှိလာ 

နိုဝင်ဘာလ ၁၃ ရက်မှစ၍ ကုန်းလမ်း၊ ရေလမ်းအားလုံးကို သွားလာခွင့်ကန့်သတ်ထား၍ ကျောက်တော်၊ ပေါက်တော၊ ရသေ့တောင်နှင့် မောင်တော မြို့နယ်တို့တွင် ကျန်းမာရေးစောင့်ရှောက်မှု မရရှိမှုကြောင့် အသက်ဆုံးရှုံးလိုက်ရသည့် စစ်ဘေးရှောင် ၁၀ ဦးထက်မနည်းရှိကြောင်း DMG စုံစမ်းချက်အရ သိရသည်။  

“အမွှာကလေးနှစ်ယောက် ရေမွှာပေါက်သွားလို့ မွေးပြီးနာရီဝက်လောက်မှာ သေဆုံးသွားတယ်။ ကလေးက မမွေးနိုင်ဘူး။ ဆေးရုံဆေးခန်းသွားဖို့ကလည်း အဆင်မပြေလို့ မသွားလိုက်နိုင်တဲ့အတွက် သေဆုံးသွားတာပါ” ဟု ကျောက်တော်မြို့နယ်၊ တောင်မင်းကုလား စစ်ဘေးရှောင်စခန်းမှ အမျိုးသမီးတစ်ဦးက ပြောသည်။ ယင်းဖြစ်စဉ်မှာ နိုဝင်ဘာလ နောက်ဆုံးသီတင်းပတ်က ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။   

စစ်ဘေးရှောင်လူဦးရေ ၅၀၀ ကျော်ရှိသည့် တောင်မင်းကုလားစခန်းတွင် ယခင်က တစ်လလျှင်နှစ်ကြိမ်ကျစီ မြို့နယ်ကျန်းမာရေးဌာနက ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့သော်လည်း သွားလာခွင့်ကန့်သတ်ပြီးနောက်တွင် ကျန်းမာရေးစောင့်ရှောက်မှု မရရှိကြတော့ပေ။ 

လက်ရှိတိုက်ပွဲကြောင့် တိမ်းရှောင်နေရသည့် စစ်ဘေးရှောင်များနှင့် ယခင်စစ်ဘေးရှောင်(ဟောင်း)များမှာ ခိုလှုံနေသည့်နေရာများတွင် နာမကျန်းဖြစ်ပါက လိုအပ်သည့်ဆေးဝါးမရရှိခြင်း၊ ဆေးဝါးကျွမ်းကျင်သူမရှိခြင်းနှင့် ငွေကြေးအခက်အခဲတို့ကြောင့် အသက်သေဆုံးနေရခြင်းဖြစ်သည်။ 

ပေါက်တောမြို့နယ်က ကျေးရွာတစ်ရွာတွင် ယာယီခိုလှုံနေသည့် ပေါက်တောမြို့ပေါ်မှ အသက် ၁၇ နှစ်အရွယ် လူငယ်တစ်ဦးမှာ ဝမ်းချုပ်၊ ဖျားနာဖြစ်ပြီး ၁ ရက်အကြာ ဒီဇင်ဘာ ၁၄ ရက်တွင် သေဆုံးသွားကြောင်း မိသားစုဝင် အမျိုးသမီးတစ်ဦးက ပြောသည်။ 

“ကိုယ့်အိမ်မှာဆိုရင် ဆေးရုံကိုလည်း အချိန်မီ ပို့နိုင်မယ်။ လိုအပ်တဲ့ဆေးဝါးနဲ့လည်း ကုသနိုင်မယ်။ အခု ဒီရွာမှာက ဆေးဝါးလည်းစုံစုံလင်လင်မရှိ၊ ပိုက်ဆံလည်းမရှိတော့ အခက်အခဲအများကြီးနဲ့ အသက်ဆုံးသွားရတာ” ဟု သူက ပြောသည်။ 

ဒီဇင်ဘာ ၅ ရက်ကလည်း ပုဏ္ဏားကျွန်းမြို့နယ်၊ ဒိုးတန်းကျေးရွာတွင် စစ်ဘေးရှောင်နေသည့် ရသေ့တောင်မြို့နယ်၊ င/တောက်တူချေကျေးရွာမှ အသက် ၃၅ နှစ်အရွယ် ကိုယ်ဝန်ဆောင်မိခင်တစ်ဦးမှာ မီးဖွားစဉ် မိခင်နှင့် ကလေးပါ အသက်ဆုံးရှုံးလိုက်ရသည်။  

“ကလေးမမွေးနိုင်တာကို ဆေးရုံဆေးခန်းမသွားနိုင်ခဲ့လို့ ကိုယ်ဝန်အဆိပ်တက်ပြီး သေသွားခဲ့တာပါ” ဟု ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။  

ရခိုင်ပြည်နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက “ကျန်းမာရေးကိစ္စတွေကိုတော့ ပုံမှန်အတိုင်း လည်ပတ်အောင် ညွှန်ကြားထားတယ်။ နယ်ဘက်တွေကို ကျန်းမာရေးစောင့်ရှောက်မှု ရောက်/မရောက်ဆိုတာက မြို့နယ်အလိုက်ဌာနနဲ့ပဲ သက်ဆိုင်ပါတယ်။ လမ်းခရီးကလည်း ပိတ်ထားတဲ့အခြေအနေဆိုတော့ အခက်အခဲတချို့လည်း ရှိနိုင်တယ်” ဟု ပြောသည်။ 

ယင်းအပြင် ဆောင်းတွင်းရာသီဖြစ်၍ စစ်ဘေးရှောင်များမှာ စောင်နှင့် အနွေးထည်များ အရေးတကြီး လိုအပ်နေကြသည်။ ယခုလထဲတွင် အချမ်းပိုလာပြီဖြစ်၍ စစ်ဘေးရှောင်စခန်းတွင် နာတာရှည်ရောဂါ ခံစားနေရသူများနှင့် သက်ကြီးရွယ်အိုများမှာ ဖျားနာ၊ ချောင်းဆိုး အဖြစ်များနေကြောင်း သိရသည်။ 

“အအေးပိုလာပေမဲ့ စစ်ဘေးရှောင်တွေမှာ အနွေးထည်တွေ မရှိကြဘူး။ ဆိုတော့ နောက်ဆက်တွဲဆိုးကျိုးတွေ အများကြီးဖြစ်လာမယ်။ တိုက်ပွဲဖြစ်တယ်ဆိုတာထက် စစ်ကောင်စီက လမ်းပိတ်ထားလို့ ဒုက္ခရောက်နေကြတာ” ဟု လူမှုရေးတက်ကြွလှုပ်ရှားသူ အမျိုးသားတစ်ဦးက ပြောသည်။ 

လက်ရှိ ရခိုင်တိုက်ပွဲကာလတွင် စစ်ကောင်စီက ခရီးသွားလာခွင့်ကန့်သတ်ထားမှုအပြင် လူမှုရေးလုပ်ငန်း၊ စစ်ဘေးရှောင်အရေးဆောင်ရွက်နေသည့် NGO/INGO နှင့် အရပ်ဖက်အဖွဲ့များကိုလည်း တားမြစ်ထားသဖြင့် စစ်ဘေးရှောင်များမှာ အခက်အခဲများစွာဖြင့် ကြုံတွေ့နေရသည်။ 

ပုံစာ - ပေါက်တောမြို့နယ်က ကျေးရွာတစ်ရွာတွင် ခိုလှုံနေကြသည့် စစ်ဘေးရှောင်များအား တွေ့ရစဉ်။ 

#D003 #DMG #ရခိုင်တိုက်ပွဲ #စစ်ဘေးရှောင် #အရပ်သားထိခိုက်မှု #ကျန်းမာရေး

ဗီဒီယိုများ