စစ်ရှုံးနေသော စစ်ကောင်စီ ရခိုင်ပြည်သူများအား ပစ်မှတ်ထားတိုက်ခိုက်မှု ပိုလုပ်ဆောင်လာ 

ရခိုင်ပြည်တွင် စစ်ရှုံးနေသော စစ်ကောင်စီသည် အရပ်သားပြည်သူများအား ပစ်မှတ်ထားတိုက်ခိုက်မှုများကို ပိုမိုလုပ်ဆောင်ကာ စစ်ရာဇဝတ်မှုများကို နေ့စဉ်နှင့်အမျှ ကျူးလွန်လျက်ရှိကြောင်း ရက္ခိုင့်တပ်တော်(AA)က ထုတ်ပြန်သည်။ 

By Admin 18 Mar 2024

စစ်ကောင်စီ၏ လေကြောင်းစစ်ဆင်ရေး လေ့ကျင့်ခန်းတစ်ခု။ (ဓာတ်ပုံ - CINCDS)
စစ်ကောင်စီ၏ လေကြောင်းစစ်ဆင်ရေး လေ့ကျင့်ခန်းတစ်ခု။ (ဓာတ်ပုံ - CINCDS)

မြို့များအား တစ်မြို့ပြီးတစ်မြို့ လက်လွှတ်နေရသည့် စစ်ကောင်စီသည် စာသင်ကျောင်းများ၊ ဆေးရုံဆေးခန်းများ၊ သာသနိကအဆောက်အအုံများ၊ လမ်းတံတားများ စသည့် အများပြည်သူနှင့်သက်ဆိုင်သော နေရာများအား ပစ်မှတ်ထားတိုက်ခိုက်လျက်ရှိကြောင်း AA ၏ မတ်လ ၁၇ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ 

ထိုသို့ ပစ်မှတ်ထားတိုက်ခိုက်နေမှုကြောင့် အရပ်သားထိခိုက်သေဆုံးမှုမှာလည်း တစ်ရက်ထက်တစ်ရက် ပိုမိုမြင့်တက်လျက်ရှိကြောင်း AA က ထုတ်ပြန်သည်။ 

“တိုက်ပွဲတိုင်းမှာ အရှုံးနဲ့ရင်ဆိုင်နေရတဲ့ စစ်ကောင်စီဟာ ရှုံးမဲမဲပြီး ပြည်သူတွေကို ဦးတည်တိုက်ခိုက်လာတယ်။ လေကြောင်း၊ လက်နက်ကြီးတွေနဲ့ ပစ်တယ်။ တိုက်ပွဲနဲ့ မသက်ဆိုင်တဲ့ ပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်တာက စစ်ရာဇဝတ်မှုကို ပြောင်းပြောင်းတင်းတင်း ချိုးဖောက်နေတာဖြစ်တယ်” ဟု ရခိုင်က လူ့အခွင့်အရေးလှုပ်ရှားသူ အမျိုးသားတစ်ဦးက ပြောသည်။ 

အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဓလေ့ထုံးတမ်းဥပဒေတွင် လက်နက်ကိုင် ပဋိပက္ခအတွင်း အရပ်သားများကို မထိခိုက်စေရန်၊ ဘာသာရေးအဆောက်အအုံများ၊ ရပ်ရွာများကို အကာကွယ်ပေးရန်၊ စစ်ပွဲနှင့်မသက်ဆိုင်သည့် အရပ်သားများကို ဖမ်းဆီးခြင်းမပြုရန်နှင့် အရပ်သားများကို ဘေးကင်းလုံခြုံခွင့် ပေးသင့်ကြောင်း ပြဌာန်းထားသည်။ 

စစ်ကောင်စီသည် AA ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုများကြောင့် စခန်းများသိမ်းပိုက်ခံရခြင်း၊ မြို့များကို လက်လွှတ်ဆုံးရှုံးရခြင်းအပြင် တပ်သားများ စခန်းစွန့်ခွာထွက်ပြေးခြင်း၊ လက်နက်ချအညံ့ခံခြင်းများ စသော စစ်ရေးအရ အရှုံးနှင့်ရင်ဆိုင်နေရ၍ ပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်လာခြင်းဖြစ်သည်။ 

မတ်လ ၁၇ ရက်က စစ်တွေမြို့နယ်၊ ပါဒလိပ်အခြေစိုက် စစ်ကောင်စီ၏ ခမရ ၃၄၄ တပ်ရင်းမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်မှာ ပေါက်တောမြို့နယ်၊ လက်ပံပြားကျေးရွာအတွင်း ကျရောက်ပေါက်ကွဲမှုကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအပါအဝင် အရပ်သား ၄ ဦး သေဆုံးသွားခဲ့သည်။

နံနက်ပိုင်းအချိန်ကလည်း မြောက်ဦးမြို့ကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ်ဖြင့် လာရောက်ဗုံးကြဲခဲ့၍ အမျိုးသမီးတစ်ဦး သေဆုံးသွားပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။ 

လက်ရှိတွင် စစ်ကောင်စီသည် AA သိမ်းပိုက်ထားသည့် မြို့နယ်များကို လက်နက်ကြီး၊ လေကြောင်းတို့ဖြင့် ပစ်ခတ်မှုများလုပ်ဆောင်နေ၍ ရခိုင်ဒေသခံများမှာ နေ့စဉ်နှင့်အမျှ စိုးရိမ်ကြောက်လန့်နေရသည်။ 

“အခုက AA ထိန်းချုပ်ထားပြီဆိုပေမယ့် စစ်ကောင်စီက လေကြောင်းကနေ ဗုံးလာကြဲတာတွေရှိတယ်။ ကျမတို့မှာ အသက်အန္တရာယ်လုံခြုံမှု မရှိသေးဘူး။ လေယာဉ်လာရင်ဖြစ်ဖြစ် လက်နက်ကြီးပစ်သံကြားရရင်ဖြစ်ဖြစ် စိုးရိမ်နေရတယ်” ဟု မြောက်ဦးဒေသခံက အမျိုးသမီးတစ်ဦးက ပြောသည်။ 

ရခိုင်စစ်ပွဲစတင်ဖြစ်ပွားသည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်မှ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်အထိ စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီး/ငယ်များဖြင့် ပစ်ခတ်မှုကြောင့် အရပ်သားသေဆုံးသူ (၁၁၁) ဦးနှင့် ဒဏ်ရာရရှိသူ (၃၅၇) ဦးအထိရှိသည်ဟု AA က ထုတ်ပြန်ထားသည်။

လက်ရှိတွင် ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ မြေပုံ၊ ရမ်းဗြဲ မြို့နယ်နှင့် ပလက်ဝမြို့နယ်တို့ကို AA က သိမ်းပိုက်ရယူထားပြီး တိုက်ပွဲများ ဆက်လက်ပြင်းထန်နေဆဲ ဖြစ်သည်။ 

ဗီဒီယိုများ