စပါးပေါ်ရာသီတွင် ပြည်ပသို့ တစ်လလျှင် ဆန်တန်ချိန် နှစ်သိန်းခွဲခန့် တင်ပို့မည် 

၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ဆန် ၊ ဆန်ကွဲ တန်ချိန် နှစ်သန်းကျော်ကို ဘင်္ဂလားဒေ့ရှ်၊ ဖိလစ်ပိုင်၊ တရုတ် စသည့် ပြည်ပနိုင်ငံများသို့ တင်ပို့ရန်လျာထားပြီး ပို့ကုန်ရငွေအဖြစ် အမေရိကန်ဒေါ်လာ တစ်ဘီလီယံရရှိရန် ဆန်စပါးအသင်းချူပ်က မျှော်မှန်းထားသည်။ 

By Admin 25 Sep 2023

ဓာတ်ပုံ - Myawady Webportal 
ဓာတ်ပုံ - Myawady Webportal 

DMG ၊ စက်တင်ဘာ ၂၅

ပြည်တွင်း ဆန်စပါးဈေးနှုန်းများ တည်ငြိမ်မှုမရှိသောကြောင့် ယခုနှစ်တွင် ပြည်ပနိုင်ငံများသို့ ဆန်၊ ဆန်ကွဲ တင်ပို့မှုလျော့ကျခဲ့သော်လည်း  စပါးပေါ်မည့်ပွင့်လင်းရာသီ သုံးလအတွင်း တစ်လလျှင် ဆန်တန်ချိန် နှစ်သိန်းခွဲခန့် တင်ပို့သွားရန် လျာထားကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချူပ် ဥက္ကဌ ဦးရဲမင်းအောင်က ပြောသည်။

“ဒီနှစ်ကတော့ ပြည်တွင်းဈေးရော၊ နိုင်ငံတကာဈေးနှုန်းပါ မြင့်တဲ့နှစ်ပါ။ ပြည်တွင်းဆန်ဖူလုံမူက အဓိကထားတော့ ဒီနှစ်မိုးတွင်းမှာ ဆန်၊ ဆန်ကွဲ အများကြီး မတင်ပို့နိုင်တာ အားလုံးအသိပါ။ ဒါပေမဲ့ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလတွေတော့ တစ်လကို ဆန်တန်ချိန် နှစ်သိန်းခွဲလောက် တင်ပို့နိုင်ဖို့လျာထားပါတယ်” ဟု ဦးရဲမင်းအောင်က ပြောသည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ဆန် ၊ ဆန်ကွဲ တန်ချိန် နှစ်သန်းကျော်ကို ဘင်္ဂလားဒေ့ရှ်၊ ဖိလစ်ပိုင်၊ တရုတ် စသည့် ပြည်ပနိုင်ငံများသို့ တင်ပို့ရန်လျာထားပြီး ပို့ကုန်ရငွေအဖြစ် အမေရိကန်ဒေါ်လာ တစ်ဘီလီယံရရှိရန် ဆန်စပါးအသင်းချူပ်က မျှော်မှန်းထားသည်။ 

“စပါးပေါ်တဲ့ရာသီကတော့ ပြည်ပကို ဆန်တင်ပို့မှရမယ်။ မဟုတ်ရင် ပြည်တွင်းစပါးဈေး ကျဆင်းနိုင်တယ်။ စပါးဈေးကျရင် တောင်သူတွေအတွက် တွတ်ခြေကိုက်မှာမဟုတ်ဘူး။ ဘာလို့လဲဆိုတော့ တောင်သူဆီမှာ စပါးကို အခြောက်ခံအောင် သိုလှောင်ထားဖို့ သိုလှောင်ရုံ မရှိဘူး။ လယ်သမားအဆင့်မှာ မဖြေရှင်းနိုင်သေးဘူး။ အဲဒီတော့ စပါးပေါ်လာရင်တော့ ထုတ်ကိုရောင်းရမှာ။ ဒီအတွက်ကြောင့် ဆန်ဈေးထိခိုက်နိုင်လားဆိုတော့ မထိခိုက်နိုင်ပါဘူး။ စပါးသစ်ပေါ်လာရင် ဆန်ဈေးက သူ့အလိုလိုကျဆင်းလာမှာပါ” ဟု ဆန်စပါးအရေး စောင့်ကြည့်လေ့လာသူ ဦးနေလက ပြောသည်။

မြန်မာနိုင်ငံတွင် လူအများစားသုံးကြသည့် ဆန်မှာ ဧရာဝတီပေါ်ဆန်း၊ ပုသိမ်ပေါ်ဆန်း၊ မဂျန်တော၊ တောင်ပျံ၊ ကျားပျံ တို့ဖြစ်ပြီး ဧည့်မထနှင့် ငစိန်ဆန် အုပ်စုများကို အခြေခံလူတန်းစားများက အစားများကြသည်။ ပြည်ပသို့ပို့မည့် ဆန်အမျိုးအစားများမှာ ဧည့်မထ နှင့် ငစိန်ဆန် အုပ်စုဝင်များဖြစ်၍ ဆန်ဈေးနှုန်းတည်ငြိမ်ရေးကို ထိခိုက်မှုမရှိကြောင်း ဆန်ကုန်သည်များကပြောသည်။

ယခုနှစ် မိုးတွင်းကာလတွင် ဆန်စပါးဈေးနှုန်း တည်ငြိမ်မှုမရှိသောကြောင့် ပြည်ပသို့ ဆန် ၊ ဆန်ကွဲ တင်ပို့မှု လျော့ကျခဲ့ပြီး ဧပြီ၊ မေ၊ ဇွန် နှင့် ဇူလိုင် လအတွင်း ပို့ကုန်ရငွေ အမေရိကန်ဒေါ်လာ ၈၄ သန်းသာ ရရှိခဲ့၍ ပြီးခဲ့သည့်နှစ်နှင့် နှိုင်းယှဉ်ပါက  ပို့ကုန်ရငွေ ၅၁ သန်းလျော့နည်းကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချူပ်၏ စာရင်းများအရ သိရသည်။

“ပို့ကုန်လျော့နည်းတာက ပြည်တွင်းဆန်စပါးဈေးနှုန်းတွေ မြင့်တက်လာတာလည်းပါသလို လုပ်ငန်းရှင်တွေအပေါ် သတ်မှတ်လိုက်တဲ့ ပို့ကုန်ရငွေ ၆၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်ငွေဈေးအတိုင်း ရောင်းချရတဲ့စနစ်ကြောင့်လည်း ပါတယ်။ နိုင်ငံတကာ ဈေးကွက်မှာလည်း ထိုင်း ၊ ဗီယက်နမ်ရဲ့ ဈေးနှုန်းအတိုင်း မြန်မာနိုင်ငံက မရောင်းနိုင်တာတွေ တွေ့ရတယ်” ဟု မန္တလေး စံပြနွယ်ပွဲရုံမှ ဆန်ကုန်သည်တစ်ဦးက ပြောသည်။

ယခု ဘဏ္ဍာရေးနှစ်အစ သုံးလအတွင်း ဇွန်လသည် ပြည်ပဆန်တင်ပို့မှု အနည်းဆုံးလဖြစ်ခဲ့ပြီး တန်ချိန် ၆၂, ၇၂၅ သာ တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၂၈ သန်းသာ ရရှိခဲ့သည်။ နှစ်စဉ်မိုးတွင်းကာလ ဇွန်၊ ဇူလိုင်၊ သြဂုတ်လများတွင် ဆန်တင်ပို့မှုလျော့နည်းကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချူပ်က ဆိုထားသည်။ 

#I004

ဗီဒီယိုများ