နိုင်ငံတော်ဆူပူအောင် ဝါဒဖြန့်သည်ဆိုပြီး အမ်းမြို့ခံ အမျိုးသမီးတစ်ဦးကို စစ်ကောင်စီ ဖမ်းဆီးအမှုဖွင့်

“နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်လုပ်ဆောင်သည်” ဆိုပြီး ရခိုင်ပြည်၊ အမ်းမြို့၊ ဈေးတောင်ရပ်ကွက်မှ အမျိုးသမီးတစ်ဦးကို ဖမ်းဆီးအမှုဖွင့်ထားကြောင်း ဒီဇင်ဘာ ၈ ရက်ထုတ် စစ်ကောင်စီပိုင် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြသည်။ 

By Admin 08 Dec 2023

စစ်တွေတပ်နယ်အတွင်း သွားလာနေသော စစ်ကောင်စီကားတစ်စီး။ (File Photo/July 2023) 
စစ်တွေတပ်နယ်အတွင်း သွားလာနေသော စစ်ကောင်စီကားတစ်စီး။ (File Photo/July 2023) 

ဈေးတောင်ရပ်ကွက်မှ မတင်နီလာအောင်(ခ)မီးငယ် (၃၇) နှစ်သည် ၎င်းအသုံးပြုသည့် “Nilar Aung” ဖေ့ဘုတ်ခ်အကောင့်ဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ လုပ်ဆောင်နေ၍ ဒီဇင်ဘာ ၆ ရက်တွင် သက်ဆိုင်ရာရဲစခန်း၌ ဖမ်းဆီးအရေးယူခဲ့ကြောင်း စစ်ကောင်စီက ဆိုသည်။ 

ယခုကိစ္စနှင့်ပတ်သက်၍ မတင်နီလာအောင်၏ မိသားစုဝင်နှင့် အဆက်အသွယ်ရရှိရန် DMG က ကြိုးပမ်းနေသည်။

စစ်ရေးကာလ ရခိုင်ဒေသတွင် စစ်ကောင်စီက အရပ်သားများအား ဆက်တိုက် ဖမ်းဆီးလျက်ရှိသည်။ ယင်းအထဲ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ဝါဒဖြန့်ခြင်းများ လုပ်ဆောင်သည်ဆိုပြီး စစ်ကောင်စီက အမှုဖွင့်ထားသူ ၄ ဦးထိ ရှိလာသည်။ စစ်တွေ - ၂ ဦး၊ ကျောက်ဖြူ - ၁ ဦးနှင့် အမ်း - ၁ ဦး ဖြစ်သည်။ 

စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားလာသည့် နိုဝင်ဘာလ ၁၃ ရက်မှစပြီး အရပ်သား ၇၀ ဦးထက်မနည်းကို စစ်ကောင်စီက ဖမ်းဆီးထားပြီး ယင်းအထဲမှ ၁၆ ဦးထက်မနည်းကို အမှုဖွင့်အရေးယူထားကြောင်း DMG က လတ်တလောစုံစမ်းချက်အရ သိရသည်။ 

စစ်ကောင်စီက “အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ၎င်းတို့၏လက်ဝေခံအဖွဲ့များနှင့် လူပုဂ္ဂိုလ်များသည် နိုင်ငံတည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်ရည်ရွယ်၍ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများကို နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်” ဟု ထုတ်ပြန်ထားသည်။ 

ပြည်သူများ အနှောင့်အယှက်ဖြစ်စေမည့် လှုံ့ဆော်ဝါဒဖြန့်မှုများကို ပြုလုပ်ခြင်း၊ ထပ်ဆင့်ဝေမျှခြင်း၊ ကူညီခြင်းများ ပြုလုပ်ခဲ့လျှင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ- ၁၂၄(က)နှင့် ပုဒ်မ- ၅၀၅ (က)၊ အီလက်ထရောနစ်ဥပဒေပုဒ်မ- ၃၃(က)တို့ဖြင့် အရေးယူသွားမည်ဟု စစ်ကောင်စီက ဆိုထားသည်။ 

ဗီဒီယိုများ