ရခိုင်တွင် ယခုနှစ် ဆားလုပ်ငန်းလုပ်ကိုင်သူ အနည်းငယ်တိုးလာ

ယခုနှစ်တွင် ရခိုင်ဒေသအတွင်း ဆားလုပ်ငန်းလုပ်ကိုင်သူ အနည်းငယ်တိုးလာနေကြောင်း ဆားလုပ်ငန်းရှင်များ ထံမှ သိရသည်။

By Admin 31 Dec 2022

ရခိုင်တွင် ယခုနှစ် ဆားလုပ်ငန်းလုပ်ကိုင်သူ အနည်းငယ်တိုးလာ

ကျောက်ဖြူမြို့နယ်၊ ဂြင်ကြီးကျေးရွာမှ ယခုလအတွင်း ဆားလုပ်ကွက်တစ်ခုကို တွေ့ရစဉ်။ Photo - ဦးထွန်းကြွယ်

DMG ၊ ဒီဇင်ဘာ ၃၁

ယခုနှစ်တွင် ရခိုင်ဒေသအတွင်း ဆားလုပ်ငန်းလုပ်ကိုင်သူ အနည်းငယ်တိုးလာနေကြောင်း ဆားလုပ်ငန်းရှင်များ ထံမှ သိရသည်။

ရခိုင်တွင် ယခင် ဆယ်စုနှစ်အတွင်း ဆားလုပ်ကွက် ဧက ၇၀၀ ဝန်းကျင်ခန့်သာရှိခဲ့ရာကနေ ယခုနှစ်တွင် ဧက ၃၀၀ ခန့် ထပ်တိုးလာသဖြင့် ဆားလုပ်ကွက် ဧက ၁၀၀၀ ကျော်ရှိကြောင်း သိရသည်။ ထို့အတူ ယခင်က ဆားလုပ် တောင်သူဦးရေ ၇၀ ခန့်သာရှိခဲ့ရာကနေ လက်ရှိတွင် ၃၀ ဦးရေခန့် တိုးလာသဖြင့် တောင်သူ ၁၀၀ ကျော်အထိ ရှိလာနေသည်။

ထိုသို့ ဆားလုပ်တောင်သူများ တိုးလာခြင်းမှာ အာဏာသိမ်းမှုနှင့် တကျော့ပြန်တိုက်ပွဲဒဏ်ကို ရင်ဆိုင်ခဲ့ရသဖြင့် ရခိုင်ပြည်အတွင်း အလုပ်အကိုင်အခွင့်အလမ်း ရှားပါးမှုတို့ကြောင့် ဒေသခံအချို့မှာ ဆားလုပ်ငန်းကို ဝင်ရောက် လုပ်ကိုင်လာကြခြင်းဖြစ်ကြောင်း သိရသည်။

သို့သော်လည်း ရခိုင်ဆားလုပ်ငန်း ဦးမော့လာရေးအတွက် နည်းပညာအခက်အခဲနှင့် ဈေးကွက်အာမခံချက် စသည့်စိန်ခေါ်မှုများ ရှိနေသေးသည်ဟု ရခိုင်ပြည်နယ် ဆားလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးထွန်းကြွယ်က ပြောသည်။

“လုပ်ကွက် တိုးလာတယ်ဆိုပေမယ့် နည်းပညာအခက်အခဲနဲ့ စျေးကွက်မရှိ ဖြစ်နေတာတွေဟာ ဆားလုပ် တောင်သူတွေ အတွက် အဓိက စိန်ခေါ်ချက်ဖြစ်နေတော့ ရခိုင်ပြည်ရဲ့ ဆားလုပ်ငန်းဟာ ဦးမော့လာဖို့ အခက် အခဲတွေ အများကြီးရှိပါသေးတယ်”ဟု ဦးထွန်းကြွယ်က ပြောသည်။

ရခိုင်ပြည်အတွင်းက ပေါက်တော၊ ကျောက်ဖြူ၊ မင်းပြား၊ ရမ်းဗြဲ စသည့်မြို့နယ်တို့တွင် ဆားလုပ်ငန်းကို လုပ်ကိုင်ကြပြီး ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်မတိုင်မီက ဆားလုပ်ငန်းလုပ်ကိုင်သူ တစ်ထောင်ကျော်နီးပါးရှိခဲ့သော်လည်း ယင်းနောက်ပိုင်း ဆားဈေးကွက် အာမခံချက်မရှိသည့်အတွက် လုပ်ကိုင်သူနည်းပါးခဲ့သည်။

ဆားလုပ်ငန်းကို နှစ်ပေါင်း ၁၀ ကျော်ကြာ လုပ်ကိုင်လာသူ ကျောက်ဖြူမြို့နယ်၊ ရွှေညိုမကျေးရွာမှ ဦးဆူဒေါင်းချေက “တစ်ခါတစ်လေဆို ဝယ်မယ့်သူတောင်မရှိဘဲ သုံးနှစ်လောက်အထိ သိုလှောင်ထားရတာရှိတယ်။ ဒီအတိုင်း အရင်ကတည်းက လုပ်လာကြတာမို့လို့သာ တင်းခံပြီးလုပ်နေရတာ။ ဆားသိုလှောင်ထားတဲ့အချိန် မိုးစိုသွားပြန်ရင်လည်း အကုန်ဆုံးရှုံးတာရှိတယ်။ ဆားအထွက်နှုန်း ဘယ်လောက်ရ,ရ စျေးကွက်မရှိတဲ့ နှစ်တွေဆိုရင် အလားကားပါပဲ”ဟု ပြောသည်။

ရခိုင်က ဆားလုပ်ငန်းလုပ်ကိုင်သူ အများစုမှာ ဆားများကို မြေကြီးပေါ်တွင် နေလှန်းကြသဖြင့် ဆားကြမ်းတွင် သဲ၊ ရွံ့များ ပါဝင်မှုရှိသောကြောင့် ဝယ်ယူသူနည်းပါးသည်ဟု ဆိုကြသည်။ ယင်းကြောင့် ဧရာဝတီတိုင်းတွင်လုပ်နေကြသည့် ပလက်စတစ်အခင်းနည်းနှင့် လုပ်ကိုင်မှ အရည်အသွေးကောင်းကာ ဈေးကွက်လည်း ကောင်းလာမည်ဖြစ်ကြောင်း ဆားလုပ်ငန်းရှင်များက ပြောဆိုကြသည်။

သို့သော် ပလက်စတစ်အခင်းဖြင့် ဆားလုပ်ငန်းလုပ်ကိုင်ရာတွင် လုပ်ကွက်တစ်ဧကလျှင် ငွေကျပ်သိန်း (၆၀)ခန့် ကုန်ကျမှုရှိသည့်အတွက် ဆားလုပ်ငန်းလုပ်ကိုင်သူများမှာ ငွေကြေးအခက်အခဲများလည်း ရှိနေပြန်သည်။

“မြေကြီးမှာ ဒီအတိုင်း သမာရိုးကျလုပ်တဲ့ဆားက အရည်အသွေးညံ့တော့ စျေးကွက်မှာ တိုးမပေါက်တော့ဘူး။ အခုနောက်ပိုင်း အသုံးပြုလာကြတဲ့ ပလပ်စတစ်ခံပြီး နေလှန်းတဲ့ဆားက အရည်အသွေးကောင်းသလို အထွက်နှုန်းလည်း တစ်ဆလောက်တိုးတယ်။ ဒါပေမယ့် ဆားလုပ်တောင်သူတွေမှာက ငွေကြေးအခက်အခဲတွေ ရှိနေတယ်”ဟု ရခိုင်ပြည်နယ် ဆားလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးထွန်းကြွယ်ကပြောသည်။

ရခိုင်ပြည်အတွင်းတွင် ဆားလုပ်ကွက်ဧက တစ်ထောင်ဝန်းကျင်ရှိသည့်အထဲမှ ပလက်စတစ်အခင်းဖြင့် နေလှန်းသည်မှာ ဧကနှစ်ရာဝန်းကျင်သာရှိကြောင်း သိရသည်။

လက်ရှိ မြေကြီးပေါ်တွင်လှန်းသည့် ဆားတစ်ပိဿကို ငွေကျပ် ၂၀၀ ဝန်းကျင်နှင့် ပလက်စတစ်အခင်းဖြင့် လှန်းသည့် ဆားတစ်ပိဿကို ငွေကျပ် ၂၅၀ အထိ ပေါက်ဈေးရှိကြောင်း ဆားလုပ်ငန်းရှင်များထံမှ သိရသည်။

ရခိုင်ပြည်အတွင်း ဆားလုပ်ငန်း ပြန်လည်ဦးမော့လာစေရေး၊ အရည်အသွေးမီ ဆားထုတ်လုပ်နိုင်ရေးအတွက် ဆားလုပ်ဆောင်သူများ ချေးငွေရရှိနိုင်ရန် ရခိုင်ပြည်နယ်ဆားလုပ်ငန်းရှင်များအသင်းမှ ပြည်နယ်စစ်ကောင်စီထံ ယခုနှစ်အစောပိုင်းက တင်ပြတောင်းဆိုခဲ့သော်လည်း ယနေ့အချိန်ထိ တစ်စုံတစ်ရာ ထူးခြားမှုမရှိသေးကြောင်း ကျောက်ဖြူမြို့၊ ဆားလုပ်ငန်းရှင်များအသင်း ပြန်ကြားရေးတာဝန်ခံ ဦးကျော်မောင်သိန်းကပြောသည်။

“ရခိုင်ဟာ ဆားလုပ်ဖို့ ရေခံ၊မြေခံ အတိုင်းအတာတစ်ခုထိ ရှိပြီးသားမို့ ဆားလုပ်တောင်သူတွေ တွေ့ကြုံနေရတဲ့ နည်းပညာအထောက်အပံ့နဲ့ ပြည်တွင်းက ပြည်ပကိုတင်ပို့နိုင်တဲ့ ဆားစျေးကွက်ကို ဖော်ဆောင်ပေးနိုင်မယ်ဆိုရင်တော့ ရခိုင့်ဆားလုပ်ငန်းတွေ ဦးမော့လာနိုင်ပါတယ်”ဟု ဦးကျော်မောင်သိန်းကပြောသည်။

ယခင် ဆယ်စုနှစ်မတိုင်မီက ရခိုင်ပြည်မှထွက်ရှိသည့် ဆားကို ပြည်မဘက်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အဓိကတင်ပို့ခဲ့သော်လည်း ယင်းနောက်ပိုင်း ရခိုင်မှထွက်ရှိသည့်ဆားမှာ အရည်အသွေးမပြည့်မီသဖြင့် ဈေးကွက်မရှိဖြစ်ဘဲ ပြည်တွင်းတင်ပို့မှုမှာလည်း ကျဆင်းသွားခဲ့ရသည်။

ရခိုင်တွင် ၂၀၀၀ ခုနှစ်မတိုင်မီက ဆားလုပ်ကွက်ဧကပေါင်း တစ်သောင်းကျော်ရှိခဲ့ရာကနေ ၂၀၀၀ ပြည့်နှစ်အလွန်တွင် ဆားလုပ်ကွက်ဧက တစ်ထောင်ကျော်ဝန်းကျင်ခန့်သာကျန်ရှိတော့ကြောင်း ရခိုင်ပြည်နယ် ဆားလုပ်ငန်းရှင်များအသင်း၏စာရင်းအရ သိရသည်။

ဗီဒီယိုများ