ရခိုင်ဆားလုပ်ငန်း ပြန်လည်ဦးမော့လာနိုင်ရေး ဈေးကွက် အဓိကလိုအပ်ဟုဆို

ဆယ်စုနှစ်တစ်ခုကြာ ကျဆုံးနေသည့် ရခိုင်ဆားလုပ်ငန်း ပြန်လည်ဦးမော့လာနိုင်ရေးအတွက် ချေးငွေ၊ နည်းပညာများအပြင် ဈေးကွက်ဖန်တီးပေးမှုသည် အဓိကအလိုအပ်ဆုံးဖြစ်သည်ဟု ဆားတောင်သူများက ပြောလိုက်သည်။

10 Jun 2022

ကျောက်ဖြူမြို့နယ်၊ ပြင်ကြီးကျေးရွာတွင် ရှိသည့် ပလက်စတစ်အသုံးပြုပြီး ထုတ်လုပ်နေသည့် ဆားကွင်းကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဦးထွန်းကြွယ်)

DMG ၊ ဇွန် ၁၀

ဆယ်စုနှစ်တစ်ခုကြာ ကျဆုံးနေသည့် ရခိုင်ဆားလုပ်ငန်း ပြန်လည်ဦးမော့လာနိုင်ရေးအတွက် ချေးငွေ၊ နည်းပညာများအပြင် ဈေးကွက်ဖန်တီးပေးမှုသည် အဓိကအလိုအပ်ဆုံးဖြစ်သည်ဟု ဆားတောင်သူများက ပြောလိုက်သည်။

ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်မတိုင်မီက ပေါက်တော၊ ကျောက်ဖြူ၊ မင်းပြား၊ ရမ်းဗြဲစသည့် မြို့နယ် ၁၂ ခုတွင် ဆားလုပ်ငန်းလုပ်ကိုင်သူ တစ်ထောင်နီးပါးခန့်ရှိခဲ့သော်လည်း ယင်းနောက်ပိုင်းတွင် ဆားလုပ်ငန်းလုပ်ကိုင်သူ တဖြည်းဖြည်းလျော့နည်းလာပြီး လက်ရှိတွင် ၅၀ ဦးသာရှိကြောင်း ပြည်နယ်ဆားလုပ်ငန်းဦးစီးဌာနမှ သိရသည်။

ဆားလုပ်ငန်းလုပ်ကိုင်သူ နည်းပါးသွားခြင်းမှာ ကုန်ကျငွေနှင့်ရငွေ ကိုက်ညီမှုမရှိသောကြောင့် နှစ်စဉ်အရှုံးနှင့် ရင်ဆိုင်ရသဖြင့် ယင်းလုပ်ငန်းကို စွန့်ခွာကာ အခြားလုပ်ငန်းဘက်သို့ ရွှေ့ပြောင်းလုပ်သောကြောင်းဖြစ်သည်ဟု ကျောက်ဖြူမြို့နယ်၊ပြင်ကြီးကျေးရွာမှ ဆားလုပ်ငန်း လုပ်ကိုင်သူ ဦးထွန်ကြွယ်က DMG သို့ပြောသည်။

“ရခိုင်က ဆားတွေက ပြည်မက လာတဲ့ဆားတွေလောက် အရည်အသွေးမကောင်းတော့ လူသုံးနည်းလာတယ်။ ဆိုတော့ ကုန်ကျစရိတ်တွေကို မကာမိဘူးဖြစ်လာတယ်။ အရှုံးကို နှစ်စဉ် ကြုံလာကြရတော့ ဘယ်သူမှ မလုပ်ကြ တော့ဘူး” ဟု သူကပြောဆိုသည်။

ယခင်က ပြင်ကြီးကျေးရွာတွင် ဆားကွင်း ၃၅ ကွင်းရှိခဲ့ရာမှ လက်ရှိတွင် ဆားလုပ်ငန်း လုပ်ကိုင်သူမှာ ၎င်း တစ်ဦးတည်းသာ ကျန်ရှိတော့ကြောင့် ဆယ်စုနှစ်ကြာ ဆားလုပ်ငန်း လုပ်ကိုင်လာသူ ဦးထွန်းကြွယ်က ဆိုသည်။

ရခိုင်ပြည်တွင် ဆားလုပ်ငန်း လုပ်ကိုင်သူအများစုမှာ ဆားများကို မြေကြီးပေါ်တွင် လှန်းကြသောကြောင့် ဆားကြမ်းတွင် သဲများပါဝင်မှုရှိသဖြင့်  ဝယ်ယူသူနည်းပါးသည်။ ဧရာဝတီတိုင်းများတွင် ပြုလုပ်သကဲ့သို့ ပလက်စတစ်များဖြင့် နေလှမ်းခြင်းပြုလုပ်ပါကာ ရခိုင်ဒေသ ဆားများသည် အရည်အသွေးကောင်းမွန်လာမည်ဟု ဆားတောင်သူများက ပြောကြသည်။

ဆားလုပ်ငန်း လုပ်ကိုင်သူများ ပြန်လည် လည်ပတ်နိုင်ရေးအတွက်ဆိုလျှင် အစိုးရမှ ချေးငွေထုတ်ချေးပေးခြင်း၊ နည်းပညာများ ပံ့ပိုးပေးခြင်းအပြင် ဆားဈေးကွက်စနစ်ကိုလည်း ဖော်ဆောင်ပေးရန်လိုအပ်ပြီး ယင်းမှသာလျှင် အဆင်ပြေကြမည်ဟု ကျောက်ဖြူမြို့နယ်၊ ရွှေညိုမကျေးရွာမှ ဆားတောင်သူ ဦးစံသိန်းချေက ထောက်ပြသည်။  

“ဆားကွင်းတစ်ကွင်းကို ပလက်စတစ် နဲ့ လုပ်မယ်ဆိုရင် လုပ်သားခ အပါအဝင် သိန်းတစ်ရာဝန်း ကျင်လောက် ကုန်တယ်။ ဆားကွင်းတစ်ကွင်းက ဆား ပိဿာ တစ်သိန်းကျော်ထွက်ပြီး ရောင်းရရင်တော့ အဆင်ပြေမယ်။ မရောင်းရဘဲ ဖြစ်နေမယ်ဆိုရင်တော့ ချေးငွေထုတ်ချေးတာတွေ၊ ပလက်စတစ်တွေ ထုတ်ပေးရင်လည်း အကြွေးတင်ရုံပဲရှိမှာ ဖြစ်တယ်။ ဘာမှတော့ မထူးလာနိုင်ဘူး”ဟု ၎င်းကပြောဆိုသည်။

ဆားလုပ်ငန်းရှင်များအနေဖြင့် ပလက်စတစ်အသုံးပြုကာ တပြေးညီ ဆားထုတ်လုပ်နိုင်ပါက ဈေးကွက်တစ်ခုကို ဝင်ရောက်နိုင်မည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် သတ္တုတွင်း ဦးစီးဌာန၊ ဆားလုပ်ငန်းဌာနခွဲမှ ပြည်နယ်မှူး ဦးသန်း မြင့်က DMG သို့ပြောသည်။

“ရခိုင်က ဆားက အရည်အသွေးညံ့လို့ ဈေးကွက်ကို မဝင်တာ ဖြစ်တယ်။ ပလက်စတစ် အသုံးပြုလို့ လှန်းတာ ကျောက်ဖြူမှာ တစ်ဦးရှိခဲ့တယ်။ သူ့ဆားတွေဆိုရင် အရည်အသွေးကောင်းတယ်။ ရခိုင်ကဆားတောင်သူ တွေ တစ်ပြေးညီ အကုန်လုံး ပလက်စတစ်အသုံးပြုပြီး ဆားကို ထုတ်လုပ်မယ်ဆိုရင် ပြည်ပကို ပို့စရာ မလိုဘဲ မြန်မာ ပြည်ထဲမှာ ဈေးကွက်တစ်ခု ကောင်းကောင်း ရမှာ သေချာတယ်”ဟု ၎င်းကဆိုသည်။

လက်ရှိ ဆားလုပ်ငန်းရှင်များ ကြုံတွေ့နေရသည့် အခက်အခဲများကို ပြည်နယ်စစ်ကောင်စီထံ တင်ပြထားပြီး ဆား တောင်သူများ၏ လိုအပ်ချက်များနှင့်နည်းပညာပိုင်းဆိုင်ရာများကို ထောက်ပံ့နိုင်ရန်အတွက် ဇွန်လ ၂၃ ရက်နှင့် ၂၄ ရက်နေ့တွင် တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားကြောင်း ဦးသန်းမြင့်က ဆက်လက်ပြောသည်။

ယခုနှစ်အတွင်း မြန်မာနိုင်ငံအတွင်း ဆားထွက်နှုန်း လျော့နည်းသောကြောင့် ရခိုင်မှ ထွက်သည့် ဆားကြမ်းအဖြူ တစ်ပိဿာကို ယခင်က ၅၀ ကျပ်သာ ရှိခဲ့ရာမှ ယခုနှစ်တွင် တစ်ပိဿာကို ၁၅၀ ကျပ်ထိ ဈေးပေးပြီးရောင်းရ သည်။ဧရာဝတီဘက်မှ ထွက်သော အရည်အသွေးကောင်းသည့် ဆားတစ်ပိဿာကို ၃၅၀ ကျပ်အထိ ဈေးနှုန်း ရှိသည်ဟု ဆားတောင်သူများထံက သိရသည်။

ယခင်က ရခိုင်မှ ထွက်သော ဆားများကို ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ တင်ပို့မှုရှိခဲ့သောကြောင့် အဆင်ပြေမှုရှိခဲ့သော် လည်း ၂၀၁၂ ခုနှစ် နောက်ပိုင်းတွင် ဝယ်ယူခြင်းမရှိသဖြင့် ဆားလုပ်ငန်းရှင်များ အရှုံးနှင့်ရင်ဆိုင်နေရသည်ဟု သိရသည်။

ဗီဒီယိုများ