ရခိုင်ဆားတောင်သူများကို မွန်ဆားလုပ်ငန်းရှင်အသင်းက နည်းပညာအကူအညီများ ပံ့ပိုးပေးသွားမည်

ရခိုင်က ဆားလုပ်ငန်းလုပ်ကိုင်သူအများစုမှာ ဆားကို မြေကြီးပေါ်တွင် နေလှန်းကြသဖြင့် ဆားကြမ်းတွင် သဲ၊ ရွံ့များ ပါဝင်မှုရှိသောကြောင့် ဝယ်ယူသူနည်းပါးကြ၍ လက်ရှိမှာ ပလက်စတစ်အခင်းဖြင့် နေလှန်းနေသူများလည်း ရှိလာသည်။

By Admin 11 Feb 2023

လက်ရှိမှာ ရခိုင်ပြည်အတွင်း ဆားလုပ်ကွက်ဧကပေါင်း တစ်ထောင်ကျော်သာ ကျန်ရှိတော့သည်။ 
လက်ရှိမှာ ရခိုင်ပြည်အတွင်း ဆားလုပ်ကွက်ဧကပေါင်း တစ်ထောင်ကျော်သာ ကျန်ရှိတော့သည်။ 

DMG ၊ ဖေဖော်ဝါရီ ၁၁ 

ရခိုင်ပြည်အတွင်းရှိ ဆားလုပ်ငန်းလုပ်ကိုင်သူများကို မွန်ပြည်နယ် ဆားလုပ်ငန်းရှင်အသင်းက ဆားရေတင်စနစ်၊ မြေညှိစနစ်၊ ဆားသန့်စင်ဆေးကြောရေးစနစ်နှင့် ဆားအထွက်နှုန်းတိုးစေသော နည်းပညာအကူအညီများ ပံ့ပို့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

အဆိုပါနည်းပညာများကို ရခိုင်ဆားတောင်သူများအနေဖြင့် ဆားလုပ်ငန်း စတင်လုပ်ကိုင်ရန် အဆင်သင့်ဖြစ်ချိန်တွင် လာရောက်ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် ဆားလုပ်ငန်းရှင်အသင်း၏ တာဝန်ရှိသူတစ်ဦးက DMG ကိုပြောသည်။

“အကူညီလိုအပ်လို့ တောင်းလာခဲ့တာရှိရင် ကျနော်တို့က လူကိုယ်တိုင်ရော၊ ဆားတောင်သူ သုံးလေးဦးရယ် နောက်ပြီးတော့ တတ်ကျွမ်းတဲ့ ပညာရှင်တွေခေါ်ပြီးတော့ ကူညီဆောင်ရွက်ပေးပါမယ်လို့ ပြောချင်ပါတယ်” ဟု မွန်ပြည်နယ် ဆားလုပ်ငန်းရှင်အသင်း အတွင်းရေးမှူး ဦးကျော်တင်က ပြောဆိုထားသည်။ 

ရခိုင်က ဆားလုပ်ငန်းလုပ်ကိုင်သူများကို နည်းပညာအကူအညီပေးရေးနှင့် ပတ်သက်၍ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၄ ရက်နေ့က ရန်ကုန်မှာပြုလုပ်သည့် မြန်မာနိုင်ငံ ဆားလုပ်ငန်းရှင်များအသင်း ဥက္ကဌအသစ်ရွေးချယ်ပွဲတွင် ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း ဆားလုပ်ငန်းရှင်များထံမှ သိရသည်။

ရခိုင်က ဆားလုပ်ငန်းလုပ်ကိုင်သူအများစုမှာ ဆားကို မြေကြီးပေါ်တွင် နေလှန်းကြသဖြင့် ဆားကြမ်းတွင် သဲ၊ ရွံ့များ ပါဝင်မှုရှိသောကြောင့် ဝယ်ယူသူနည်းပါးကြ၍ လက်ရှိမှာ ပလက်စတစ်အခင်းဖြင့် နေလှန်းနေသူများလည်း ရှိလာသည်။ ရခိုင်ပြည်အတွင်း ဆားလုပ်ကွက်ဧက တစ်ထောင်ဝန်းကျင်ရှိသည့်အထဲမှ ပလက်စတစ်အခင်းဖြင့် နေလှန်းသည်မှာ ဧကနှစ်ရာဝန်းကျင်ရှိကြောင်း သိရသည်။

မွန်ဆားလုပ်ငန်းရှင်အသင်း၏ နည်းပညာအကူအညီများကို ရရှိလာမည်ဆိုလျှင် ရခိုင်ပြည်ဆားလုပ်ငန်းသည် ဖွံ့ဖြိုးတိုးတက်မှုများ ရှိလာမည်ဖြစ်ကြောင်း ရခိုင်ပြည်ဆားလုပ်ငန်းရှင်အသင်း အတွင်းရေးမှူး ဦးထွန်းကြွယ်က ပြောသည်။

“အဲလိုမျိုးစနစ်ပြောင်းလိုက်ရင် ကျနော်တို့ ရေတင်စနစ်ကအစ တုံးထိုးတဲ့စနစ်၊ ဆားကိုသန့်စင်တဲ့စနစ်ရယ် အဲဒီစနစ်တွေအားလုံး ပြောင်းလဲပြီးတော့ ထုတ်လိုက်မယ်ဆိုရင် ကျနော်တို့ ဆားထွက်နှုန်းတိုးမယ်။ နောက် ကျနော်တို့ကွင်းကထွက်တဲ့ ဆားတွေဟာ အရည်အသွေးမီတဲ့ ဆားကြမ်း၊ ဆားသန့်ထွက်လာမယ်” ဟု ၎င်းကဆိုသည်။ 

သို့သော်လည်း မွန်ဆားလုပ်ငန်းရှင်အသင်းကပေးသော နည်းပညာအတိုင်း လုပ်ကိုင်မည်ဆိုလျှင် ငွေကျပ် သိန်းတစ်ရာခန့် ကုန်ကျနိုင်မည်ဖြစ်သောကြောင့် ယင်းငွေကြေးပမာဏသည် ရခိုင်က ဆားတောင်သူများအတွက် အခက်အခဲရှိနေကြောင်း သိရသည်။  

ထို့ကြောင့် ရခိုင်ဆားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် အရည်အသွေးကောင်းမွန်သော ဆားများ ထွက်ရှိလာဖို့အတွက် ပြည်နယ်စစ်ကောင်စီအနေဖြင့် ရခိုင်က ဆားလုပ်ငန်းလုပ်ကိုင်သူများကို ချေးငွေထုတ်ပေးသင့်ကြောင်း ဆားလုပ်ငန်းရှင်များက ထောက်ပြပြောဆိုကြသည်။

“အဲ့ဒီစက်ပစ္စည်းတွေ၊ စက်ယန္တရားတွေ ဝယ်ဖို့အတွက်ကျတော့ ငွေကြေးအရ အခက်အခဲ ဖြစ်နေပြန်တယ်။ အဲဒါကြောင့် မြန်မာ့ဆားလုပ်ငန်းနဲ့ ရခိုင်ပြည်နယ်အစိုးရက ရခိုင်ဆားလုပ်ငန်း ဖွံ့ဖြိုးဖို့အတွက် ချေးငွေတွေချပေးမယ်လို့ ပြောတာတော့ ကြာပါပြီ။ အဲဒီချေးငွေကိုလည်း ကျနော်တို့ဆားတောင်သူတွေ မျှော်လင့်နေကြပါတယ်” ဟု ရခိုင်ပြည်ဆားလုပ်ငန်းရှင်အသင်း၏ အတွင်းရေးမှူး ဦးထွန်းကြွယ်က ပြောသည်။ 

ရခိုင်က ဆားလုပ်ငန်းလုပ်ကိုင်သူများကို ချေးငွေထုတ်ချေးပေးရန် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အစောပိုင်းမှစ၍ ရခိုင်ပြည်ဆားလုပ်ငန်းရှင်အသင်းက ပြည်နယ်စစ်ကောင်စီအဖွဲ့ထံ တင်ပြတောင်းဆိုထားသော်လည်း ယနေ့အချိန်အထိ တစ်စုံတစ်ရာ ထူးခြားလာမှု မရှိသေးကြောင်း သိရသည်။ 

အဆိုပါ ချေးငွေထုတ်ချေးပေမည့်ကိစ္စနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် စစ်ကောင်စီအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းနှင့် စီးပွားရေးဝန်ကြီး ဦးစံရွှေမောင်တို့ကို DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပေ။

ဆယ်စုနှစ်တစ်ခုကြာ ကုန်သွယ်မှုရပ်တန့်နေခဲ့သည့် ရခိုင်က ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆားတင်ပို့မှုကို လက်ရှိမှာ ပြန်လည်စတင်နေပြီ ဖြစ်သော်လည်း ရခိုင်က ဆားလုပ်ငန်းလုပ်ကိုင်သူများသည် အရည်အသွေးပြည့်မီသော ဆားများထုတ်လုပ်နိုင်ရန်အတွက် နည်းပညာ၊ ငွေကြေး စသည့် စိန်ခေါ်မှုများ ရှိနေကြသေးသည်။ 

#I008

ဗီဒီယိုများ