ဘင်္ဂလားဒေ့ရှ်သို့ ဆားတင်ပို့ခွင့်ရရေး ရခိုင်က ဆားလုပ်ငန်းရှင်များ မျှော်လင့်နေ

ရခိုင်တွင် ပြီးခဲ့သည့် ဆားရာသီက ထုတ်လုပ်ခဲ့သော နေလှန်းဆား တန်ချိန် နှစ်သောင်းထဲက တန်ချိန် တစ်သောင်းခန့်မှာ လတ်တလော ရောင်းမထွက်သေးဘဲ ပြည်တွင်း၌ သောင်တင်နေသည်။

By Admin 04 Aug 2023

ဘင်္ဂလားဒေ့ရှ်သို့ ဆားတင်ပို့ခွင့်ရရေး ရခိုင်က ဆားလုပ်ငန်းရှင်များ မျှော်လင့်နေ

DMG ၊ ဩဂုတ် ၄

ရခိုင်တွင် ပြီးခဲ့သည့် ဆားရာသီက ထုတ်လုပ်ခဲ့သော နေလှန်းဆား တန်ချိန် နှစ်သောင်းထဲက တန်ချိန် တစ်သောင်းခန့်မှာ လတ်တလော ရောင်းမထွက်သေးဘဲ ပြည်တွင်း၌ သောင်တင်နေသဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့ခွင့်ရရှိရေးကို ဆားလုပ်ငန်းရှင်များက လိုလားနေကြသည်။

ထုတ်လုပ်ခဲ့သည့် ဆားတန်ချိန်နှစ်သောင်းထဲက ပြည်တွင်း စားသုံးခြင်းနှင့် အခြားလိုအပ်သည့် နေရာများတွင် အသုံးပြု၍ တန်ချိန်တစ်သောင်းနီးပါး ကုန်သွားခဲ့သော်လည်း နောက်ထပ်တန်ချိန် တစ်သောင်းကျော်မှာ ရောင်းမထွက်ဘဲ ကျန်ရှိနေသေးသည်ဟု ရခိုင်ပြည်နယ် ဆားလုပ်ငန်းဌာနခွဲမှ သိရသည်။

လက်ကျန် ဆားများကို ဂိုဒေါင်များတွင် သိုလှောင်ထားရပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့နိုင်ရေး သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် စီစဉ်ပေးစေလိုကြောင်း ဆားလုပ်ငန်းရှင်များက ပြောသည်။

“ကျနော်တို့ လက်ထဲမှာရှိနေတဲ့ ဆားတွေကိုလည်း ၁၁ လပိုင်း အတိုးငွေတွေကို မပေးဆပ်မီ ဘင်္ဂလားဒေ့ရှ်ဖြစ်ဖြစ်၊ အိန္ဒိယနိုင်ငံဖြစ် သင့်တင့်လျှောက်ပတ်တဲ့ ဈေးနှုန်းတစ်ခုနဲ့ ရောင်းဝယ်ဖောက်ကားလို့ ရနိုင်အောင် လုပ်ပေးမယ်ဆိုရင် လာမယ့်နှစ်အတွက်လည်း ပိုပြီး အာရုံစိုက်လုပ်လာနိုင်မယ်” ဟု ကျောက်ဖြူမြို့နယ် ဆားလုပ်ငန်းရှင်များအသင်း အဖွဲ့ဝင် ဦးကျော်မောင်သန်းက ပြောသည်။

ရခိုင်ပြည်မှ ထွက်ရှိသည့် ဆားများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဝယ်ယူမည်ဖြစ်ကြောင်း ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် မတ်လအတွင်းက ဘင်္ဂလားဒေ့ရှ် အစိုးရနှင့် စစ်ကောင်စီတို့ကြား ဆွေးနွေးခဲ့ပြီး နှစ်နိုင်ငံ ကုန်သည်များအကြား သဘောတူထားခဲ့ကြသည်။

ဆားရာသီဖြစ်သော မတ်လနှင့် ဧပြီလတွင် ရခိုင်က မြို့နယ်အသီးသီးမှ ဆားထုတ်လုပ်သူများမှာ စစ်ကောင်စီထံမှ ချေးငွေ ကျပ်သိန်း ၅,၀၀၀ ခန့်ရယူကာ အင်တိုက်အားတိုက် လုပ်ကိုင်ခဲ့ကြသည်။

သို့သော် ပြည်တွင်းဈေးကွက်တစ်ခုတွင်သာ တင်ပို့ရောင်းချနေရပြီး အခြား ပြည်ပဈေးကွက် တစ်ခုရှိမှသာ ဆားလုပ်ငန်းရှင်များအတွက် အဆင်ပြေမည်ဖြစ်ကာ ရခိုင်ဆားလုပ်ငန်းလည်း ရေရှည်တည်တံ့နိုင်မည် ဖြစ်ကြောင်း ဦးကျော်မောင်သန်းက ပြောသည်။

အခြားတစ်ဖက်တွင် ဆားကွင်း ၁ ဧကကို ကျပ်ငါးသိန်းနှုန်းဖြင့် စစ်ကောင်စီထံမှ ချေးငွေယူထားသဖြင့် လက်ရှိတွင် ဆားအရောင်းထွက်မှု နည်းပါးနေသဖြင့် ချေးငွေများကို အချိန်မီပြန်ဆပ်နိုင်ရေးကိုလည်း တွေးပူနေရကြောင်း ဆားလုပ်ငန်းရှင်များက ပြောသည်။

ကျောက်ဖြူမြို့နယ်၊ ရွှေညိုမကျေးရွာမှ ဆားလုပ်ငန်းလုပ်ကိုင်သူ ဦးဖြူဒေါင်းကြီးက “အစိုးရ ချေးငွေကတော့ ၆ လတစ်ကြိမ် အတိုးပေးပြီးတော့ ၁၂ လအတွင်း အပြီးဆပ်ရမယ်လို့ ကတိခံထားတယ်။ အစိုးရ ချေးငွေတွေကို ဆပ်ဖို့ဆိုတာက ပြည်ပဈေးကွက်ပုံစံမျိုး မှီခိုပြီး မရောင်းရဘူးဆိုရင် ဆားက ဈေးတအားကျပြီးတော့ ရောင်းလိုအားများပြီး ဝယ်လိုအားနည်းမယ့် သဘောဖြစ်ပါတယ်” ဟု ပြောသည်။

ကျောက်ဖြူမြို့နယ်၊ ရွှေညိုမကျေးရွာတွင် ဆားလုပ်ငန်းလုပ်ကိုင်သူ ၅၀ ခန့်ရှိပြီး ဆားလုပ်ကွက် ဧကပေါင်း ၃၀၀ ခန့်ရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ် ဆားလုပ်ငန် ဌာနခွဲမှ တာဝန်ရှိသူတစ်ဦးကလည်း ရခိုင်မှ ထွက်ရှိသည့် ဆားများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့နိုင်ရေးမှာ တောင်သူများအနေဖြင့် စုပေါင်းအင်အားနှင့် ပြည်နယ်အစိုးရ(စစ်ကောင်စီ)ထံသို့ တင်ပြပြီး တစ်ဖက်နိုင်ငံမှ ဆားဝယ်ယူမည့် ကုန်သည်များကို ရှာဖွေရန်လိုအပ်ကြောင်း အကြံပေးသည်။

“ရခိုင်က ဆားတွေကို နိုင်ငံခြားတင်ပို့မယ့် အခြေအနေက အသင်းအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီးတော့ ထိုးဖောက်ဖို့ လိုပါတယ်။ ပြီးတော့ ရခိုင်ပြည်နယ်အစိုးရကိုလည်း နားလည်အောင် ဖျောင်းဖျပြောဆိုဖို့လိုပါတယ်” ဟု ရခိုင်ပြည်နယ် ဆားလုပ်ငန်းဌာနခွဲ တာဝန်ရှိသူကပြောသည်။

ရခိုင်က ဆားလုပ်ငန်းရှင်များ လက်ထဲတွင် သောင်တင်နေသည့် ဆားများကို ပြည်ပဈေးကွက်သို့ ရောင်းထုတ်နိုင်ရေးနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်စစ်ကောင်စီ တာဝန်ရှိသူများကို ဆက်သွယ်မေးမြန်းနေဆဲ ဖြစ်သည်။

ရွှေညိုမကျေးရွာမှ ဒေါ်မငွေခင်က “ဆားတွေ ရောင်းမထွက်ဘူးဆိုရင်တော့ ဆားရာသီစတဲ့အခါ ပိုက်ဆံကို ရတဲ့နည်းနဲ့ ရှာဖွေပြီး အရင်းအနှီးလုပ်ရမယ့် သဘောပါ။ မရရင် ရတဲ့နည်းနဲ့ ချေးရတော့မှာပေါ့။ ကိုယ့်မှာက ဆားလုပ်ငန်းကို မလုပ်မဖြစ်ဆိုတဲ့အခါ ပိုက်ဆံချေးပြီးတော့ လည်ပတ်နေရတယ်” ဟု ပြောသည်။

လက်ရှိ ရခိုင်တွင် ဆားလုပ်ကွက် ဧကပေါင်း ၇ ထောင်ခန့်ရှိပြီး ကျောက်ဖြူမြို့နယ်တွင် အများဆုံးဖြစ်ကာ သံတွဲ၊ ဂွ၊ စစ်တွေ၊ ပေါက်တော၊ ရသေ့တောင် စသည့်မြို့နယ်များတွင် အနည်းငယ် လုပ်ကိုင်ကြကြောင်း သိရသည်။

ရခိုင်မှ ဆားများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြီးခဲ့သည့် ၁၉၉၆ ကနေ ၂၀၀၄ ခုနှစ်အထိ တစ်နှစ်ကို ဆားတန်ချိန် ၈ သောင်းမှ ၁ သိန်းခွဲအထိ ဝယ်ယူခဲ့သော်လည်း နောက်ပိုင်းတွင် အရည်အသွေး မပြည့်မီဟုဆိုကာ ဝယ်ယူမှုကို ရပ်နားခဲ့သည်။

ဆယ်စုနှစ်တစ်ခုကြာ ဝယ်ယူမှု ရပ်တန့်ခဲ့ပြီးနောက် အိန္ဒိယနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့နေသည့် အရည်အသွေးမြင့် ဆားများကဲ့သို့ ရခိုင်တွင်လည်း ပလတ်စတစ်အခင်းကို အသုံးပြု၍ နေလှန်းဆားများကို ထုတ်လုပ်လာကြသည်။

#I003

ဗီဒီယိုများ