အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့် ဆားလုပ်ငန်းအရှုံးပေါ်နိုင်ဟု ရခိုင်ဆားတောင်သူများပြော 

ရခိုင်ပြည်တွင် ဧပြီလဆန်း ၂ ရက်နှင့် ၃ ရက်နေ့က မိုးရွာသွန်းခဲ့မှုကြောင့် ကျောက်ဖြူ၊ ပေါက်တော၊ စစ်တွေ၊ သံတွဲ မြို့နယ်တို့မှ ဆားလုပ်ကွက်တစ်ချို့မှာ မိုးရေဝင်ပျက်စီးသွားခဲ့သည်။ 

By Admin 04 Apr 2023

ကျောက်ဖြူမြို့နယ်၊ ဂန့်ဂေါကျေးရွာမှ ယခုနှစ် ဆားလုပ်ကွက်အချို့ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဦးအောင်မျိုးဆက်)
ကျောက်ဖြူမြို့နယ်၊ ဂန့်ဂေါကျေးရွာမှ ယခုနှစ် ဆားလုပ်ကွက်အချို့ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဦးအောင်မျိုးဆက်)

DMG ၊ ဧပြီ ၄

အချိန်အခါမဟုတ် မိုးရွာသွန်းမှုတို့ကြောင့် ဒီဂရီပြည့်မီဆားရည်များ၊ ဆားလုပ်ကွက်များအပြင် စုပုံထားသောဆားကြမ်းများစွာ ပျက်စီးဆုံးရှုံးသွားသည့်အတွက် ယခုနှစ် ဆားလုပ်ငန်းအရှုံးပေါ်နိုင်ကြောင်း ရခိုင်ဆားတောင်သူများက ပြောဆိုနေကြသည်။ 

ရခိုင်ပြည်တွင် ဧပြီလဆန်း ၂ ရက်နှင့် ၃ ရက်နေ့က မိုးရွာသွန်းခဲ့မှုကြောင့် ကျောက်ဖြူ၊ ပေါက်တော၊ စစ်တွေ၊ သံတွဲ မြို့နယ်တို့မှ ဆားလုပ်ကွက်တစ်ချို့မှာ မိုးရေဝင်ပျက်စီးသွားခဲ့ကြောင်း ဆားတောင်သူများထံမှ သိရသည်။ 

“သိန်း ၁၀၀ လောက် ထွက်ရှိနိုင်တဲ့အနေအထားကနေ သိန်းငါးဆယ်စာလောက် ပျက်စီးသွားတယ်လို့ ပြောလို့ရပါတယ်” ဟု ကျောက်ဖြူမြို့နယ်၊ ဂန့်ဂေါကျေးရွာမှ ဆားတောင်သူ ဦးအောင်မျိုးဆက်က ပြောသည်။ 

ကျောက်ဖြူမြို့နယ်၊ ဂန့်ဂေါကျေးရွာတွင် ဆားလုပ်ငန်းလုပ်ကိုင်သူ ၉၀ ခန့်ရှိပြီး ယင်းအထဲမှ ၂၀ လောက်မှာ ရင်းနှီးငွေတန်ဖိုး တစ်ဝက်ခန့် ပျက်စီးသွားခဲ့ရကြောင်း ပြောဆိုကြသည်။ 

ပေါက်တောမြို့နယ်၊ ငပြီတက်ကျေးရွာတွင်လည်း ယခုရက်ပိုင်းအတွင်း မိုးရွာသွန်းမှုကြောင့် ဆားလုပ်ကွက် ဧက ၃၀ ခန့် ပျက်စီးဆုံးရှုံးသွားခဲ့သည်။ 

“ပျက်စီးသွားတဲ့ ဆားလုပ်ကွက်တွေကို အစကနေပြီးပြန်လုပ်ရမယ်။ အားစိုက်ခွန်စိုက် အပင်ပန်းခံလုပ်ထားတာတွေ ဆုံးရှုံးသွားတော့ စိတ်မကောင်းဖြစ်ရတယ်” ဟု ဆားတောင်သူ ဦးမောင်လုံးချေက ပြောသည်။ 

ပျက်စီးသွားသည့် ဆားလုပ်ကွက်များကို ပြန်လည်လုပ်ကိုင်နိုင်ရန်အတွက် အနည်းဆုံးတစ်ပတ်ခန့် အချိန်ယူလုပ်ကိုင်ရမည်ဖြစ်ကြောင်း ဆားတောင်သူများထံမှ သိရသည်။ 

ရခိုင်ပြည်တွင် ၂၀၀၀ ပြည့်နှစ်မတိုင်မီက ဆားလုပ်ကွက်ဧကပေါင်း ၂,၀၀၀ နီးပါးရှိခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ဆားလုပ်ငန်းလုပ်ကိုင်သူ နည်းပါးသွားပြီး လက်ရှိမှာ ဆားလုပ်ကွက်ဧက ၁,၀၀၀ ကျော်သာ ကျန်ရှိတော့သည်။

ဆယ်စုနှစ်တစ်ခုကြာ ကုန်သွယ်မှုရပ်တန့်နေခဲ့သည့် ရခိုင်ပြည်မှဆားများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့မှုကို ယခုနှစ်မှာ ပြန်လည်စတင်ခဲ့ပြီးမှ ဆားလုပ်ငန်းလုပ်ကိုင်သူ အနည်းငယ်တိုးလာနေခြင်းဖြစ်သည်။ 

ရခိုင်က ဆားတောင်သူများမှာ ဆားဈေးကွက်အာမခံချက်နှင့် ဈေးကောင်းရရှိမည် ဆိုသည့် မျှော်လင့်ချက်နှင့် ငွေကြေးအရင်းအနှီးများ စိုက်ထုတ်လုပ်ကိုင်ခဲ့ကြပြီးမှ ရာသီဉတုဒဏ်ကြောင့် မျှော်လင့်ချက်မဲ့နေကြရသည်။ 

#I008

ဗီဒီယိုများ