ပုဏ္ဏားကျွန်းမြို့နယ်တွင် စစ်ကောင်စီတပ်သားများ မီးရှို့မှုကြောင့် နေအိမ် ၂၀၀ နီးပါးပျက်စီး

ပုဏ္ဏားကျွန်းမြို့နယ်တွင် ယမန်နေ့က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရဲရိုးပြင်ရွာနှင့် ခမောင်းတောရွာအတွင်းသို့ စစ်ကောင်စီတပ်က ပစ်ခတ်မှုများပြုလုပ်ကာ ရုတ်တရက်ဝင်ရောက်ပြီး နေအိမ်များကို မီးရှို့ခဲ့ခြင်း ဖြစ်သည်။ 

By Admin 04 Dec 2023

စစ်ကောင်စီ မီးရှို့သွားသည့် ရဲရိုးပြင်ရွာမှ နေအိမ်များအား ဒီဇင်ဘာလ ၄ ရက်တွင် တွေ့ရစဉ်။
စစ်ကောင်စီ မီးရှို့သွားသည့် ရဲရိုးပြင်ရွာမှ နေအိမ်များအား ဒီဇင်ဘာလ ၄ ရက်တွင် တွေ့ရစဉ်။

DMG ၊ ဒီဇင်ဘာ ၄

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် စစ်ကောင်စီတပ်သားများ ဝင်ရောက်မီးရှို့မှုကြောင့် ရဲရိုးပြင်ရွာနှင့် ခမောင်းတောရွာတွင် နေအိမ် ၂၀၀ နီးပါး ပျက်စီးဆုံးရှုံးသွားသည်ဟု ဒေသခံများထံမှ သိရသည်။  

ဒီဇင်ဘာ ၃ ရက် မွန်းလွဲပိုင်းက စစ်ကောင်စီတပ်သား ၁၀၀ ကျော် ကျေးရွာအတွင်း ဝင်ရောက်မီးရှို့မှုကြောင့် ရဲရိုးပြင်ရွာတွင် နေအိမ် ၁၄၀ ခန့်နှင့် ခမောင်းတောရွာတွင် နေအိမ် ၃၀ ကျော် မီးလောင်ပျက်စီးသွားခဲ့သည်။

“သူတို့(စစ်ကောင်စီ)က ရဲရိုးပြင်ရွာကို အရင်ရှို့တာ။ အဲဒါကြောင့် ရဲရိုးပြင်ရွာမှာ အပျက်အစီးပိုများတာ။ ခမောင်းတောရွာကိုတော့ လေးနာရီလောက်မှာ ရှို့တာ” ဟု ရဲရိုးပြင်ရွာမှ အမျိုးသားတစ်ဦးက ပြောသည်။

ပုဏ္ဏားကျွန်းမြို့နယ်တွင် ယမန်နေ့က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရဲရိုးပြင်ရွာနှင့် ခမောင်းတောရွာအတွင်းသို့ စစ်ကောင်စီတပ်က ပစ်ခတ်မှုများပြုလုပ်ကာ ရုတ်တရက်ဝင်ရောက်ပြီး နေအိမ်များကို မီးရှို့ခဲ့ခြင်း ဖြစ်သည်။ 

ယင်းအပြင် ရဲရိုးပြင်ရွာအနီးပတ်ဝန်းကျင်ရှိ လယ်ကွင်းများတွင် စုပုံထားသော စပါးတင်း ၄၀၀ ခန့်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကျေးရွာသားများထံမှ သိရသည်။ 

လက်ရှိမှာ မီးရှို့ခံကျေးရွာမှ ဒေသခံများအပြင် အနီးပတ်ဝန်းကျင်ရှိကံချောင်း၊ အောင်မြေကုန်း ကျေးရွာများမှ ဒေသခံများမှာလည်း ဘေးလွတ်သို့ တိမ်းရှောင်နေကြရသည်။ 

“ကိုယ့်ပြည်သူတွေအပေါ် အခုလိုလုပ်တာတော့ မကောင်းဘူး” ဟု ခမောင်းတောရွာသားတစ်ဦးက ပြောသည်။ 

ယခုဖြစ်စဉ်နှင့်ပတ်သက်၍ ရခိုင်ပြည်နယ် စစ်ကောင်စီ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရ ကို DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။ 

ရဲရိုးပြင်ရွာနှင့် ခမောင်းတောရွာကို စစ်ကောင်စီတပ်၏ ခလရ ၂၇၀ တပ်ရင်းမှ ကျေးရွာအတွင်းဝင်ရောက်ကာ မီးရှို့ခဲ့ခြင်းဖြစ်သည်ဟု ရက္ခိုင့်တပ်တော်(AA)ကလည်း ထုတ်ပြန်ထားသည်။ 

စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အပြစ်မဲ့ပြည်သူများ၏ အသက်အိုးအိမ်များကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးနေကြောင်း လူ့အခွင့်အရေးလှုပ်ရှားသူများက ပြောဆိုကြသည်။ 

“အခုဖြစ်စဉ်က ပြည်သူလူထုရဲ့ အသက်ရှင်နေထိုင်ရေးကို ခြိမ်းခြောက်မှုတစ်ခုဖြစ်တယ်။ ပြီးတော့ တိုက်ပွဲဧရိယာမဟုတ်ဘဲ ပြည်သူတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်နေတာ” ဟု ရခိုင်က တက်ကြွလှုပ်ရှားသူ တစ်ဦးက ပြောသည်။ 

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၄ ရက်ကလည်း စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်မှုကြောင့် ပုဏ္ဏားကျွန်းမြို့၊ မြို့မဈေးတွင် မီးအပြင်းအထန်လောင်ကျွမ်းခဲ့ပြီး ဆိုင်ခန်း ၃၀၀ ကျော် ပျက်စီးသွားသည်။

ရခိုင်ပြည်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့၏ တိုက်ပွဲဖြစ်စဉ်အတွင်း စစ်ကောင်စီက အရပ်သားနေထိုင်ရာမြို့ရွာများကို လက်နက်ကြီး/ငယ်များဖြင့် ပစ်မှတ်ထားပစ်ခတ်နေသဖြင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ထိခိုက်နေရသည်။

#D008 #DMG 

ဗီဒီယိုများ