လောဘကျေးကျွန်များရဲ့ ရုန်းမထွက်နိုင်တဲ့ သံသရာ

တစ်ဖက်မှာလည်း ဝရမ်းမပါဘဲဖမ်းဆီးလို့ရတဲ့ ရဲအရေးပိုင်တဲ့ဥပဒေဖြစ်တာကြောင့် လောင်းကစားဒိုင်တွေဟာ တာဝန်ကျရဲအရာရှိတွေကို လာဘ်ထိုးရတာမျိုးတွေလည်း ရှိလို့နေပါသေးတယ်။ နှစ်လုံးထီ လောင်းကစားဟာဆိုရင် ဆယ်စုနှစ်တစ်ခုနီးပါးလောက် ဆိတ်ငြိမ်နေခဲ့ပြီးမှ အခုတဖန် ပြန်လည်အသက်ဝင်လာခဲ့တာလည်း ဖြစ်ပါတယ်။

29 Aug 2022

DMG ၊ သြဂုတ် ၂၉

(ဆောင်းပါး)

လူဆိုတာကတော့ လောဘနဲ့မကင်းတတ်ကြလို့ ကိုယ့်မှာရှိတဲ့ပစ္စည်းဥစ္စာတွေကို ပိုပြီးတိုးပွားလာအောင် လုပ်ဆောင်နေကြတာသာ ဖြစ်ပါတယ်။ တစ်ချို့က လောဘနည်းပြီး တစ်ချို့က လောဘကြီးတာမျိုးတော့ ရှိကြပါလိမ့်မယ်။ အဲဒီထဲမှာမှ သူတစ်ပါးပစ္စည်းဥစ္စာကို အချောင်ရပြီး ကြီးပွားချမ်းသာချင်ကြတဲ့ ဝိသမလောဘသားတွေက ကြောက်စရာအကောင်းဆုံး လူသားတွေဖြစ်ကြပါတယ်။

လက်ရှိမှာ ရခိုင်ပြည်နယ်အတွင်းသာမက မြန်မာတစ်နိုင်ငံလုံးမှာ မှုခင်းတွေထူပြောလာနေပါတယ်။ အကြောင်းရင်းကတော့ နိုင်ငံရေးစနစ်လွဲချော်နေခြင်း၊ ငွေကြေးဖောင်းပွမှုနဲ့ အဆမတန်မြင့်တက်လာနေတဲ့ ကုန်ဈေးနှုန်းတွေကြောင့်လို့ ဆိုရပါလိမ့်မယ်။
လူတွေဟာ ဝင်ငွေနဲ့ထွက်ငွေ မမျှတတော့တာကြောင့် အရင်းနည်းနည်းရင်းပြီး အမြတ်များများရမယ့်အရာကို လုပ်ဆောင်လာနေကြပါတယ်။ အဲဒါကတော့ လောင်းကစားပါပဲ။ လောင်းကစားဟာ လူတွေကို မျှော်လင့်ချက်ပေးတယ်၊ ငွေရလွယ်တဲ့အလုပ်တစ်ခုဖြစ်ပါတယ်။ လက်ရှိ ကျနော်တို့ပတ်ဝန်းကျင်မှာ အများဆုံးမြင်တွေ့နေရတာကတော့ ၁ လုံးလို့ခေါ်တဲ့ ဘောလုံးပွဲလောင်းတာ၊ နှစ်လုံးထီလောင်းတာ၊ သုံးလုံးထီလောင်းကစား လုပ်နေကြတာတွေပါပဲ။

သုံးလုံးထီဆိုတာကတော့ ထိုင်းနိုင်ငံရဲ့ အမြင့်ဆုံးထီဆု ဂဏန်းခြောက်လုံးထဲက နောက်ဆုံးသုံးလုံးကိုယူထားပြီး ပေါက်လို့ရှိရင် အဆ ၅၀၀ ပေးပါတယ်။ ဒါပေမဲ့ အကွက်ပေါင်းတစ်ထောင်ရှိတဲ့အတွက် သုံးလုံးဂဏန်းထိုးတဲ့ သူတစ်ယောက်အတွက် ပေါက်နိုင်ခြေဟာ ၀ ဒသမ ၁ ရာခိုင်နှုန်းသာရှိပါတယ်။ ချဲထီလို့ခေါ်တဲ့ ဒီသုံးလုံးဂဏန်းဟာ တစ်လမှာ နှစ်ကြိမ်သာထွက်ရှိတာကြောင့် လောင်းကစားလုပ်သူတွေအတွက် ဘောလုံးလောင်းကစားတို့၊ နှစ်လုံးထီလောင်းကစားတို့လောက် ထိခိုက်နစ်နာမှု သိပ်ပြီးတော့မကြီးမားလှပါဘူး။
တစ်လုံးလို့ခေါ်တဲ့ ဘောလုံးလောင်းကစားဟာလည်း နောက်ပိုင်းမှာ လူငယ်တွေကြားရေပန်းစားလာတဲ့ လောင်းကစားနည်းဖြစ်ပါတယ်။ နှစ်သင်းတည်းမှာ ကိုယ်ကြိုက်နှစ်သက်ရာ အသင်းကိုလောင်းလို့ရတဲ့အတွက် အခွင့်အရေးကတော့ ၅၀-၅၀ ရှိနေပါတယ်။ အဓိကပြောချင်တာကတော့ နှစ်လုံးထီလောင်းကစားကိုပါ။

နှစ်လုံးထီလောင်းကစားကတော့ လက်ရှိမှာ ပြည်သူတွေထိခိုက်နစ်နာမှု ပြင်းထန်လှတဲ့ လောင်းကစားနည်းပါ။ မှတ်မှတ်ရရ ကျနော်တို့ဒေသမှာ နှစ်လုံးထီစတင်ခေတ်စားခဲ့တာ ၂၀၀၀ ခုနှစ် ဝန်းကျင်လောက်မှာပါ။ အဲဒီတုန်းက နှစ်လုံးထီက တစ်လမှ ၅ ရက်တည်းသာ ထွက်ပါတယ်။

အောင်ဘာလေထီမင်္ဂလာစုံတွဲ ကျပ်သိန်းငါးဆယ်ဆု ၅ ဆုထဲက နောက်ဆုံးနှစ်လုံးကို ပေါက်ဂဏန်းအဖြစ် လောင်းကစားဒိုင်တွေက သတ်မှတ်ပါတယ်။ ပေါက်ဂဏန်းကိုလည်း ညနေဖက် ၄ နာရီမှာ မြန်မာ့အသံရေဒီယိုကနေ ငါးရက်ဆက်တိုက် နေ့စဉ်ကြေငြာပါတယ်။ အကွက် ၁၀၀ ရှိတဲ့နေရာမှာ အဆရှစ်ဆယ်ပေးထားတဲ့အတွက် မက်လောက်စရာ အနေအထားဖြစ်ပြီး ပေါက်ဖို့ရာခိုင်နှုန်းကတော့ ၁ ရာခိုင်နှုန်းပဲရှိပါတယ်။

နောက်ပိုင်းမှာ မင်္ဂလာစုံတွဲထီဂဏန်းတွေကို တစ်ရက်တည်းမှာ ကြေငြာလိုက်တဲ့အတွက် နှစ်လုံးထီလောင်းကစားဟာ ခေတ္တငုတ်လျှိုးသွားခဲ့ရပြီး သိပ်မကြာခင်မှာပဲ တစ်ဖန်ပြန်လို့ ပေါ်ထွက်လာပါတယ်။

အဲဒါကတော့ ထိုင်းနိုင်ငံရဲ့ စတော့ရှယ်ယာဈေးနှုန်းက ဂဏန်းတွေကို ကစားကြတာပါ။ အစက တစ်ပတ်မှာ ၅ ရက်၊ ညနေ ၄ နာရီဂဏန်းကိုသာ ကစားခဲ့ကြတယ်ဆိုပေမယ့် တစ်လအတွင်း အကြိမ်ရေ ၂၀ ထိ ကစားနိုင်တာကြောင့် လိုက်ကစားကြရင်း အရှုံးနွံနစ်ပြီး ရွှေရှိရင်ရွှေရောင်း၊ မရှိသူမှာ အိမ်ပေါင်နဲ့ လင်မယားချင်းကွဲကြတာမျိုးတွေတောင် ရှိခဲ့ကြပါတယ်။

အဲဒါက တစ်လမှာအကြိမ်ရေ ၂၀ သာထိုးလို့ရခဲ့တဲ့ အချိန်တုန်းကဖြစ်ခဲ့တာဆိုရင် လက်ရှိမှာ တစ်ရက်မှာ နှစ်ကြိမ် (တစ်လမှာ အကြိမ်ရေ ၄၀)ထိုးနေကြတဲ့ခေတ်မှာ ဆုံးရှုံးမှုတွေ ဘယ်လောက်များလိုက်မလဲ။

လောင်းကစားဒိုင်လုပ်သူတွေဟာ သူ့ပတ်ဝန်းကျင်မှာရှိတဲ့ အာဏာနဲ့လုပ်ပိုင်ခွင့်ရှိတဲ့သူတွေကို ငွေနဲ့ပေါက်ပြီး ခါးပိုက်ထဲထည့်ထားတတ်ကြပါတယ်။ လောင်းကစားဥပဒေမှာ ထောင်ဒဏ်သုံးနှစ်အထိ ချမှတ်နိုင်တဲ့ပြစ်ဒဏ်ကို သတ်မှတ်ထားပေမဲ့လည်း အုပ်ချုပ်ရေးယန္တရား ဖရိုဖရဲဖြစ်နေတာကတစ်ကြောင်း၊ အောက်ခြေဝန်ထမ်းတွေရဲ့ လာဘ်စားမှုတွေကြောင့်လည်း ဖော်ထုတ်ဖမ်းဆီးရမိမှုမှာ အားနည်းနေဆဲပဲဖြစ်ပါတယ်။

ဖမ်းဆီးရမိမှုတွေကိုကြည့်ရင်လည်း ပင်ရင်းလောင်းကစားဒိုင်ကြီးတွေကို ဖမ်းဆီးရမိတာမျိုးက ရှားပါးပြီး လက်ခွဲဒိုင်လို့ခေါ်တဲ့ ကော်မရှင်စားအရောင်းသမားတွေကိုသာ ဖမ်းဆီးရမိနေတာကိုလည်း မြင်တွေ့ကြရမှာပါ။

တစ်ဖက်မှာလည်း ဝရမ်းမပါဘဲဖမ်းဆီးလို့ရတဲ့ ရဲအရေးပိုင်တဲ့ဥပဒေဖြစ်တာကြောင့် လောင်းကစားဒိုင်တွေဟာ တာဝန်ကျရဲအရာရှိတွေကို လာဘ်ထိုးရတာမျိုးတွေလည်း ရှိလို့နေပါသေးတယ်။ နှစ်လုံးထီ လောင်းကစားဟာဆိုရင် ဆယ်စုနှစ်တစ်ခုနီးပါးလောက် ဆိတ်ငြိမ်နေခဲ့ပြီးမှ အခုတဖန် ပြန်လည်အသက်ဝင်လာခဲ့တာလည်း ဖြစ်ပါတယ်။

သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်မှာ ထီလက်မှတ်တစ်စောင်ရဲ့တန်ဖိုးကို ၂၀၀ ကျပ်ကနေ ၅၀၀ ကျပ်အထိ မြှင့်တင်ပေးခဲ့ပြီး အမြင့်ဆုံးဆုကြေးငွေကိုလည်း ကျပ်သိန်း ၁၅၀၀ ကနေ ကျပ်သိန်း ၅၀၀၀ ထိ တိုးမြှင့်ပေးခဲ့တာကြောင့် ထီလက်မှတ်စောင်ရေ ရောင်းအားတက်လာခဲ့ပြီး တရားမဝင် နှစ်လုံးထီ၊ သုံးလုံးထီတွေ အနည်းငယ်ငုပ်လျှိုးသွားခဲ့ပါတယ်။

နောက်ထပ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အစိုးရလက်ထက်မှာ အမြင့်ဆုံးဆုငွေကို ကျပ်သိန်း တစ်သောင်း၊ ကျပ်သိန်းတစ်သောင်းခွဲထိ ချီးမြှင့်ပေးခဲ့တာကြောင့် အောင်ဘာလေထီထိုးသူတွေ များပြားလာခဲ့ပြီး နှစ်လုံးထီလောင်းကစားဟာ ကွယ်ပျောက်လုနီးပါးအထိ ဖြစ်သွားခဲ့ပါတယ်။

ဒါပေမဲ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ အောင်ဘာလေသိန်းဆုအတွက် ချီးမြှင့်ငွေနှင့် ဆုအရေအတွက်တွေကို ရုတ်တရက်လျှော့ချပစ်လိုက်တာကြောင့် နှစ်လုံးထီလောင်းကစားဟာ ပြန်လည်အရှိန်ကောင်းလာခဲ့ပြန်ပါတယ်။ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အနေနဲ့ စစ်တပ်အတွက် အခွန်ငွေရစေနိုင်တဲ့ လုပ်ငန်းဟူသမျှကို သပိတ်မှောက်ခဲ့ကြတာကြောင့် အမြင့်ဆုံးအခြေအနေကို ရောက်ရှိနေတဲ့ ထီလက်မှတ်ရောင်းအားဟာ တဟုန်ထိုးကျဆင်းခဲ့ကြရပြီး အရင်က အမြင့်ဆုံးဆုအဖြစ် ချီးမြှင့်ခဲ့တဲ့ ကျပ်သိန်းတစ်သောင်းခွဲကိုတောင် မချီးမြှင့်နိုင်တော့ဘဲ ကျပ်သိန်းငါးထောင်လောက်သာ ချီးမြှင့်နိုင်ပါတော့တယ်။

အဲဒီမှာ တရားမဝင်လောင်းကစားဖက်ကို လူတွေက ပိုမိုအာရုံစိုက်လာကြပြီး တချို့ကျေးရွာတွေမှာ နှစ်လုံးထီ လောင်းကစားကြောင့် လယ်ကိုပေါင်၊ ကျွဲနွားတွေကို ရောင်းချရတဲ့အထိ ဖြစ်နေကြတာကိုလည်း မြင်တွေ့နေရပါတယ်။ မြို့ပေါ်မှာဆိုရင်လည်း နေရာတိုင်းမှာ ပေါ်ပေါ်ထင်ထင်ရောင်းချနေကြတာကိုလည်း တွေ့မြင်နေကြရမှာပါ။ စစ်ကောင်စီအုပ်ချုပ်ရေး လက်လှမ်းမမှီတဲ့ ကျေးလက်ဒေသတွေမှာဆိုရင်လည်း သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ပေါင်းပြီး လောင်းကစားဒိုင်တွေက လုပ်စားနေကြတာကိုလည်း ကြားသိနေရပါတယ်။

နှစ်လုံးထီ လောင်းကစားပြုလုပ်သူတွေထဲမှာ အများဆုံးက လက်လုပ်လက်စား အခြေခံလူတန်းစားတွေ များပါတယ်။ မလောက်ငှတဲ့ဝင်ငွေထဲက နှစ်လုံးထီပေါက်ရင် အသားဟင်းကောင်းကောင်း တစ်နပ်စားရဖို့အရေး၊ လိုအပ်တဲ့ မီးဖိုချောင်သုံးစရိတ်လေးများ ရလေမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ကစားကြသူများရှိသလို ငွေကြေးအနည်းငယ် တတ်နိုင်သူတွေကတော့ ကြေးကြီးကြီးကစားတတ်ကြလို့ ဒိုင်လုပ်သူတွေအတွက်ကတော့ မြိုးမြိုးမြက်မြက် ခံစားကြရတာလည်းဖြစ်ပါတယ်။

အဲဒါကြောင့်လည်း လက်ခွဲဒိုင်လို့ခေါ်တဲ့ ကော်မရှင်စားရောင်းချသူတွေကို ရောင်းရငွေရဲ့ ၁၂-၁၃ ရာခိုင်နှုန်းထိ ပေးထားနိုင်ကြတာလည်း ဖြစ်ပါတယ်။ ဝင်ငွေနည်းတဲ့သူတွေမှာလည်း အပိုငွေကြေးလေးများရလေမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ဆက်လက်ကစားနေကြဆဲဖြစ်ပါတယ်။

နောက်တစ်ချက်က ဒုစရိုက်မှုလောကမှာ တွင်တွင်ကျယ်ကျယ်အသုံးပြုနေတဲ့ စကားလုံးတစ်ခုဖြစ်တဲ့ “လိုင်းကြေး”ဆိုတဲ့ကိစ္စပါ။ ဒီစကားကိုတော့ ပြည့်တန်ဆာခေါင်းတို့၊ အရက်ပုန်းဆိုင်တို့၊ မှောင်ခိုသမားတို့၊ တရားမဝင်အပေါင်ဆိုင်တို့နဲ့ လောင်းကစားဒိုင်တွေဆီက အများဆုံးကြားရလေ့ရှိပါတယ်။ ဒါဟာ အခွန်အခအဖြစ် တရားဝင်ပေးဆောင်ရတာမျိုးမဟုတ်ဘဲ အောက်ခြေမှာ လာဘ်စားမှုရှိနေတယ်ဆိုတာကို ဖော်ပြရာရောက်မယ်လို့ ထင်ပါတယ်။

ရှေးလူကြီးတွေကတော့ လောင်းကစားပြုလုပ်တာဟာ အကျင့်စာရိတ္တပျက်ပြားဖို့ အစပြုတာလို့ဆိုပါတယ်။ ဒါပေမဲ့လည်း လူတိုင်းက လောဘနဲ့မကင်းတာကြောင့် ဆက်လုပ်နေကြအုံးမယ်ဆိုပေမဲ့ တာဝန်ရှိသူတွေအနေနဲ့ ထိန်းသိမ်းကြပ်မတ်ပေးနိုင်မယ်ဆိုရင်တော့ အတိုင်းအတာတစ်ခုထိ လျော့ကျသွားနိုင်ဖွယ်ရှိပါတယ်။

မြို့ပေါ်က အုပ်ချုပ်ရေးသမားတွေက လစ်လျူရှုထားနိုင်တယ်ဆိုပေမဲ့လည်း ပြည်သူတွေ အိမ်ပေါင်၊ ယာပေါင် ဖြစ်တဲ့အထိ ကစားလာကြတဲ့ ဒီနှစ်လုံးထီလောင်းကစားကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်က မိမိတို့ရဲ့ စိုးမိုးရာဒေသတွေမှာသာ ထိန်းချုပ်အရေးယူမှုတွေ ပြုလုပ်နိုင်မယ်ဆိုရင် တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားနိုင်ဖွယ် ရှိပါတယ်။

ယခင်ကလည်း WY (ဒေသခေါ်- အစိချေ)သုံးစွဲသူတွေနဲ့ လောင်းကစားပြုလုပ်သူတွေကို အရေးယူခဲ့သလိုမျိုး နှစ်လုံးထီအပါအဝင် တခြားလောင်းကစားမျိုးစုံပြုလုပ်နေကြတဲ့ ဒိုင်တွေကိုသာ အရေးယူဆောင်ရွက်နိုင်ခဲ့ရင် မြို့ပေါ်မှာ ပပျောက်မသွားရင်တောင်မှ ကျေးလက်ဒေသတွေမှာတော့ ပပျောက်သွားနိုင်ခြေရှိပါတယ်။

လောင်းကစားမှုတွေ ရှိနေသမျှကာလပတ်လုံး မှုခင်းဖြစ်စဉ်တွေကတော့ ထူပြောလာနေအုံးမှာပဲဖြစ်ပါတယ်။ ဆင်းရဲမွဲတေမှုနဲ့ ဝင်ငွေမလုံလောက်မှုကြောင့် လောင်းကစားဖက်ကို ဦးစားပေးနေကြသလို လောင်းကစားမှုရဲ့ နောက်ဆက်တွဲကြောင့် ခိုးဆိုးလုယက်မှုတွေသာမကဘဲ ဓားပြမှု၊ လူသတ်မှုလိုမျိုး မှုခင်းတွေကိုပါ ရင်ဆိုင်ကြုံတွေ့လာရနိုင်ခြေ ရှိလာနေတဲ့အတွက် သက်ဆိုင်ရာ အုပ်ချုပ်စီမံနေသူတွေအနေနဲ့ အချိန်မီ ထိန်းသိမ်းပေးကြဖို့ အပူတပြင်းလိုအပ်နေတဲ့ကိစ္စတစ်ခုအဖြစ် ရှိလို့နေသေးတယ်လို့ မြင်မိပါတယ်။

ရမ္မာကျော်စော - ရေးသည်။

ဗီဒီယိုများ