ဖြစ်တည်မှုကို လက်ခံထားသူများနှင့် သဟဇာတဖြစ်ရေး

ရခိုင်ပြည်မှ ထိပ်တန်းအဆင့်ရှိ မိတ်ကပ်ပညာရှင်တစ်ဦးက အလှပြင်ပစ္စည်းများကို တစ်ခုပြီးတစ်ခု အသုံးပြုလျက် မိန်းကလေးတစ်ဦး၏မျက်နှာကို ချယ်သပေးနေသည်။ ထိုမိန်းကလေး၏မျက်နှာကို အလှဆုံးဖြစ်လာစေဖို့ မိတ်ကပ်များကိုကျွမ်းကျင်စွာလိမ်းကာ နှုတ်ခမ်းနှင့် မျက်တောင်တို့ကိုလည်း အလှပဆုံးဖြစ်အောင် အာရုံစူးစိုက်ဖန်တီးနေလေသည်။ ထိုသူမှာ မိမိကိုကိုယ် LGBT အဖြစ်ခံယူထားသည့် အသက်(၃၂)နှစ်အရွယ် ကိုကျော်ကျော်မိုးဖြစ်သည်။

By မင်းထွန်း 16 May 2022

DMG ၊ မေ ၁၆

(ဆောင်းပါး)

ရခိုင်ပြည်မှ ထိပ်တန်းအဆင့်ရှိ မိတ်ကပ်ပညာရှင်တစ်ဦးက အလှပြင်ပစ္စည်းများကို တစ်ခုပြီးတစ်ခု အသုံးပြုလျက် မိန်းကလေးတစ်ဦး၏မျက်နှာကို ချယ်သပေးနေသည်။ ထိုမိန်းကလေး၏မျက်နှာကို အလှဆုံးဖြစ်လာစေဖို့ မိတ်ကပ်များကိုကျွမ်းကျင်စွာလိမ်းကာ နှုတ်ခမ်းနှင့် မျက်တောင်တို့ကိုလည်း အလှပဆုံးဖြစ်အောင် အာရုံစူးစိုက်ဖန်တီးနေလေသည်။ ထိုသူမှာ မိမိကိုကိုယ် LGBT အဖြစ်ခံယူထားသည့် အသက်(၃၂)နှစ်အရွယ် ကိုကျော်ကျော်မိုးဖြစ်သည်။

ငယ်စဉ်ကတည်းက အနေအေးသည့် ကိုကျော်ကျော်မိုးသည် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်ပြီးနောက် စင်ကာပူနိုင်ငံတွင် Hotel Management ပညာရပ်ကိုသင်ယူခဲ့သည်။ ယင်းအချိန် အပေါင်းအဖော်ဖြစ်သည့် နိုင်ငံခြားသား (Foreigner)တစ်ဦး၏  “မိမိဘဝကို မိမိလက်ခံ”ဟု ပြောစကားကြောင့် LGBT တစ်ဦးအဖြစ် လက်ခံလာခဲ့သည်ဟု ကိုကျော်ကျော်မိုးကပြောပြသည်။

“ကျနော်နဲ့ပေါင်းတဲ့(Foreigner) ကိုးရီးယားမိန်းကလေးတစ်ယောက်က မိမိဘဝကို မိမိလက်ခံလို့ပြောတယ်။ အဲဒီအချိန်တုန်းက ကိုယ့်ကိုကိုယ် ဘာလုပ်ရမလဲလို့ ဆုံးဖြတ်ချက်စဝင်တယ်။ LGBT အဖြစ် လက်ခံခဲ့တာဖြစ်တယ်”ဟု သူကဆိုသည်။

LGBT (Lesbian, Gay, Bisexual and Transgender)ကို လိင်စိတ်ခံယူမှုကွဲပြားသူများဟု ခေါ်ဝေါ်ကြသလို လိင်တူချစ်သူများဟုလည်း သုံးနှုန်းခေါ်ဝေါ်လာကြသည်။ LGBT များထဲတွင် Lesbian (မိန်းမချင်းစုံမက်သူများ)၊ Gay(ယောင်္ကျားချင်းစုံမက်သူများ)၊ Bisexual (ကျား/မနှစ်မျိုးစလုံး စုံမက်သူများ)၊ Transgender (ဆန့်ကျင်ဖက်လိင်ပြောင်းထားသူများ) ရှိကြသည်။

မြန်မာ့လူ့အဖွဲ့အစည်းတွင် LGBT များသည် နှိပ်ကွက်ခံရခြင်း၊ လှောင်ပြောင်ခံရခြင်း၊ ကဲ့ရဲ့ခံရခြင်း စသည့်တို့ကို ရင်ဆိုင်ကြရသည်။ ၎င်းတို့၏ လိင်စိတ်ခံယူမှုအပေါ် လူမှုအသိုင်းအဝိုင်းများက လက်မခံနိုင်ကြပေ။ ထို့ကြောင့် LGBT များမှာ မိသားစုမှအစ လုပ်ငန်းခွင်အထိ ခွဲခြားဆက်ဆံခံရခြင်းများကို တွေ့ကြုံခံစားကြရသည်။

လူသားတိုင်း၏ဘဝဖြစ်တည်မှုပုံစံကို လက်ခံပေးနိုင်သည့် အသိုင်းအဝိုင်းတွင် LGBT တစ်ဦးအနေဖြင့် လက်ခံနေထိုင်လာခဲ့သည့် ကိုကျော်ကျော်မိုးသည် လှောင်ပြောင်နှိပ်ကွက်ခြင်းများမှ ကင်းလွတ်ခဲ့သည်။

“လူတစ်ယောက်ရဲ့ဘဝပုံစံကို လက်ခံနိုင်တဲ့နေရာမှာ ကျင်လည်လာတာဖြစ်တဲ့အတွက် ဖိအားတွေ သိပ်မခံစားခဲ့ရဘူး။ ကျနော်က နိုင်ငံခြားမှာသွားကျောင်းတက်တော့ ကိုယ်လိုချင်တဲ့ပုံစံအတိုင်း ကျောင်းတက်လို့ရတယ်။ ကိုယ်ကြိုက်တဲ့ဘဝပုံစံနဲ့ နေထိုင်လို့ရတယ်”ဟု သူကဆိုသည်။

သို့သော် ကိုကျော်ကျော်မိုးသည် မိတ်ကပ်ပညာဖြင့် အသက်မွေးဝမ်းကျောင်းပြုလုပ်မည့်အချိန်က ၎င်း၏ဘဝရပ်တည်ချက်ကို မိဘနှစ်ပါးကလည်း လက်မခံခဲ့ကြပေ။ နေအိမ်မှ လက်မခံသည့်အတွက် အဘွားဖြစ်သူ၏အိမ်ဘေးနားတွင် လုပ်ကိုင်ခဲ့ရသည်။

စီးပွားရေးသမားများဖြစ်သည့် မိဘနှစ်ပါးကို ဘဝဖြစ်တည်မှုအား လက်ခံနားလည်အောင်ပြောပြပြီးနောက်တွင် အမေဖြစ်သူကိုယ်တိုင် သူ၏နေအိမ်တွင် အလှပြင်ဆိုင်ကိုဆောက်လုပ်ရန် စီစဉ်ပေးလာသည်ဟု ကိုကျော်ကျော်မိုးကပြောပြသည်။

“အစကတော့ နည်းနည်းလက်မခံချင်ကြဘူး။ နောက်ပိုင်းကျတော့ ဆွေမျိုးတွေအားလုံးကို ပြောပြတယ်။ ဖြစ်လာတဲ့ဘဝကို လက်ခံရမယ်။ အကောင်းဆုံးဘယ်လိုလုပ်မလဲ၊ ဘယ်လိုပံ့ပိုးပေးမှာလဲလို့ပြောပြတယ်”ဟု သူကပြောသည်။

မိတ်ကပ်လိမ်းသည့်အတက်ပညာများကို ရန်ကုန်အပါအဝင် စင်ကာပူ၊ ဘန်ကောက်တို့မှ သင်ယူခဲ့သူဖြစ်သည်။ ခေတ်နှင့်လိုက်ညီအောင်လည်း မိတ်ကပ်ပညာများအသစ် ယခုအချိန်ထိလည်း တစ်လတစ်ကြိမ်ပုံစံမျိုးကဲ့သို့ သွားရောက်သင်ယူခြင်းများရှိနေသည်ဟု ကိုကျော်ကျော်မိုးကပြောသည်။

လက်ရှိတွင် ကိုကျော်ကျော်မိုးသည် မိတ်ကပ်ပညာရှင်အဖြစ်ဖြင့် စစ်တွေမြို့၊ မိဇံရပ်ကွက်တွင် မိတ်ကပ်၊ မင်္ဂလာဝတ်စုံနှင့် အလှပြုပြင်ရေးဆိုင်ကိုဖွင့်ပြီး သက်မွေးဝမ်းကျောင်းအဖြစ်လုပ်ကိုင်နေသည်မှာ (၁၀)နှစ်ကျော်အထိ ရှိလာပြီဖြစ်သည်။

ယခင်က LGBT များအပေါ် မိန်းမလျာ၊ အခြောက်၊ နှစ်ပိုင်းတစ်ပိုင်း စသည့်အသုံးအနှုန်းများဖြင့် ခွဲခြားနှိမ့်ချစွာ ပြောဆိုခြင်းများရှိခဲ့သည်။ သို့သော်လည်း ခေတ်ရေစီးကြောင်းတိုးတက်ပြောင်းလဲမှုနှင့်အတူ လူ့အသိုင်းအဝိုင်းများက လိင်စိတ်ခံယူမှုကွဲပြားခြင်းမှာဖြစ်တည်မှုဖြစ်ပြီး ပြောင်းလဲ၍မရခြင်းကို တဖြည်းဖြည်း သဘောပေါက်နားလည်လက်ခံလာခြင်းများ ရှိလာသည်။

အချို့သော LGBT များမှာ အနေအထိုင်၊အပြောအဆိုများကို ဆင်ခြင်မှုမရှိဘဲ လူအများအထင်သေး၊ လှောင်ပြောင်စရာများဖြစ်အောင် ပြုမှုလုပ်ဆောင်နေခြင်းများရှိနေသည့်အတွက် ခွဲခြားဆက်ဆံမှုများကို ကြုံတွေ့ရဆဲဖြစ်သည်။

လူမှုအသိုင်းအဝိုင်းများမှ လက်ခံလာအောင်နှင့် နှိမ့်ချခြင်းများမဖြစ်ရအောင် ဂုဏ်ရှိစွာနှင့်အလုပ်လုပ်ကိုင် နေကြသည့် LGBT အများအပြားရှိသော်လည်း အနေအထိုင်မတက်သူအချို့ကြောင့် လိင်စိတ်ခံယူမှု ကွဲပြားသူများအပေါ် ရိုက်ခတ်မှုများရှိနေသည်ဟု ကိုကျော်ကျော်မိုးကပြောသည်။

“ဒီဘက်ကမိန်းမလျာတွေ ဘယ်လောက်ပင် ကြိုးကြိုးစားစားလုပ်လုပ် လူတွေက မကောင်းမြင်ဝါဒကို ပိုပြီး သွားမြင်တာများတယ်။ အကောင်းကိုက လူကြည့်တာ နည်းတယ်” ဟု ကိုကျော်ကျော်မိုးက ဆိုသည်။

LGBT များအား လူမှုပတ်ဝန်းကျင်မှ လက်ခံလာနိုင်အောင်နှင့် အသိုင်းအဝိုင်းကြား ဂုဏ်မပျက်စေရန်အတွက် မိမိတို့၏အပြုအမူ၊ အပြောအဆို၊ အနေအထိုင်များကို ဆင်ခြင်စွာဖြင့်နေထိုင်ရန်လိုအပ်နေသည်။

မိသားစု၊ ပတ်ဝန်းကျင်များနှင့် သဟဇာတဖြစ်အောင် နေထိုင်နိုင်မှသာလျှင် LGBT များအပေါ် လူမှုအသိုင်းအဝိုင်းမှ ခွဲခြားဆက်ဆံမှုမရှိဘဲ လက်ခံလာမည်ဖြစ်ကြောင်း အမျိုးသားချင်း ချစ်ခင်မှုဆိုင်ရာကွန်ရက်မှ ရခိုင်ဒေသကိုယ်စားလှယ်တစ်ဦးဖြစ်သူ ကိုကျော်ကျော်လင်းက ပြောသည်။

“ပတ်ဝန်းကျင်ကပြောင်းလဲဖို့လိုသလို ကိုယ်တို့ကိုယ်တိုင်လည်း ပထမဦးစွာ အရင်ပြောင်းလဲရမယ်။ ပြီးရင် ကိုယ့်ပတ်ဝန်းကျင်နဲ့ သဟဇာဖြစ်အောင်နေရမယ်။ မိန်းမလျာတစ်ဦးဖြစ်တယ်ဆိုပြီး နေချင်သလိုနေ၊ သွားချင်သလိုသွားလို့မရဘူး”ဟု သူကဆိုသည်။

LGBT များသည် လူ့ပတ်ဝန်းကျင်အသိုင်းအဝိုင်းတွင် နှိမ့်ချဆက်ဆံခံရရုံသာမက ဥပဒေကြောင်းအရလည်း လိင်စိတ်ခံယူမှုကွဲပြားသူများအပေါ် ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၇၇ ဖြင့် အရေးယူခံရခြင်းများရှိနေသည်။ ယင်းအပြင် မှောင်ရိပ်ခိုမှုဟုဆိုနိုင်သည့် ၁၈၉၉ ရဲအက်ဥပဒေပုဒ်မ- ၃၀၊ ၁၉၄၅ ရဲအက်ဥပဒေပုဒ်မ- ၃၅ တို့ဖြင့် ဖိနှိပ်အရေးယူခံရခြင်းများ ရှိနေသည်။

ဓမ္မတာနှင့်ဆန့်ကျင်သော ပြစ်မှုဖြစ်သည့် ရာဇသတ်ကြီးပုဒ်မ- ၃၇၇ သည် ယောကျာၤးနှင့်ဖြစ်စေ၊ မိန်းမနှင့်ဖြစ်စေ၊ တိရစ္ဆာန်နှင့်ဖြစ်စေ မည်သူမဆို၊ မိမိအလိုအလျောက် ဓမ္မတာနှင့်ဆန့်ကျင်သော ကာမစပ်ယှက်မှုကိုပြုလျှင်၊ ထိုသူကို တသက်တကျွန်းဖြစ်စေ၊ ထောင်ဒဏ်(၁၀)နှစ် တမျိုးမျိုးဖြစ်စေ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။

ရှင်းလင်းချက်အနေဖြင့် အင်္ဂါဇာတ်တစ်ခုသည် တခြားအင်္ဂါဇာတ်တစ်ခုအတွင်းသို့ ဝင်မိလျှင်၊ ထိုပုဒ်မ၌ ဖော်ပြထားသော ပြစ်မှုကျူးလွန်ခြင်းအတွက် လိုအပ်သောဓမ္မတာနှင့်ဆန့်ကျင်သည့် ကာမစပ်ယှက်မှုမြောက်ရန် လုံလောက်သည်ဟုလည်း ဆိုထားသည်။

ထို့ကြောင့် ပုဒ်မ- ၃၇၇ ကို ပြောင်းလဲပြင်ဆင်ပြီး လိင်စိတ်ခံယူမှုကွဲပြားသူများ၏ အခွင့်အရေးများကို မြှင့်တင်နိုင်ရန်အတွက် LGBT အရေးလှုပ်ရှားသူများက ကြိုးစားဆောင်ရွက်နေကြသလို ထိုဥပဒေအား လျော့ချပေးရန် လိုလားနေကြသည်။

“ကျနော်တို့ စစ်တွေမြို့အတိုင်းအတာနဲ့ ဖမ်းဆီးတာမရှိဆိုပေမယ့် မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပတ်သက်လာရင် ဒီလိုဖမ်းဆီးအရေးယူတာကို လျော့ချပေးစေချင်တယ်။ LGBT တစ်ဦးဆိုတာလည်း လူသားထဲက လူတစ်ယောက်ဖြစ်တယ်။ မိန်းမ၊ ယောင်္ကျားတွေ လိင်တူ၊လိင်ကွဲချစ်ခင်သလို မိန်းမလျာလည်း ချစ်ခင်တတ်တယ်။ အဲဒီအတွက် ၃၇၇ ဆိုတဲ့ဥပဒေကို လျော့ချပေးစေချင်တယ်”ဟု ကိုကျော်ကျော်လင်းက ပြောသည်။

တစ်ဖက်တွင် လိင်တူချစ်သူများအတွက် တရားဝင်လက်ထပ်ထိမ်းမြှားခွင့်များကို စပိန်၊ ကနေဒါ၊ နယ်သာလန် စသည့်နိုင်ငံများတွင် ဥပဒေအရခွင့်ပြုပေးထားသလို LGBT များ၏အခွင့်အရေးများကို ကာကွယ်စောင့်ရှောက် ပေးခြင်းများရှိသည်။

မည်သို့ပင်ဆိုစေကာမူ လူသားတစ်ယောက်၏ လိင်စိတ်ခံယူခြင်းကွဲပြားမှုအပေါ် မူတည်ပြီး ခွဲခြားဆက်ဆံခြင်း၊ နှိမ့်ချပြောဆိုခြင်းများကိုရှောင်ရှားပြီး LGBT များ၏ ရသင့်ရထိုက်သည့်အခွင့်အရေးများကို မြန်မာ့လူ့အဖွဲ့အစည်းမှမြှင့်တင်ပေးရန် လိုအပ်နေပေသည်။

လူ့အသိုင်းအဝိုင်းများ၏ ဝိုင်းဝန်းနှိပ်ကွက်၊ လှောင်ပြောင်ခြင်းကို ခံရ၊မခံရခြင်းမှာ LGBT တစ်ဦးချင်း၏ လုပ်ရပ်အပေါ်တွင်မူတည်ကြောင်း ပြောဆိုလာသူ ကိုကျော်ကျော်မိုးဖြစ်သည်။

“လူတစ်ယောက် အပြောခံခြင်း၊ မခံခြင်းက ကိုယ့်အပေါ်မှာ အများကြီးမူတည်တယ်။ ယောင်္ကျာတိုင်း၊ မိန်းမတိုင်းဟာ အကောင်းမဟုတ်သလို LGBT တိုင်းဟာလည်း အကောင်းမဟုတ်ဘူး”ဟု ၎င်းကပြောသည်။

မင်းထွန်း - ရေးသည်

ဗီဒီယိုများ