တရားမျှတမှုကိုလိုလားနေသည့် ရိုက်နှက်ခံ သူနာပြု

“သူ့ကိုကြည့်လိုက်တော့လည်း ဦးခေါင်းမှာ ဒဏ်ရာတွေရနေပါတယ်။ ကျမတို့ကတော့ ဒါဟာမဖြစ်သင့်ဘူးလို့ ထင်ပါတယ်။ ဆရာဝန်ကြီးတစ်ယောက်အနေနဲ့ ကိုယ့်လက်အောက်ဝန်ထမ်းတွေကို ရိုက်နှက်တယ်ဆိုတာက လုံးဝလက်မခံနိုင်ပါဘူး။ ကျမတို့ အမျိုးသမီးတွေအတွက် အသက်အန္တရာယ်နဲ့ လုံခြုံရေးအရပါ စိုးရိမ်စရာဖြစ်ရပါတယ်”ဟု မျက်မြင်သက်သေဖြစ်သူ ၎င်းကဆိုသည်။

By မျိုးချေ 14 May 2022

DMG ၊ မေ ၁၄

(ဆောင်းပါး)

အသားဖြူဖြူ၊ ခန္ဓာကိုယ်မပိန်မဝနှင့် ချစ်စဖွယ်မျက်နှာထားကို ပိုင်ဆိုင်ထားသည့် အသက် ၂၃ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးသည် ဆေးရုံဝင်းအတွင်းရှိ ရေချိုးခန်းတွင် ရေချိုးရန်ပြင်ဆင်နေစဉ် အိမ်တံခါးကို ခေါက်သံကြားလိုက်ရသည်။ ထိုသို့ တံခါးခေါက်သံကြားလိုက်ရသောကြောင့် ဖွင့်လိုက်သောအခါ ထင်မှတ်မထားသော ကြမ္မာဆိုးများက သူ့ထံသို့ရောက်ရှိလာသည်။

အဆိုပါအဖြစ်အပျက်မှာ မေလ ၁၀ ရက်နေ့ ညနေ ၇ နာရီကျော်က ဘူးသီးတောင်မြို့နယ်၊ စေတီတောင်ကျေးရွာ တိုက်နယ်ဆေးရုံဝင်းအတွင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အသက် ၂၃ နှစ်အရွယ် သူနာပြုဆရာမသည် ထိုသို့တံခါးဖွင့်ပေးလိုက်ပြီးနောက် စေတီတောင်တိုက်နယ်ဆေးရုံမှ ဆရာဝန်၏ ဇနီးဒေါ် နွယ်နွယ်ဦးရောက်ရှိလာကာ “နင့်ကို မကျေနပ်တဲ့ကိစ္စရှိတယ်ဆိုပြီး သူက ကျမကို အုတ်နံရံနဲ့ဆင့်ရိုက်တယ်”ဟု သူမက ဝမ်းနည်းစွာပြောပြသည်။

“ဆံပင်ဆွဲပြီးတော့ ပါးကိုရိုက်တယ်။ ကျမက ထဘီရင်လျားနဲ့ဆိုတော့ ထဘီပြုတ်မကျဖို့ဘဲ အာရုံစိုက်နေခဲ့တယ်။ သူ့ကိုခုခံလို့မရခဲ့ဘူး။ သူ့ယောကျာ်းကလည်း ကျမလက်နှစ်ဖက်ကို ကိုင်ပေးပြီးတော့ သူ့ဇနီးကလှမ်းပြီးတော့ ကျမကိုရိုက်တယ်”ဟု သူမက DMG ကိုဆက်လက်ပြောဆိုသည်။

ရိုက်နှက်မှုဒဏ်ကို အလူးအလဲခံနေရသည့် သူနာပြုဆရာမသည် ဘေးပတ်ဝန်းကျင်တွင်ရှိသူများကို အော်ဟစ် အကူအညီတောင်းခံသည်။ ထို့ကြောင့် အနီးပတ်ဝန်းကျင်ရှိ လုပ်ဖော်ကိုင်ဖက်ဝန်ထမ်းတစ်ချို့ ရောက်ရှိလာသဖြင့် ဆရာဝန်ဇနီးထွက်သွားသော်လည်း ဆရာဝန် ညီညီမောင်နှင့် ၎င်း၏တပည့်ဖြစ်သူ အမျိုးသားတစ်ဦးတို့ကျန်ခဲ့ကာ တံခါးပိတ်ပြီး ရိုက်နှက်ရန်ကြံစည်ခဲ့ကြသည်။

“အဲဒီမှာ ကျမကပြေးပြီးတော့ တံခါးကိုဖွင့်လိုက်တဲ့အခါမှ အပြင်ကလူတွေ ဝင်လာကြပါတယ်။ ပြီးတော့ ဆရာဝန်လည်း ထွက်သွားပါတယ်။ ကျမကတော့ သတိမေ့သလိုဖြစ်သွားခဲ့ရပါတယ်”ဟု သူမက ဆက်လက်ဆိုသည်။

မျက်မြင်သက်သေတစ်ဦးဖြစ်သည့် ကျန်းမာရေးဝန်ထမ်းတစ်ဦးကလည်း အဆိုပါမိန်းကလေးအော်ဟစ်သံ ကြားသောကြောင့် သွားကြည့်ရာတွင် ယင်းအိမ်ထဲမှ ဆရာဝန်နှင့် သူ့တပည့်တို့ ထွက်လာသည်ကို တွေ့လိုက်ရသည်ဟုဆိုသည်။ အဆိုပါသူနာပြုကို ကြည့်လိုက်ရာတွင် ဦးခေါင်းတွင် ရောင်ယမ်းနေသည့် ဒဏ်ရာနှင့် လည်ပင်းတွင် ညိုမဲနေသည့်ဒဏ်ရာများကို တွေ့ရှိလိုက်ရသည်ဟု DMG သို့ပြောသည်။

“သူ့ကိုကြည့်လိုက်တော့လည်း ဦးခေါင်းမှာ ဒဏ်ရာတွေရနေပါတယ်။ ကျမတို့ကတော့ ဒါဟာမဖြစ်သင့်ဘူးလို့ ထင်ပါတယ်။ ဆရာဝန်ကြီးတစ်ယောက်အနေနဲ့ ကိုယ့်လက်အောက်ဝန်ထမ်းတွေကို ရိုက်နှက်တယ်ဆိုတာက လုံးဝလက်မခံနိုင်ပါဘူး။ ကျမတို့ အမျိုးသမီးတွေအတွက် အသက်အန္တရာယ်နဲ့ လုံခြုံရေးအရပါ စိုးရိမ်စရာဖြစ်ရပါတယ်”ဟု မျက်မြင်သက်သေဖြစ်သူ ၎င်းကဆိုသည်။

ယခုဖြစ်စဉ်မဖြစ်ပွားမီကပင် ဆရာဝန်လင်မယားနှင့် သူနာပြုဆရာမတို့ကြားတွင် အဖုအထစ်များရှိခဲ့ကြသည်။ ပြီးခဲ့သည့်ဇန်နဝါရီလ ၁၁ ရက်နေ့ကပင် ဆရာဝန်က ၎င်း၏ဆေးရုံတွင် တာဝန်ထမ်းဆောင်နေသည့် လက်အောက်ငယ်သား ဝန်ထမ်းဖြစ်သည့် အဆိုပါသူနာပြုကို “အတူတူအိပ်မှာမလား” ၊ “အိပ်နေပြီလား”ဆိုပြီး ဖုန်းမှတစ်ဆင့် မက်ဆေ့ပို့ခဲ့သည်။

ထိုသို့မက်ဆေ့စာရောက်ရှိသွားသောအခါ သူနာပြုမိန်းကလေးသည် ကြောက်လန့်တုန်လှုပ်သွားပြီး မလုံခြုံမှုများကို ခံစားနေရသည်။ ထို့ကြောင့် ၎င်းတို့မိသားစုကို ယင်းနေ့တွင်ပင် ဖုန်းဆက်အကြောင်းကြားလိုက်သည်။ သို့သော်လည်း ညနေပိုင်းရောက်လာအခါ စိတ်မလုံခြုံမှုများ တစစတိုးလာသဖြင့် တခြားလုပ်ဖော်ကိုင်ဖက် သူနာပြုတစ်ဦး၏အခန်းတွင် သွားရောက်အိပ်ခဲ့သည်။

“ကျမတို့က အလုပ်ကိစ္စနဲ့ပဲ စကားပြောဖူးကြတယ်။ ရင်းရင်းနှီးနှီးလည်း အပြင်မှာ ပြောဆိုဆက်ဆံတာတွေ မရှိဘူး။ ဒီလိုအခြေနေမျိုးမှာ ကျမကိုညစ်ညမ်းတဲ့မက်ဆေ့ပို့တယ်ဆိုတော့ ကျမအနေနဲ့လည်း အရမ်းဒေါသ ထွက်သွားတယ်။ အသက်ငယ်တဲ့အတွက် မလေးစားတာလားပေါ့။ ကိုယ့်ကိုယ်လည်း လုံခြုံမှုမရှိသလို စိုးရိမ်စိတ်ဖြစ်သွားတယ်”ဟု ၎င်းက ခံပြင်းစွာဖြင့်ပြောပြသည်။

သို့သော်လည်း နောက်နှစ်ရက်ခန့်အကြာတွင် စိုးရိမ်မှုများကို အလုံးစုံဖြတ်တောက်နိုင်ရန်အတွက် ဘူးသီးတောင်မြို့နယ် ဆရာဝန်ကြီးထံ မိဘများနှင့်အတူ သွားရောက်တိုင်တန်းခဲ့သည်။ ထိုအခါ မြို့နယ်ဆရာဝန်က တိုက်နယ်ဆရာဝန်ကိုယ်စား တောင်းပန်ကြောင်းပြောဆိုလိုက်သဖြင့် ကျေအေးပေးလိုက်သည်ဟု သူနာပြုဆရာမ၏ မိခင် ဒေါ်စောညွန့်ကပြောသည်။ နောက်တစ်ရက်အကြာတွင် တိုက်နယ်ဆရာဝန်က ၎င်း၏မိန်းမနှင့်မှားယွင်းကာ မက်ဆေ့ပို့မိခြင်းဟု သူနာပြုဆရာမအား တုန့်ပြန်ခဲ့သည်။

ထို့ပြင် ဧပြီလ ၁၉ ရက်နေ့ကလည်း ယင်းသူနာပြုဆရာမ တာဝန်ကျနေသည့် အခန်းရှေ့သို့လာရောက်ကာ ဆရာဝန်ဇနီးက ဖန်ခွက်များကိုခွဲလိုက်သည်။ သူနာပြုကလည်း “အခုလိုခွဲတာ ဘာကြောင့်လဲ”ဟု ၎င်းတို့နေသည့်အခန်းအား သွားရောက်မေးခွန်းထုတ်ရာ ဆရာဝန်က “ဖန်ခွက်ခွဲရင် ဘာဖြစ်လဲ”ဟု ပြောဆိုလိုက်သည်။ မက်ဆေ့ပို့သည့်ကိစ္စကို တိုင်တန်းခြင်းနှင့် ယခုကိစ္စများကို ပြန်လည်တုန့်ပြန်မှုများကြောင့် ယခုကဲ့သို့ ရိုက်နှက်ခံရသည်အထိဖြစ်ပွားရခြင်းဟု သူနာပြုဆရာမကယူဆသည်။

“အခုတစ်ကြိမ်မှာတော့ ကျမတို့အနေနဲ့ လုံးဝလက်ခံလို့မရပါဘူး။ သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ ဥပဒေအရ ထိထိရောက်ရောက်အရေးယူဆောင်ရွက်ပေးပါလို့ တောင်းဆိုချင်ပါတယ်”ဟု သူနာပြုဆရာမ၏ မိခင်ဖြစ်သူကဆိုသည်။

ထိုသို့ပြုလုပ်ခံရမှုများနှင့်ပတ်သက်ပြီး ဘူးသီးတောင်မြို့နယ်၊ ညောင်ချောင်းရဲစခန်းသို့ သွားရောက်တိုင်တန်းခဲ့သည်။ ထို့ကြောင့် ကျူးကျော်ဝင်ရောက်မှုပုဒ်မ-၄၅၁၊ ဆဲဆိုမှုပုဒ်မ-၂၉၄ နှင့် ကိုယ်ထိလက်ရောက်စော်ကားမှုပုဒ်မ- ၃၅၄ တို့ဖြင့် ရဲတပ်ဖွဲ့ကအမှုဖွင့်ထားပြီး စုံစမ်းစစ်ဆေးနေသည်ဟု ဥပဒေရေးရာကုစားရေးရုံး(မြန်မာ)မှ တရားလွှတ်တော်ရှေ့နေ ဒေါ်မြသူဇာက DMG သို့ပြောသည်။

“ဒီအမှုနဲ့ပတ်သက်ပြီး တရားရုံးကိုရောက်လာတဲ့အခါမှာလည်း ကျမတို့အဖွဲ့ကနေ အမှုလိုက်ပါဆောင်ရွက် ပေးသွားမယ်။ ဒါဟာအကြမ်းဖက်မှုဖြစ်တယ်လို့ ပြောရမှာပေါ့။ ကျမတို့အနေနဲ့တော့ အမှုသည်ကို ဥပဒေအကြံပေးတယ်။ တရားရုံးကိုတက်လာတဲ့အခါမှာလည်း အမှုလိုက်ပါ ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ လိုအပ်တဲ့ဥပဒေကြောင်းအရလည်း ကျမတို့အဖွဲ့အနေနဲ့ ကူညီဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်”ဟု ၎င်းကဆိုသည်။

ဥပဒေရေးရာကုစားရေးအဖွဲ့(မြန်မာ)သည် လူ့အခွင့်အရေးနှင့် တရားဥပဒေစိုးမိုးရေးကို မြှင့်တင်ကာကွယ်ပြီး တရားမျှတမှုရရှိရေးနှင့် ဥပဒေလက်လှမ်းမမီသူများ စသည့်ကိစ္စရပ်များကို ပံ့ပိုးဆောင်ရွက်နေသည့်အဖွဲ့ဖြစ်ကာ စစ်တွေနှင့် ကျောက်ဖြူမြို့နယ်တို့တွင် ရုံးခွဲများဖွင့်လှစ်ထားသည်။

ထိုသို့သူနာပြုဆရာ ရိုက်နှက်ခံရမှုကိစ္စအပေါ် သူနာပြုအသိုင်းအဝိုင်းကြားတွင် ဒေါသထွက်နေကြပြီး လူ့အခွင့်အရေးနှင့် အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူများက ဆရာဝန်နှင့်ဇနီးတို့ကို ပြစ်တင်ဝေဖန်နေကြသည်။ အမျိုးသမီးများအား လုပ်ငန်းခွင်အတွင်း လိင်အမြတ်ထုတ်ခြင်း၊ အကြမ်းဖက်ခြင်းတို့သည် သည်းခံခွင့်လွှတ်၍မရသော ရာဇဝတ်ပြစ်မှုကျူးလွန်ခြင်းပင်ဖြစ်သည်ဟု ရခိုင်အမျိုးသမီးကွန်ရက်(RWN)က မေလ ၁၃ ရက်နေ့က ထုတ်ပြန်သည်။

ယခုအဖြစ်အပျက်ကိုကြည့်ခြင်းအားဖြင့် ရခိုင်ပြည်နယ်ရှိ အမျိုးသမီးထုတစ်ရပ်လုံး၏ လုပ်ငန်းခွင်ဘဝ လုံခြုံရေး၊ လုပ်ငန်းခွင်အတွင်း အကြမ်းဖက်ခံရခြင်းနှင့် လိင်အမြတ်ထုတ်ခံရခြင်း စသည်တို့ကို အကာအကွယ်ပေးမည့် အခြေအနေများ ကင်းမဲ့နေဆဲဖြစ်သည်ကို မျက်ဝါးထင်ထင်တွေ့မြင်နေရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ကျမတို့ကတော့ အမျိုးသမီးတွေ အကာအကွယ်ရစေချင်တဲ့အတွက် ဒီလိုထုတ်ပြန်ချက် ထုတ်လိုက်ရတာ ဖြစ်ပါတယ်။ အဓိကတော့ လုပ်ငန်းခွင်အပါအဝင် တခြားနေရာတိုင်းမှာ လုံခြုံမှုရှိဖို့နဲ့ အခုလုပ်ရပ်ကိုလည်း  သက်ဆိုင်ရာတာဝန်ရှိသူတွေက ထိထိရောက်ရောက်အရေးယူဆောင်ရွက်ပေးဖို့ တောင်းဆိုချင်ပါတယ်”ဟု RWN ဥက္ကဋ္ဌ ဒေါ်ညိုအေးကပြောသည်။

လက်ရှိတွင် အဆိုပါဆရာဝန်နှင့်ဇနီးအား မည်သို့အရေးယူဆောင်ရွက်ထားသည်ကို သက်ဆိုင်ဌာနနှင့် အာဏာပိုင်များဘက်က ထုတ်ဖော်ပြောဆိုခြင်းမရှိသေးပေ။ ပြည်နယ်ကျန်းမာရေးဌာနမှ အကြီးတန်း အရာရှိများကို ဆက်သွယ်ရာတွင်လည်း အဆိုပါကိစ္စအား ပြောဆိုရန်ငြင်းဆိုကြသည်။ လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ပျံ့နှံ့လာသည့်ရုံးစာရွက်အရ ၎င်းဆရာဝန်အား မေလ ၁၁ ရက်နေ့မှစတင်ကာ စစ်တွေဆေးရုံကြီးသို့ ပြန်လည်တာဝန်ချထားလိုက်သည်ဟု သိရသည်။

စစ်တွေဆေးရုံကြီးမှ လက်ထောက်ဆရာဝန်ဖြစ်သော၎င်းအား လုပ်ငန်းလိုအပ်ချက်အရ ဘူးသီးတောင်မြို့နယ်၊ စေတီတောင်တိုက်နယ်ဆေးရုံသို့ ၂၀၂၁ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့တွင် ယာယီတာဝန်ချထားပေးခြင်းဟု ဆိုသည်။

ယခုဖြစ်စဉ်ကိစ္စများနှင့်ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ရန် ကာယကံရှင်တို့နှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်အား ဆက်သွယ်ခဲ့ရာ ယင်းကိစ္စနှင့်မသက်ဆိုင်ကြောင်းဆိုကာ ဖုန်းချသွားခဲ့သည်။

သူနာပြုက “သူတို့ကို ဥပဒေအတိုင်း ထိထိရောက်ရောက်အရေးယူ ဆောင်ရွက်ပေးစေချင်ပါတယ်။ သူတို့နှစ်ယောက်ထောင်ကျရင် ကျမကျေနပ်ပြီ”ဟု ပြောဆိုလိုက်သည်။

(ကာယကံရှင်၏ဂုဏ်သိက္ခာနှင့် မိမိတို့ DMG ၏ကျင့်ဝတ်အရ သူနာပြုအမျိုးသမီး၏အမည်ကို ဖော်ပြနိုင်ခြင်းမရှိပါ။)

မျိုးချေ - ရေးသည်

ဗီဒီယိုများ